၁၉၈၈ ခုနှစ်မတိုင်မီကာလတွင် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ လူမှုအဖွဲ့အစည်းများတွင်
အာဇာနည်နေ့အခမ်းအနားများ ပြုလုပ်ကျင်းပပြီး မြန်မာ့အသံမှ ဥသြသံဆွဲခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန် အခါ၌ အာဇာနည်ကွင်းများ ထပ်မံတိုးချဲ့ခြင်း၊ ပြုပြင်ခြင်းများပြုလုပ်ရာတွင် အကြောင်းအမျိုးမျိုးပြ၍ ဟန့်တားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊
ယခုအခါ အာဇာနည်ကျောက်တိုင်ကို လက်ရှိလူငယ်လူရွယ်များနှင့် မြို့ခံ၊ ဒေသခံပြည်သူများရှိမှန်း မသိအောင် ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် (၁) အာဇာနည်နေ့အခမ်းအနားများကို လွတ်လပ်စွာ ကျင်းပခွင့်ပြုရန် အစီ အစဉ်ရှိ/မရှိ။ (၂) အာဇာနည်ကျောက်တိုင်နှင့် အာဇာနည်ကွင်းများကို လွတ်လွတ် လပ်လပ်ပြင်ဆင် တိုးချဲ့ခွင့် ပြုရန်အစီအစဉ် ရှိ/မရှိ။ (၃) ပွင့်ဖြူမြို့ပေါ်ရှိ အာဇာနည်ကျောက်တိုင်ကွင်း၏ ဘေးပတ်ရှာ လယ်မှ ဆိုင်ခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ ပိတ်ဆို့ဆောက်လုပ်ထားခြင်းကို ဖယ်ရှားပေးရန် အစီအစဉ်ရှိ/မရှိကို တို့ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ပေါ်ရှိ အာဇာနည်ကျောက်တိုင် တည်ရှိသည့် နေရာသည် အရှေ့ပိုင်းရပ်ကွက်၊ သန့်စင်လမ်းရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး နှင့် ၎င်းအသင်း၏ ကြီးကြပ်မှုဖြင့် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့သော မူလတန်းကြိုကျောင်း အဆောက်အဦနှစ်ခု၏ ကြားတွင် တည်ရှိပါကြောင်း၊ ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးအား ၁၉၅၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ၁၉၇၅ ခုနှစ် တွင် ပြိုကျပျက်စီးခဲ့သည့် အတွက် ၁၉၉၀ တွင် အသင်း၏ရန်ပုံငွေဖြင့် အခိုင်အမာ ပြန်လည်တည်ဆောက် ထားရှိခဲ့ပြီး အဆောက်အအုံ တည်ရှိရာ မြေဧက ဝ.၁၁၈ ဧကအား အသင်းပိုင်မြေနေရာအဖြစ် ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင် ၍ မြေငှားဂရန်လျှောက်ထားခဲ့ရာ ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း အမည်ဖြင့် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှ ၂၀၃၇ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့အထိ နှစ် ၃၀ မြေဂရန် ရရှိထားပါကြောင်း၊
ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ကွင်းအမှတ်(၉၀၅.C)၊ ဦးပိုင်အမှတ်(N-၉၆)၊ ဧရိယာဧက ဝ.၁၁၈ ဧကအား ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် အသင်းရန်ပုံငွေ တိုးတက်ရရှိစေရန်အတွက် အသင်းပိုင်မြေပေါ်ရှိ ရှေ့မျက်နှာစာတန်းတွင် ၁၂ x ၉ ပေ ရှိသော အုတ်ကာ၊ သွပ်မိုး၊ ကွန်ကရစ်ခင်း ဆိုင်ခန်း ခြောက်ခန်း ဆောက်လုပ်စေပြီး ငါးခန်းအား ပုဂ္ဂလိက ငါးဦးသို့ လစဉ်မြေငှားရမ်းခပေးသွင်းစေခဲ့ပြီး တစ်ခန်းအား အသင်းပိုင်အဖြစ်ထားရှိကာ ၎င်းဆိုင်ခန်းငှားရမ်းခ ငွေအား အသင်း၏ရန်ပုံငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားရှိ၍ လုပ်ငန်းလိုအပ်ချက်ရှိပါက အသင်း၏အစည်းအဝေးမှတ်တမ်းဖြင့် ထုတ်ယူသုံးစွဲပြီး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် မြေငှားဂရန်ရရှိပြီး အသင်း ရုံး အဆောက်အဦနှင့် ရှေ့မျက်နှာစာတန်းတွင် အသင်းရန်ပုံငွေ တိုးပွားစေရေးအတွက် ဆိုင်ခန်း ခြောက်ခန်းအား ခိုင်ခန့်စွာ တည်ဆောက်ထားရှိသည့်အတွက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းရုံးနှင့် အသင်းပိုင်ဆိုင်ခန်းများအား ဖျက်သိမ်းပေးရန် အစီအစဉ်မရှိပါကြောင်း၊
ပွင့်ဖြူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ကြီးကြပ်မှုဖြင့် တည်ဆောက်ခဲ့သည့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသည် ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် (၉၀၅.B)၊ ဦးပိုင်အမှတ် (N-97)၊ မြေကွက်အမှတ်(၃၀/၉၁)၊ ဧရိယာဧက(၁.၃၈၃)ဧကဖြစ်ပြီး မြို့နယ်မြေစာရင်းဦးစီးဌာန၏ ၁၉၄၆-၁၉၄၇ မြေပုံနှင့်စာရင်းအရ အစိုးရမြေလွတ်ဖြစ်ပြီး ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင် အသုံးပြုခဲ့ရာ ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် ရက်စွဲပါစာအမှတ် ၅၂၉/၀၁၉/၁၀၁/၈၃ အရ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စေတနာမူကြိုကျောင်း အဖြစ် အသိ အမှတ်ပြုပြီး မူလတန်းကြိုကျောင်းတွင် ကျောင်းသားကျောင်းသူများ လက်ခံ၍ ပညာသင်ကြားပေးခဲ့ပြီး ကျောင်းရန်ပုံငွေရရှိရေးနှင့် စာသင်ပေးသည့် ဆရာဆရာမများ၏ လစဉ်ထောက်ပံံ့စရိတ်အား ရေရှည် ကြာမြင့်စွာ ထောက်ပံ့ပေးနိုင်ရန်နှင့် ကျောင်းပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေရရှိ စေရေး အတွက် ၂၀၀၇ ခုနှစ်တွင် ကျောင်းရှေ့မျက်နှာစာ၌ အုတ်ကာ၊ သွပ်မိုး၊ ကွန်ကရစ်ခင်း၊ ၁၂ x ၉ ပေ ဆိုင်ခန်း ၁၀ ခန်း ဆောက်လုပ်ကာ ကိုးခန်းအား ပုဂ္ဂလိကပိုင်အဖြစ် သုံးစွဲ၍ ၎င်းတို့က မူလတန်းကြို ကျောင်းသို့ လစဉ်ငွေငှားရမ်းခ ပေးသွင်းစေပြီး တစ်ခန်းအား မူကြိုကျောင်းပိုင်အဖြစ်ထားရှိကာ ဆိုင်ခန်းငှားရမ်းခ ရန်ပုံငွေအား ကျောင်းဆရာဆရာမများ လစဉ်ထောက်ပံ့စရိတ်အတွက် လိုအပ်ငွေနှင့် ကျောင်းပြုပြင်ခြင်းအတွက် လိုအပ်ငွေများကို ကျောင်းကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သုံးစွဲဆောင်ရွက်လျက် ရှိပါကြောင်း၊
ယခုအခြေအနေတွင် မူလတန်းကြိုကျောင်း၌ ဆရာမသုံးဦး၊ အထွေထွေ တစ်ဦးမှ ကျောင်းသားကျောင်းသူ ၃၀ ဦးတို့အား ပညာသင်ကြားပေးလျက်ရှိရာ ပညာသင်ကြားနေ သော ဆရာမများအား လစဉ် ထောက်ပံ့ငွေပေးအပ်ရာတွင်လည်ကောင်း၊ ကျောင်းအဆောက်အဦနှင့် ပတ်သက်၍ ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင်လည်းကောင်း၊ ကလေးအားကစားကွင်းပစ္စည်းများ ဝယ်ယူရာတွင် လည်းကောင်း၊ ၎င်းဆိုင်ခန်းခ ငှားရမ်းရရှိငွေမှ ထုတ်နှုတ်အသုံးပြုနေရသည့်အပြင် ခိုင် ခန့်စွာတည် ဆောက်ထားရှိရေးအတွက် အဆောက်အဦမျာဖြစ်ခြင်း၊ မူလတန်းကြိုကျောင်းအနေဖြင့် ဖယ်ရှားပေးရ မည်ဆိုပါက ကျောင်းမြေနေရာအစားထိုးပေးအပ်လျက် ကျောင်းပြန်ဆောက်ပေးရန် လိုအပ်ပြီး မျက်နှာ စာရှိ ဆိုင်ခန်းများအတွက်ပါ မြေနေရာအစားထိုးပြန်လည်ပေးအပ်ရမည်ဖြစ်၍ ယခုအချိန်တွင် ဖျက်သိမ်း ပေးရန် အခက်အခဲ ရှိပါကြောင်း၊
မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မကွေးမြို့မှ ၂၀၁၄ ခုနှစ်၊ မေလ ၂၇ ရက် ရက်စွဲပါစာအမှတ်၊ စမရ/၀၀၁/၃၄/ဆိုင်ခန်း/၂၀၁၄-၂၀၁၅/၂၆၀၁ ဖြင့် မကွေးတိုင်းဒေသကြီး၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းပိုင် စာတိုက်များရှိ ဖွင့်လှစ်နေသော ဆိုင်ခန်းများအား ၂၀၁၄ ခုနှစ် ဧပြီလတွင် နောက်ဆုံးထား၍ ဖျက်သိမ်းရန်အကြောင်းကြားထားရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ ချောက် စာတိုက်နှင့် ပခုက္ကူစာတိုက်များရှိ ဆိုင်ခန်းများမှာ ၂၀၁၄ ခုနှစ် ဧပြီလတွင် ဖျက်သိမ်းပြီးဖြစ်သော် လည်း ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူစာတိုက်ရှိ ဖွင့်လှစ်လျက်ရှိသည့် ဆိုင်ခန်း ၂၃ ခန်းမှာ ဆက်လက်အသုံးပြု နေဆဲဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်း၊ မကွေးမြို့မှ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ ရက်စွဲပါ စာအမှတ်၊ မစတ/ထပ/၇၃/၂၀၁၆-၂၀၁၇/၄၂၁ ဖြင့် မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)နေပြည်တော်သို့ တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ပွင့်ဖြူမြို့အရှေ့ပိုင်းရပ်ကွက်ရှိ ယခင်အာဇာနည်ကျောက်တိုင် တည်ရှိရာ နေရာသည် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ဂရန်မြေဖြစ်ခြင်း၊ မူလတန်းကြို ကျောင်းဆောက် လုပ်ထားခြင်း၊ ဆောက်လုပ်ထားသည့်ဆိုင်ခန်းများသည်လည်း အသင်းရန်ပုံငွေရရှိ ခြင်း၊ မူလတန်းကြို ကျောင်းဆရာမများအတွက် လစဉ်ထောက်ပံ့ငွေ ပေးအပ်နိုင်ရေးအတွက်ဖြစ်ပါ၍ လတ်တလော အခြေအနေတွင် ဆိုင်ခန်းများအာ ဖျက်သိမ်းပေးရန်အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးထွန်းထွန်း(ပွင့်ဖြူ) က ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာတွင် အာဇာနည်နေ့ အခမ်းအနားများကို လွတ်လပ်စွာကျင်းပခွင့်ရှိ/မရှိ၊ ကိုကောင်းစွာသိရှိလိုပါကြောင်း၊ ယခုဆောက်လုပ်သောဆိုင်ခန်းများမှာ ဆိုင်ခန်းတစ်ခန်းသာ မိခင်နှင့် ကလေးစောင့်ရှောက်ရေး ရန်ပုံငွေသာရရှိပါကြောင်းနှင့် ကျန်ဆိုင်ခန်းများသည် မိခင်နှင့်ကလေး၊ ယခင်ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ် စားလှယ်ဟောင်းများ၏ဆိုင်ခန်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်တွင်ရှိသော ကျောင်းသူကျောင်း သားများ၊ အများပြည်သူများလွတ်လပ်စွာ ဂါရဝပြုနိုင်ရန် နေ့ကလေးထိန်းကျောင်းနှင့် အပြင်မှပုဂ္ဂလိက ဆိုင်ခန်းများ ဖယ်ရှားပေးပါရန် မေးမြန်းပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
မိမိတို့ဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး ပြန်လည် ယခုမေးခွန်းပေါ် ပြန်လည် စဉ်းစားဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
