မေးခွန်း အကြောင်းအရာ
၂၀၁၆ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် ဝန်းသိုမြို့နယ် ဧရာဝတီမြစ်ကမ်းရေကာတာကြီး ကျိုးပေါက်ပြီး ပဲခူးအနောက်ခြမ်း၊ ဧရာဝတီအရှေ့ခြမ်း ဇလွန်မြို့နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးက တိုက်ကြီးမြို့နယ်၊ မြို့နယ်ငါးမြို့နယ်တွင် ရေကြီးနစ်မြှုပ်ခဲ့ပါကြောင်း၊ ရေကျသွား ပြီးသည့်အချိန်တွင် တောင်သူလယ်သမားများ အမြန်ဆုံးစိုက်ပျိုးနိုင်ရန် သက်တမ်းတိုမျိုး စပါးများ ရရှိအောင် မြို့နယ်စိုက်ပျိုးရေးအရာရှိ၊ မြေစာရင်းအရာရှိများနှင့် ရေနစ်မြုပ်သည့် မြေဧကများနှင့် လိုအပ်သည့်မျိုးများနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းရန် တင်ခဲ့ ပါကြောင်း၊ သို့သော် မေးခွန်း တင်သွင်းသည့် အချိန်မှ နှစ်လခန့်ကြာမှသာ မေးမြန်းခွင့်ခဲ့ရပြီး အစိုးရအနေဖြင့်လည်း အဆိုပါကိစ္စရပ်များကို ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့်အတွက် ထပ်မံမေးမြန်းရန်မလိုအပ်တော့ပါကြောင်းနှင့် အဆိုပါ မေးခွန်းနှင့် စပ်လျဉ်းသော ဆက်စပ်မေးခွန်းတစ်ခုကို မေးမြန်းရန် ပေါ်ပေါက်လာပါကြောင်း။
ယခင်နှစ်ကလည်း ထိုသို့ တာကျိုးခြင်းကြောင့် လက်ပံတန်း မြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်၊ ဇလွန်အရှေ့ဘက်ကမ်းမြို့နယ်၊ ဇလွန် မြို့နယ်၊ တိုက်ကြီးမြို့နယ်များတွင် အလားတူ ရေနစ်မြှုပ်ခဲ့ပါကြောင်း၊ ထိုသို့ရေကြီးနစ်မြုပ်မှုကို လေ့လာကြည့်ရာတွင် တာများကို အဆင့်မြှင့်တင်ခြင်းမပြုဘဲ ကျိုးပေါက်သည့်နေရာများကိုသာ ပြန်လည်ပြုပြင်ခြင်းများကြောင့် နောက်တစ်နေရာမှ တာများ ထပ်မံကျိုးပေါက်ခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ထို့ကြောင့် အမှန်အရေးကြီးသည့် မြစ်ကြမ်းပြင်မြှင့်တက်လာသည့်ကို ကာမိ ရန်နှင့် မြစ်ရေကြီးမှုကို ကာမိရန်အတွက် တာတမံများ ကို အောက်ခြေခိုင်မာစွာ အဆင့်မြှင်တင်ရန် လိုအပ်နေခြင်းကြောင့် အဆိုပါ ကိစ္စရပ်များကို အစိုးရအနေဖြင့် ဆက်လက်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အဆိုပါမေးခွန်းအပေါ် သုံးသပ်ပြောကြားရာတွင်
ယခင်က ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့သည့်မေးခွန်းသည် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေကြီးနစ်မြှုပ်သည့်ဒေသရှိ ပြည်သူများ၏ လူနေမှုဘဝပြန်လည်ထူထောင်ရေးအတွက် သက်တမ်းတိုမျိုးစပါးများ အမြန်ဆုံးဖြန့်ဝေပေးရန် မေးခွန်းဖြစ်ပါကြောင်း၊ ယခုမေးခွန်းသည် တာများကျိုးပေါက်ခြင်းကြောင့် ရေကြီးနစ်မြှုပ်သည့် မေးခွန်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မျိုးစပါးများကို အခမဲ့ တစ်နိုင်ငံလုံး ဖြန့်ဝေပြီးဖြစ်သည့်အတွက် သက်တမ်းတိုမျိုးစပါး အမြန်ဆုံးဖြန့်ဝေပေးခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကိုသာတိုတိုနှင့်လိုရင်းဖြေပေးရန်ဖြစ်ပြီး တာများကျိုးပေါက်ခြင်းကြောင့်ရေကြီး နစ်မြှုပ်သည့် မေးခွန်းကို ဖြေရန် မလိုအပ်ပါကြောင်း ပြောကြားပါသည်။
မိမိတို့အနေဖြင့် ရေကျသွားပြီး ကာလတွင် စပါးမျိုးများကို အခမဲ့ဖြန့်ဝေ စိုက်ပျိုးစေခဲ့ရာ ယခုအချိန်တွင် ဆက်လက် စိုက်ပျိုးနေသည့် အနေအထားတွင် ရှိသည့်အတွက် မိမိအနေဖြင့် အဆိုပါလုပ်ငန်းကို ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ခြင်းကြောင့် ထပ်မံဆွေးနွေးတင်ပြရန် မရှိပါဟု ယူဆပါကြောင်း ပြန်လည်ဖြေကြားပါသည်။
