မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေတောင်သူများဖြစ်ပြီး စိုက်ပျိုးရေးကို အခြေခံဆောင်ရွက်သည့် နိုင်ငံဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ သီးနှံစိုက်ပျိုးမှု ဧကများကို အကြမ်းဖျင်းကြည့်မည် ဆိုပါက မိုးစပါး၊ နွေစပါး စုစုပေါင်း ၁၇.၇၅ သန်းနှင့် ပဲမျိုးစုံ ၁၁.၄ သန်းနှင့် စက်မှုသီးနှံ၊ အခြားသီးနှံ ၁၂.၃ သန်း စိုက်ပျိုးဧကပေါင်း ၃၂.၅ သန်းလောက် စိုက်ပျိုးသည့် နိုင်ငံဖြစ်ပါကြောင်း၊၎င်း စိုက်ပျိုးသီးနှံ များ အောင်မြင်ဖြစ်ထွန်းရန်အတွက် တောင်သူများ အနေဖြင့် ဓာတ်မြေသြဇာများ သုံးစွဲကြရ ပါကြောင်း၊ ယခုလိုသုံးစွဲသည့်နေရာတွင် ယေဘုယျအားဖြင့် စပါးတစ်ဧကကို ယူးရီးယား ၁.၁ အိတ်ခွဲခန့် သုံးစွဲ ရခြင်းဖြစ်သည့်အတွက် စိုက်ပျိုး မြေဧကများအပေါ် တွက်ချက်မည်ဆိုပါက တစ်နှစ်ကို ၁.၃၃ တန်ချိန် သန်းပေါင်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အတူ ယာသီးနှံများ တစ်ဧကကို အိတ်ဝက်နှုန်းဖြင့် သုံးမည်ဆိုပါက စိုက်ပျိုး ဧကအပေါ်တွင် တန်သန်းပေါင်း ဝ.၈၁ သန်းခန့်ထိ သုံးရခြင်းဖြစ်သည့်အပြင် တစ်နှစ်ကို ယူးရီးယား ဓာတ်မြေသြဇာပေါင်း ၂.၁၄ တန်ခန့် သုံးစွဲနေရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ဓာတ်မြေသြဇာ စက်ရုံများဖြစ်သည့် ကျွန်းကျောင်း၊စက်လှေ၊ ကျော်စွာ၊ မြောင်းဒကာနှင့်ပုသိမ် ဓာတ်မြေသြဇာများအား စက်ရုံများ လည်ပတ်ပြီး ယူးရီးယား ဓာတ်မြေသြဇာများကို တောင်သူများအား ဖြန့်ဖြူးပေးခဲ့သည့် အတွက်ကြောင့် ဈေးနှုန်း ချိုသာပြီး အရည်အသွေးပြည့်မီသည့် ယူးရီးယား ဓာတ်မြေသြဇာကို အသုံးပြုပြီး တောင်သူများ အကျိုးရှိခဲ့ကြပါကြောင်း၊ မကွေးတိုင်းဒေ သကြီးရှိ အမှတ် (၃) ဓာတ်မြေသြဇာ စက်ရုံ(ကျော်စွာ)သည် ၇-၉-၂၀၁၀ ရက်နေ့ ၉ နာရီအချိန်တွင် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းပေါက်ခြင်းကို ပြုပြင်ရန် ရုံးချုပ်မှ ညွှန်ကြားချက်အရ စက်ရုံကို ရပ်ဆိုင်းခဲ့ခြင်းကြောင့် ခြောက်နှစ်ကျော် သွားပြီဖြစ်ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနက အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံ ကို Joint Venture လုပ်ရန်အတွက် ပြည်တွင်းပြည်ပကုမ္ပဏီများကို အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် (Letter Of Expression Of Interest - LOEI) ဖိတ်ခေါ်ခဲ့ရာတွင် ၂၃-၃-၂၀၁၅ ရက်နေ့အထိ LOEI တင်သွင်းသည့် ပြည်တွင်းကုမ္ပဏီသုံးခု၊ မြန်မာ-ဒိန်းမတ်ဖက်စပ်ကုမ္ပဏီတစ်ခု၊ မြန်မာ-ဂျာမနီဖက်စပ်ကုမ္ပဏီတစ်ခုနှင့် ဂျပန်ကုမ္ပဏီသုံးခုတို့က LOEI တင်သွင်းထား ပါကြောင်း၊ သို့သော်လည်း ယနေ့ထိ ၎င်းစက်ရုံသည် လည်ပတ်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ အစိုးရစက်ရုံထုတ် ယူရီးယားဓာတ်မြေသြဇာများသည် ယခင်ကတည်းက ဦးဆောင်အမှတ်တံဆိပ်အဖြစ် တောင်သူများက လက်ခံသုံးစွဲခဲ့သည့် အရည် အသွေးပြည့်မီ ဈေးနှုန်းမှန်သည့် ထုတ်ကုန်များလည်း ဖြစ်ပါကြောင်း၊ ၎င်းစက်ရုံကြီးကို ပြန်လည်လည်ပတ်နိုင်မည်ဆိုပါက မိမိတို့ နိုင်ငံတော်အတွက် အကျိုးရှိမည်ဖြစ်သည့်အတွက် အောင်လံမြို့နယ်အတွင်းရှိ နိုင်ငံပိုင်အမှတ်(၃) ဓာတ်မြေသြဇာ စက်ရုံ (ကျော်စွာ) အား ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ တစ်ရက်လျှင် ယူးရီးယားဓာတ်မြေသြဇာ မက်ထရစ်တန် ၆၀၀ ထုတ်လုပ်နိုင်သော အမှတ်(၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ) ကို Germany နိုင်ငံ UHDE ကုမ္ပဏီက တည်ဆောက်ခဲ့ပြီး ၁၉၈၅ ခုနှစ် ဇူလိုင်လတွင် စတင်လည်ပတ်ခဲ့ပါကြောင်း၊ စက်ရုံအတွက်လိုအပ်သော သဘာဝဓာတ်ငွေ့ ကုန်ကြမ်းကို ပြည်တောင်တန်း ရေနံမြေနှင့် အဖျောက် သဘာဝဓာတ်ငွေ့မြေတို့မှ ရယူပြီးဆောင် ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဓာတ်ငွေ့ပမာဏ တစ်ရက်လျှင် ကုဗပေ ၁၁.