မေးခွန်း အကြောင်းအရာ
စံချိန်စံညွှန်းနှင့်မပြည့်မီသော အရက်များကို ထုတ်လုပ်ရောင်းချခြင်းကို နိုင်ငံအနှံ့အပြားတွင် တွေ့ရှိနေရပါကြောင်း၊အချို့သောအရက်ချက်စက်ရုံများသည် လူနေထူထပ်သောနေရာများ၊ ရပ်ကွက် များ၊ မြို့နယ်များတွင် မသမာသောနည်းလမ်းများဖြင့် နည်းမျိုးစုံအသုံးပြုပြီး ထုတ်လုပ်နေကြသည် ကိုလည်း တွေ့ရှိရပါကြောင်း၊အခြားတိုင်းပြည်များတွင် အရက်ကို အလွယ်တကူဝယ်ယူ၍မရအောင် နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးခြင်း၊ ဈေးနှုန်းမြင့်အောင် အခွန်အကောက်များ မြှင့်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ပါကြောင်း၊မိမိတို့နိုင်ငံတွင် ၁၈ နှစ်မပြည့်သေးသော လူငယ်များကို ရောင်းချနေသည့် အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်သင့်ပါကြောင်း၊BE ကဲ့သို့သော အဆီများကို ဈေးကွက်အတွင်း လက်လီလက်ကား ရောင်းချနေပြီး အချို့သော လိုင်စင်ရအရက်ဆိုင်များတွင် အဆီလိုက်ရောင်း ချခြင်းများ ပြုလုပ်နေကြပါကြောင်း၊BE ကဲ့သို့သော အရက်ဆီမျိုးကို ဈေးနှုန်းချိုသာစွာ အလွယ်တကူဝယ်ယူရရှိပြီး ရေနှင့်ချက်ချင်းရောစပ် သောက်သုံးခြင်းကြောင့် သက်တမ်းစေ့ မနေရခြင်း၊အမှန် ကရေချက်အေးနှင့် ရောစပ်ပြီး ၇၂ နာရီကြာထားပြီးမှ သောက်ရမည့်အစား ချက်ချင်းသောက်သုံးခြင်း တို့ကြောင့် သောက်သုံးသူအများစု သေဆုံးနေရခြင်းဖြစ် ပါကြောင်း၊ ပြဿနာဖြစ် ရခြင်း အဓိက အကြောင်းရင်းမှာ ပညာဗဟုသုတနည်းပါးခြင်း၊ စီးပွားရေးအဆင်မပြေခြင်းတို့အပြင် အလွယ်တကူရရှိပြီး ဈေးနှုန်းချိုသာသော အရက်များကို မူးလျှင်ပြီးရော သောက် သုံးခြင်း တို့ဖြစ် ပါကြောင်း။
မြန်မာနိုင်ငံသည် အသည်းကင်ဆာ ဖြစ်ခြင်းမှာ ကမ္ဘာမှာဒုတိယနေရာတွင် ရောက်နေပြီဖြစ်ပါကြောင်း၊ ရာဇဝတ်မှုများလည်း ပိုမိုများပြားနေပါကြောင်း၊ အိန္ဒိယနိုင်ငံတွင် အရက်သေစာကို ဖွဲ့စည်းပုံ Policy ဖြစ်ပြီး အခြေခံဥပဒေတွင် ထည့်သွင်းရေးသားထားပါကြောင်း၊ အပိုဒ် ၄၇ တွင် လူနေမှုအဆင့်အတန်းနှင့် အာဟာရမြှင့်တင်ပေးရန်မှာ နိုင်ငံတော်၏ မူလတာဝန်ဖြစ်သည့် ဆေးဝါးအလို့ငှာ သုံးသူမှလွဲ၍ ကျန်းမာရေးကို ထိခိုက်စေနိုင်သော မူးယစ်စေသည့် ဆေးဝါးနှင့်အရက်များအား နိုင်ငံတော်က တားမြစ်ရမည်ဟု ရေးသားထားသည်ကို တွေ့ရှိရပါကြောင်း၊ မိမိနိုင်ငံ၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခန်း (၁) ပုဒ်မ ၂၈ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးကို တိုးတက်စေရန်အတွက် အလေးထားဆောင်ရွက်ရမည်ဟု ပါရှိပါကြောင်း၊ သို့သော်လည်း ယနေ့အချိန်ထိ အခြားသော တိုင်းပြည်များတွင် အရက်နှင့်ပတ်သက်ပြီး စနစ်တကျဥပဒေများ ရေးဆွဲကန့်သတ်ခြင်း၊ အခွန်မြှင့်တင်ကောက်ခြင်းတို့ဖြင့် ဝယ်ယူသုံးစွဲရန် မလွယ်ကူအောင်ပြုလုပ် နေသော်လည်း မိမိတို့တိုင်းပြည်တွင် လိုသလောက်အလွယ်တကူ ဝယ်ယူရရှိနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ စံချိန်စံညွှန်းနှင့် မပြည့်မီသောအရက်များ ထုတ်လုပ်ရောင်းချခြင်းနှင့် တရားမဝင်အရက်ဆိုင်များ၊ ထန်းရည်ဆိုင်များကို စနစ်တကျဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် စံချိန်စံညွှန်းနှင့် မပြည့်မီသည့်အရက်များ ထုတ်လုပ်ရောင်းချခြင်းနှင့် တရားမဝင်အရက်ဆိုင်၊ ထန်းရည်ဆိုင်များကို အရေးယူဆောင် ရွက်နိုင်ရန် အတွက် ၁၉၁၇ ခုနှစ် မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေ၊ ၁၉၂၈ ခုနှစ် မြန်မာနိုင်ငံယစ်မျိုး နည်းဥပဒေများ၊ ၁၉၂၉ ခုနှစ် ယစ်မျိုးညွှန်ကြားချက်များ၊ ၁၉၁၇ ခုနှစ် ယစ်မျိုးအက်ဥပဒေအရ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာများနှင့် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေတို့ကို ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်လျက်ပါကြောင်း၊ ထို့အပြင် ယစ်မျိုးဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများဖြစ်သည့် ယစ်မျိုးလိုင်စင် ချထားပေးခြင်း၊ ယစ်မျိုးလေလံလိုင်စင်များရောင်းချခြင်း၊ ယစ်မျိုးခွန်များ ပြေလည်စွာ ကောက်ခံရရှိရေး ဆောင်ရွက်ခြင်း၊ ယစ်မျိုးလိုင်စင်များ စနစ်တကျရှိစေရေးအတွက် ယစ်မျိုးလုပ်ငန်းများ စစ်ဆေးခြင်း၊ စည်းကမ်းပျက်ယစ်မျိုးလိုင်စင်များ ပိတ်သိမ်းအရေးယူခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထုတ်လုပ်ဖြန့်ဖြူးသည့် အရက်၊ ဘီယာ၊ ဝိုင်များကို အရည်အသွေးမီ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် အများပြည်သူများ သောက်သုံးရန်မသင့်သော ဓာတုဗေဒ ပစ္စည်းများပါဝင်ခြင်းရှိ/မရှိ စစ်ဆေးမှုကို ပြည်ထဲရေးဝန်ကြီးဌာန ဓာတုဗေဒရုံးမှလည်းကောင်း၊ အရက်ချက်စက်ရုံများ၏ ထုတ်လုပ်မှုနည်းစနစ်ကို စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ လည်းကောင်း၊လိုင်စင်ဖြင့်ထုတ်လုပ်သည့် အရက်၊ ဘီယာ၊ ဝိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှလည်းကောင်း စစ်ဆေး ကြပ်မတ်လျက်ရှိပါကြောင်း၊ အရက်ချက်လုပ်သူ၊ ထုတ်လုပ်သူ၊ ယစ်မျိုးလိုင်စင်ဆီများကို စစ်ဆေးမှု ခံယူရန်အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများ သို့လည်း ၁၉-၅-၂၀၁၆ ရက်နေ့တွင် ထပ်မံညွှန်ကြားထားရှိခဲ့ပြီး တရားမဝင်လိုင်စင်မဲ့ အရက်ဆိုင်နှင့် ထန်းရည်ဆိုင်များကို ဥပဒေနှင့်အညီ စစ်ဆေးဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။
ယစ်မျိုးဆိုင်ရာစီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝရရှိစေရန် လိုင်စင်မဲ့ဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ စနစ်တကျအရေးယူ ဆောင်ရွက် စေရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံ ရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့များကို ဖွဲ့စည်းပြီး စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ အရေးယူ ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၁၄ ခုနှစ်တွင် ယစ်မျိုးအမှုပေါင်း ၁၇၆၈၇ မှု၊ ၂၀၁၅ ခုနှစ်တွင် ၁၉၃၈၉ မှု၊ ၃၀-၉-၂၀၁၆ ရက်နေ့အထိ ၆၈၆၄ မှု ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးများအနေဖြင့်လည်း ယစ်မျိုးခွန်များ အပြည့်အဝကောက်ခံရရှိစေရေး၊ ယစ်မျိုးလိုင်စင် စည်းကမ်းများနှင့်အညီ ရောင်းချရေး၊ လိုင်စင်မဲ့ရောင်းချမှုများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရေးတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယစ်မျိုးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ တရားရုံးအဆင့်ဆင့်မှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အရက်၊ ဘီယာ၊ ဝိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စံချိန်စံညွှန်းမပြည့်မီသော၊ အန္တရာယ်ဖြစ်စေနိုင်သည့် အရက်၊ ဘီယာ၊ ဝိုင်များထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းမရှိစေရေးအတွက် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အနေဖြင့် အဆင့်ဆင့်စစ်ဆေး ထောက်ခံချက်များရရှိမှသာ အရက်ချက်စက်ရုံများ နှစ်စဉ်သက်တမ်းတိုး ခွင့်ပြုထားခြင်းကြောင့် သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ အနေဖြင့်လည်း ဓာတုဗေဒရုံးနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့တွင် စစ်ဆေးမှု ခံယူစေပြီး ထောက်ခံချက်ရရှိမှသာ သက်ဆိုင်ရာယစ်မျိုး လိုင်စင်များကို သက်တမ်းတိုး ခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့် တရားမဝင်ယစ်မျိုး ပစ္စည်းရောင်းချမှုများကို ဖမ်းဆီးဆောင်ရွက်ခြင်းကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုနှင့် ယစ်မျိုးလိုင်စင်ခွန် တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့ (Task Force) များ ဖွဲ့စည်းစစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးထွန်းထွန်း(ပွင့်ဖြူမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ယခု မိမိတစ်ဆက်တစ်စပ်တည်း မေးမြန်းလိုသည်မှာ အသက် ၁၈ နှစ်အောက်မပြည့်သေးသည့် ကလေးသူငယ်များကို ရောင်းချခြင်းနှင့် ဈေးကွက်တွင် BE ကို အဆီလိုက်ရောင်းချနေခြင်းတို့ကို မည်ကဲ့သို့ ဆက်လက် အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ယစ်မျိုးပြင်ဆင်သည့် ဥပဒေမှာလည်း အထက်ပါအချက်များအတိုင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊အသက် ၁၈ နှစ်မပြည့်သေးသည့် သူများကို အရက်ရောင်းချခွင့် လုပ်ငန်းလုပ်ဆောင်မှုများနှင့် တရားမဝင် ဆိုင်ဖွင့် လှစ်ရောင်းချမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရက မြို့နယ်၊ ခရိုင်အဆင့်အထိ အဆင့်ဆင့်ဖွဲ့စည်းထားသည့် စိစစ်ကြပ်မတ်ရေးအဖွဲ့ (Task Force)များ အနေဖြင့်လည်း ၎င်း ကိစ္စများကို အလေးအနက်ထား စစ်ဆေးကြပ်မတ်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ထားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
