မေးခွန်း အကြောင်းအရာ
ပြင်စာကျေးလက်ကျန်းမာရေးဌာနသည် ဧရိယာ ၅၀၀ Square mile ရှိပြီး ဖွဲ့စည်းပုံအရ ကျန်းမာရေးမှူး (၁) ဦး၊ Lady Health Visitor အမျိုးသမီးကျန်းမာရေးဆရာမ (၁) ဦး၊ Grade-2 (၆) ဦး၊ Mid Wife (၆) ဦးရှိသော်လည်း Grade-2 (၂) ဦးသာ ရှိပါကြောင်း၊ ပြင်စာမှ အနီးစခန်း ဈေးကုန်း Sub Centre အထိ ၉ မိုင်ခန့် ဝေးပါကြောင်း၊ ပြင်စာမှ ခြောက်ထပ်ကွေ့၊ ကိုးထပ်ကွေ့ ဆင်းပြီး အုန်းကျောရွာကိုဖြတ်၍ ဒုဋ္ဌဝတီမြစ်ရိုးတစ်လျှောက် မိုင် ၂၀ ခန့် ထပ်မံကွာဝေးသည့် ဂွေးပင်ကျေးရွာ (Sub Centre) ဆိုသော ရဲရွာရေအားလျှပ်စစ်စီမံကိန်းအနီးရှိ သဗျူရွာအထိ တာဝန်ယူဆောင်ရွက်ရပါကြောင်း၊ အရှေ့နှင့် အနောက် ၁၃ မိုင်ခန့် ကျယ်ဝန်းသည့်အတွက်လည်း ပြင်ဦးလွင်မြို့နယ်ရှိ ပြင်စာကျေးလက်ကျန်းမာရေးဌာနသည် လူဦးရေ ၄၀၀၀၀ ခန့်ကို တာဝန်ယူနေရ ပါကြောင်း။
ဇီးပင်ကြီးတွင် ဆေးရုံရှိသော်လည်း ဇီးပင်ကြီးဆေးရုံသည် ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ရဲသင်တန်း ကျောင်းနှင့် မီးသတ်သင်တန်းကျောင်းဆိုပြီး အဓိကထား ဖွင့်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဇီးပင်ကြီး ကျေးရွာရှိ ဆေးရုံကိုသွားမည်ဆိုပါက ခြောက်ထပ်ကွေ့ကိုဆင်းပြီး နောက်ထပ် နှစ်မိုင် ခန့်သွားရောက်ပါမှ ဆေးရုံ ကို ရောက်ရှိ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင်မြို့နယ်ရှိ ပြင်စာ ကျေးလက်ကျန်းမာရေးဌာန (RHC) ကို တိုက်နယ်ဆေးရုံအဆင့်သို့ မြှင့်တင်ပေး ရန်နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (အောင်ချမ်းသာ)ကို RHC အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် လူဦးရေ ၂၅၀၀၀၀ ကျော်နေထိုင်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ခုတင် ၃၀၀ ခန့် ပြည်သူ့ဆေး ရုံကြီးတစ်ရုံ၊ ဇီးပင်ကြီးခုတင် ၅၀ ဆံ့ ဆေးရုံတစ်ရုံနှင့် ဝက်ဝံတိုက်နယ်ဆေးရုံ စုစုပေါင်း ဆေးရုံသုံးရုံဖွင့်လှစ်ထားပါကြောင်း၊ ပြင်စာကျေးလက် ကျန်းမာရေး ဌာနပိုင်နယ်မြေတွင် ကျေးရွာပေါင်း ၄၆ ရွာ၊ အိမ်ခြေ ၈၄၇၆ အိမ်၊ လူဦးရေ ၃၆၇၆၃ ဦး ရှိပါကြောင်း၊ ပြင်စာကျေးလက် ကျန်းမာရေး ဌာနသည် ပြင်ဦးလွင်ဆေးရုံကြီးနှင့် ၁၆ မိုင်ခန့်အကွာ၊ ဇီးပင်ကြီး ခုတင် ၅၀ ဆံ့ဆေးရုံနှင့် ၅ မိုင်ခန့်အကွာတွင် ရှိပါကြောင်း၊ ထို့အပြင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က မိမိကိုယ်တိုင်ရောက်ရှိခဲ့ပြီး Rural Health Centre ရှိ စာရင်းဇယားများနှင့် ဝန်ထမ်းအင်အားကိုလည်း စစ်ဆေးကြည့်ရှုခဲ့ရာတွင် ၁၆ ခုတင်ဆံ့ အဆင့်တိုးမြှင့်ပေးရန် လိုအပ်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ထိုဆေးရုံရှိ Immunization Coverage နှင့် ကိုယ်ဝန်ဆောင်များ မမွေးဖွားမီ ဆောင်ရွက်ရာမည့် ကိစ္စရပ်များကို ပီပြင်စွာ ဆောင်ရွက်ထားသည်ကို တွေ့ရပါကြောင်း၊ ထို့အပြင် ဆေးရုံရှိ Rural Health Centre တွင်လုပ်သော စာရင်းဇယားကအစ ကောင်းမွန်သည်ကို တွေ့ရပါကြောင်း၊ Rural Health Centre သည် ကောင်းမွန်စွာ လည်ပတ်နေသည်ကိုလည်း တွေ့ရပါကြောင်း၊ သို့သော် Rural Health Centre ၏ Coverage Centre သည် အလွန်ကျယ်ပါကြောင်း၊ မိမိတို့က ကိုယ်စားလှယ်တော်ကြီး ဒေါက်တာအောင်ခင်နှင့် ဆွေးနွေး ရာတွင် အောင်ချမ်းသာ ကျေးလက်ကျန်းမာရေးဌာနခွဲသည် ကျေးရွာပေါင်း ၁၀ ရွာအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လွှမ်းခြုံပေးလျက်ရှိပါကြောင်း၊ သို့သော် အဆိုပါဆေးရုံ၏ Catchment ဧရိယာသည် ၂၃ ရွာ၊ အိမ်ခြေ ၃၄၇၀၊ လူဦးရေ ၁၅၀၀၀ ကို ကျန်းမာရေးစောင့်ရှောက်မှုကိုပေးသည့်အတွက် မိမိတို့ အနေဖြင့် ကျေးလက်ကျန်းမာရေးဌာနအဖြစ် ပြုလုပ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်ပါကြောင်း၊ ထိုကိစ္စကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဖွဲ့စည်းပုံအမိန့်ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးလက် ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် ပြုလုပ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်း ရှင်း လင်းဖြေကြား ပါသည်။