၅ သန်းခန့် အသုံးပြုခဲ့ရပါကြောင်း၊ ၂၀၁၀ ခုနှစ် စက်တင်ဘာလအထိ စက်ရုံလည်ပတ်ခဲ့ပြီး တစ်နေ့လျှင် ယူးရီးယားဓာတ်မြေသြဇာ မက်ထရစ်တန် ၄၅၀ ခန့် ထုတ်လုပ် နိုင်ခဲ့ပါကြောင်း၊သို့ရာတွင် ပြည်တောင်တန်းရေနံမြေနှင့် အဖျောက်သဘာဝဓာတ်ငွေ့မြေမှ ကုန်းတွင်းဓာတ်ငွေ့ထွက်ရှိမှု ကျဆင်းသွားသည့်အတွက်ကြောင့် နိုင်ငံ၏အခြားသဘာဝဓာတ်ငွေ့ လိုအပ်ချက်နှင့်ခွဲဝေသုံးစွဲရေး အစီအစဉ် အရ စက်ရုံအား ယာယီရပ်ဆိုင်းထားခဲ့ရခြင်းဖြစ်ပါကြောင်း၊
နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးမူဝါဒနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်ငန်းများ အစီအစဉ်အရ နိုင်ငံပိုင် အချိုးအစားကို လျှော့ချ၍ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးကို ရည်ရွယ်ပြီး အဆိုပါစက်ရုံအား အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရန် ယူးရီးယားဓာတ်မြေသြဇာ ထုတ်လုပ်၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအတွေ့အကြုံရှိသော ပြည်တွင်း/ပြည်ပ ကုမ္ပဏီများ၏ စိတ်ဝင်စားမှု အဆိုပြုလွှာ (Letter Of Expression Of Interest) အား ၁၇-၃ -၂၀၁၅ ရက်နေ့ နိုင်ငံပိုင် သတင်းစာများနှင့် စွမ်းအင်ဝန်ကြီးဌာန Website တို့တွင် ဖိတ်ခေါ်ခဲ့ပါကြောင်း၊ အဆိုပါဖိတ်ခေါ်မှုကို Japan နိုင်ငံမှ Chiyoda Corporation၊ ITOCHU Corporation၊ Sojitz Corporation၊ Germany နိုင်ငံမှ Eurochem Agro GmbH နှင့် Myanma Awba Group၊ Denmark နိုင်ငံမှ Haldor Topsoe နှင့် My Associates Co.,Ltd /Auspicious Millennium Trading Group Co.,Ltd၊ မြန်မာကုမ္ပဏီများဖြစ်သော Capital Diamond Star Group၊ Parami Energy Services Co.,Ltd နှင့် UMGv Co.,Ltd စုစုပေါင်းကုမ္ပဏီ ရှစ်ခုမှ LOEI တင်သွင်းခဲ့သော်လည်း သဘာဝ ဓာတ်ငွေ့ဖြည့်ဆည်းနိုင်မှု အခြေအနေအရ LOEI ခေါ်ယူသည့် အဆင့်ထိသာ ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း၊
ယခုအခါ ကျော်စွာဓတ်မြေသြဇာစက်ရုံအပါအဝင် ပြည်ဒေသတစ်ဝိုက်ရှိ စက်ရုံများသို့ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အရှေ့တောင်အာရှသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၇၉.၇၅ သန်း ကုန်ကျမည့် မကွေး-ရွှေတောင် ၁၁၉ မိုင်ရှည်လျားသည့် ၁၄ လက်မပိုက်လိုင်းအား ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေဖြင့်လည်းကောင်း၊ Japan ODA Loans ဖြင့်လည်းကောင်း၊ အဆင့်မြှင့်အစားထိုး လဲလှယ်ရန် စီစဉ်ခဲ့ရာ မရရှိခဲ့သည့် အတွက်ကြောင့် Korea EXIM Bank (KEDCF) ထံမှ အထူးသက်သာသော အတိုးနှုန်းဖြင့် ချေးငွေရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
အဆိုပါ ပိုက်လိုင်း ဆက်သွယ် ဆောင်ရွက်ပြီးသည့် ကာလတွင် အမှတ် (၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ) အား ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံတကာ တင်ဒါခေါ်ယူ ၍ ပြန်လည် လည်ပတ်ထုတ်လုပ်ရေးကို စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် ဓာတ်မြေသြဇာစက်ရုံများမှ ထုတ်လုပ်သော ယူးရီးယားဓာတ်မြေသြဇာများအား တောင်သူလယ်သမားများ လက်ဝယ်သို့ အဆင့်အနည်းဆုံးဖြင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးများပြုလုပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
