မေးခွန်း အကြောင်းအရာ
ချွန်းတောင်ကျေးရွာအုပ်စုသည် ထီးချိုင့်မြို့နယ်၏ တောင်ဘက်စွန်းတွင်တည်ရှိပြီး ကျေးရွာပေါင်း ၉ ရွာ၊ အိမ်ခြေပေါင်း ၁၂၄၁ အိမ်၊ အိမ်ထောင်စုပေါင်း ၁၅၉၅ စုနှင့် လူဦးရေ ၆၀၃၀ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဌာနအဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ပါက အနီးရှိ ကျီးကန်းထောင့် ကျေးရွာ၊ ရွှေရာသစ်ကျေးရွာများပါ ကျန်းမာရေးစောင့်ရှောက်မှု ရရှိမည်ဖြစ်ပါကြောင်း၊ သပိတ်ကျင်း၊ ကန့်ဘလူစသည့် မြို့နယ်များနှင့်လည်း နယ်နိမိတ်ချင်းထိစပ်နေပါကြောင်း၊ ချွန်းတောင်ကျေးရွာသည် ရှေးမြို့ဟောင်းတစ်ခုဖြစ် ပြီး မြသိန်းတန်စေတီတော်၊ သီပေါမင်း တည်ထားခဲ့သော ဉာဏ်တော်သင့်စေတီ၊ ဘိုးတော်ဘုရားတည်ထားသော ရွှေဂူတော်ဘုရား၊ မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး၏ ဉာဏ်တော်နှင့် မျက်နှာတော်ပုံစံတူ သကျမုနိမာရဇိန်ဘုရား အစရှိသည့် ရှေးဟောင်းအမွေအနှစ်များ တည်ရှိပါကြောင်း၊ ချွန်းတောင်အုပ်စုရှိ ရွာများသည် မင်းဝံတောင်ခြေတန်း တစ်လျှောက်တည်ထားသော ကျေးရွာများဖြစ်ပြီး ကျန်းမာရေးအတွက် ဆက်သွယ်ရေး အလွန်ဝေးလံ ခက်ခဲပါကြောင်း၊ မြစ်ရေကြီးချိန်တွင်သာ သွားလာရေး အဆင်ပြေသော်လည်း မြစ်ရေကျချိန်တွင် ဒုက္ခများပါကြောင်း၊ ကုန်းလမ်းအရ ထီးချိုင့်ဆေးရုံကို ၁၅ မိုင်ခန့်နှင့် ညောင်ပင်သာတိုက်နယ်ဆေးရုံကို ၅ မိုင်ခန့်ကွာဝေးပါကြောင်း၊ ထို့ကြောင့် ကျေးရွာပေါင်း ၉ ရွာရှိပြီး တစ်ရွာနှင့်တစ်ရွာ ၂ မိုင်မှ ၅ မိုင်လောက်ထိ ဝေးကွာသည့်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲမှ တာဝန်ကျ ဆရာမအနေဖြင့် ဝေးလံကျယ်ဝန်းသော ဒေသများကို လုံလောက်စွာ မရောက်နိုင်ပါကြောင်း၊
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့ (၂၆-၇-၂၀၁၆) ရက်နေ့က ပြည်ထောင်စုဝန်ကြီး ရှင်းလင်းဖြေကြားစဉ် ကျေးလက်နေပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက်၊ ဆက်သွယ်ရေးခက်ခဲသော ဒေသများအတွက် ကျန်းမာရေးဌာနအနေနှင့် စည်းကမ်းသတ်မှတ်ချက်များကို လျှော့ပေါ့ပြီး စီစဉ်ဆောင်ရွက် ပေးသွားမည်ဟူသော ဖြေကြားချက်အပေါ် ချွန်းတောင်ကျေးရွာအုပ်စု ပြည်သူများမှ အားကိုးတကြီး မျှော်လင့်နေကြပါကြောင်းနှင့် ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်မည်ဖြစ်သည့်အတွက် ထီးချိုင့်မြို့နယ်၊ချွန်းတောင်ကျေးရွာအုပ်စုကျန်း မာရေး ဌာန(ခွဲ)အားကျန်းမာရေးဌာနအဖြစ် တိုးချဲ့ ဖွင့်လှစ်ပေးရန်အစီစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ချွန်းတောင်ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် ကျေးရွာ ၉ ရွာ၊ အိမ်ခြေ ၁၀၄၁ အိမ်၊ လူဦးရေ ၄၉၂၉ တို့အား ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ ထီးချိုင့်မြို့နယ်ဆေးရုံနှင့် ၁၆ မိုင်၊ ညောင်ပင်သာ တိုက်နယ်ဆေးရုံနှင့် ၈ မိုင်၊ ညောင်ပင်သာ ကျေးလက်ကျန်းမာရေးဌာနနှင့် ၈ မိုင်ကွာဝေးပါကြောင်း၊ လမ်းပမ်းဆက်သွယ်ရေးမှာ မိုးရာသီးတွင် အနည်းငယ် ခက်ခဲသည်မှလွဲ၍ လွယ်ကူစွာသွားလာနိုင်ပါကြောင်း၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာ ရွာ၌ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲရှိပါကြောင်း၊ တိုက်နယ်ဆေးရုံတွင် ဆရာဝန်တစ်ဦး၊ သူနာပြုနှစ်ဦး၊ Work Service နှင့် လုပ်ဆောင်လျက်ရှိ ပါသည်။ တိုက်နယ်ဆေးရုံသည် စတင်ပြီး ဖွင့်သော တိုက်နယ်ဆေးရုံအတွက် သူနာပြု အရေအတွက်မှာ နှစ်ဦးသာ ရှိပါကြောင်း၊ သို့သော် ၎င်းနှင့်အနီးရှိ ချွန်းတောင်တွင်ရှိသော စင်တာ ကျေးလက်ကျန်းမာရေးဌာနတွင် ဝန်ထမ်းအပြည့်နှင့် အလုပ်လုပ်လျက်ရှိပါကြောင်း၊ ကျန်းမာရေး (၁) ဦး၊ Lady Head Visitor (၁) ဦး၊ သားဖွား (၂) ဦး၊ ပြည်သူ့ကျန်းမာရေး PHS-2 (၂) ဦးနှင့် အစောင့် (၁) ဦးဖြင့် ဝန်ထမ်းအချိန်ပြည့်ဖြင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ထီးချိုင့်မြို့နယ်သည် ရွှေ့လျားလုပ်သားလူဦးရေမရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကပ်ရောဂါဖြစ်ပွားသော မကြာခဏ ဖြစ်ပွားခြင်း စသည့် အရေးပေါ်ပြဿနာများမရှိသဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲမှ အခြေခံပြည်သူ့ကျန်းမာ ရေးလုပ်ငန်းများအား လူဦးရေ ၄၉၂၇ ဦးအား ထိရောက်စွာ ကုသပေးလျက်ရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးတစ်ခုကို ဖွင့်လှစ်ရန်အခြေခံအချက်များ ရှိပါသဖြင့် ယင်းအခြေခံအချက်များနှင့် မညီမညွတ်ဖြစ်နေပါကြောင်း၊ ထို့အပြင် ကျေးလက်ကျန်းမာရေးပိုင်သည့် ကျေးရွာများသည် ကျေးရွာအုပ်စု ၁၀ စုမှ ၁၅ စုအထိ သွားလာနိုင်သော နေရာဖြစ်ရမည်ဖြစ်ပါကြောင်း၊ ဖွင့်မည့်ရွာများသည် ဗဟိုအချက်အချာ ကျသည့်ရွာဖြစ်ရမည်ဖြစ်ပြီး ရောဂါထူပြော၍ မကြာခဏ ကူးစက်ရောဂါ ဖြစ်သော နေရာလည်းဖြစ်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရောဂါထူထပ်မှု Disease Antigenicity လည်း များသည့်နေရာဖြစ်ရပါမည်ဖြစ်ပါကြောင်း၊ ဤကဲ့သို့ဖြစ်ပေါ်ရန် သို့မဟုတ် ဖြစ်ပေါ်ရန် အလားအလာရှိပါက စဉ်းစားပေးမည်ဖြစ်သော်လည်း အခြားအချက်များဖြစ်သော လူမှုရေး အချက်အလက်များ၊ Subjective Bacteria များကိုလည်း ကြည့်၍ စဉ်းစားပေးပါကြောင်း၊ မိမိတို့အနေဖြင့် ဤအချက်အလက်များပေါ် မူတည်၍ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ မပေးနိုင်သေးပါကြောင်း၊ သို့သော် မိမိတို့ တိုင်းဦးစီးမှူးနှင့် သွားရောက်ပြီး မြေပြင်အခြေအနေကို လက်တွေ့လေ့လာမည်ဖြစ်ပါကြောင်း၊ လေ့လာတွေ့ရှိပါက ကိုယ်စားလှယ်ကြီးတင်ပြပါအတိုင်း အမှန်တကယ် လိုအပ်မည်ဆိုပါက စဉ်းစားပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
