(စ)-နိုင်ငံတကာနှင့်အရပ်ဘက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် မြစ်ချောင်းများအားစနစ်တကျထိန်း သိမ်းပြုပြင်ခြင်းများကိုနိုင်ငံတော်အနေဖြင့်ဆောင်ရွက် ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၇) ရက်မြောက်နေ့ (၂၁.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u tun tunမြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရာသီဥတုဆိုးရွားစွာပြောင်းလဲမှုကိုရင်ဆိုင်နေရသည့် နိုင်ငံများတွင် ဒုတိယနေရာတွင် တည်ရှိသည့်အပြင်  သဘာဝဘေးဒဏ်ကိုလည်းများစွာ ခံစားနေရသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊မဆင်မခြင်စည်းကမ်းမဲ့စွာ သစ်ပင်များ ခုတ်ခြင်း၊ရာသီဥတုများ ဖောက်ပြန်ခြင်း၊ မြစ်ချောင်းများတွင် သဲနုန်းများပို့၍ တိမ်ကောခြင်းများသည် ရေကြီးရေလျှံဖြစ်ရသည့် အဓိက အကြောင်းအရင်းတွင် ပါဝင်ပါကြောင်း၊ ကမ်းပါးပြိုကျခြင်းကြောင့် နေရာပြောင်းရွှေ့ရသော ရွာများရှိပြီး ယခုအချိန်တွင် မင်းဘူး၊ စကုမြို့နယ် ရှိ ကုန်းတန်းကျေးရွာသည် ဧရာဝတီမြစ်ကမ်းပဲ့၍ ပြောင်းရွှေ့နေရပါကြောင်း၊ ထိုသို့ ရွာများပြောင်းရွှေ့ရာတွင် သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းများအတွက် အခက်အခဲကြုံရခြင်း၊ ငွေကုန်ကြေးကျများခြင်း၊ လယ်ယာမြေ ဆုံးရှုံးမှု ရှိခြင်းများ ကို ကြုံတွေ့ရသည့်အပြင် မကြာခဏပြောင်းရွှေ့ရခြင်းကြောင့် စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး၊ လူမှုရေး အဘက်ဘက်က နောက်ကျကျန်ရစ်ပါကြောင်း၊တိုင်းပြည်၏ ဘဏ္ဍာများလည်း ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသည့်အတွက် ကမ်းပါးပြိုသည့်နေရာများတွင်  ကမ်းထိန်း နံရံများပြုလုပ်ခြင်း၊ သဲသောင်များကို တူးဖော်ခြင်း၊ မြစ်ကြောင်းများကို ဖြောင့်တန်းစေရန် ဆောင်ရွက်ခြင်းများကို အမြန်ဆုံးပြုလုပ် သင့်ပါကြောင်း၊

ရေကြီးရေလျှံဖြစ်ပြီး တာများကျိုးပေါက်ပါက လယ်ယာမြေနှင့် သီးနှံများဆုံးရှုံးနစ်မြုပ်ခြင်း၊  မြို့၊ ရွာ၊ အိုးအိမ်များအထိပါ ထိခိုက်ပျက်စီးခြင်းများပါ ကြုံတွေ့နေရပါကြောင်း၊မြစ်ချောင်းများကို စနစ်တကျ ပြန်လည်တူးဖော်ခြင်းကို ဆောင်ရွက်ရာတွင် ဘဏ္ဍာရေး အခက် အခဲများ ရှိသည်ကိုလည်း နားလည်ပါကြောင်း၊ သို့ပါသော်လည်း မြစ်ချောင်း များတွင် သဲနုန်းများပို့၍တိမ်ကောခြင်း၊သဲသောင်များထွန်း၍ ကွေ့ကောက်ခြင်း၊ ကမ်းပါး များပြိုခြင်းကို ကမ်းထိန်းနံရံပြုလုပ်ခြင်း၊ ကြာမြင့်နေပြီဖြစ်သော ရေကာတာများကို စနစ်တကျပြုလုပ် ရန် အရေးတကြီး လိုအပ်နေပါပြီ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ကမ္ဘာ့ဘဏ်အကူအညီ၊ နိုင်ငံတကာအကူအညီ၊အရပ်ဘက်အဖွဲ့အစည်းများ၏ အကူ အညီဖြင့် မြစ်ချောင်းများကို စနစ်တကျပြန် လည်တူးဖော်ခြင်း၊ ရေကာတာများ ကို ပြန်လည် ထိန်းသိမ်းပြုပြင်ခြင်းများ ကို နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuသဘာဝဘေးအန္တရာယ်များအနက် ရေကြီးရေလျှံခြင်းသည် ပျက်စီးဆုံးရှုံးမှု အများဆုံးနှင့် အဖြစ်များဆုံး သဘာဝဘေး အန္တရာယ်ဖြစ်ပြီး၊ နိုင်ငံတော်၏ လူမှု စီးပွားဖွံ့ဖြိုး တိုးတက်မှုကို ကြီးမားစွာ ထိခိုက်စေသည့် အတွက် ရေကြီးမှု သဘာဝ ဘေးအန္တရာယ်လျော့ ပါးရေးအစီအမံများ စနစ်တကျ ရေးဆွဲ အကောင်အထည်ဖော်ရန်သည် အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ မုတ်သုန်ကာလတိုတောင်းခြင်း၊မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်း၊ လူသားများမှ အဆင် အခြင်မဲ့လုပ်ဆောင်မှုများကြောင့် သစ်တောများ ပြုန်းတီးခဲ့ပြီး သဲနုန်းပို့ချမှုများ များပြားလာခြင်း၊ မြစ်ချောင်းများ တိမ်ကော လာသဖြင့် ရေကြီးရေလျှံ မှုများ ပိုမိုဖြစ်ပေါ် စေလျက် ရှိပါကြောင်း၊

မြစ်များတွင် ရေလမ်းကြောင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနအောက်ရှိ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်အတွင်း သဲသောင်တူးဖော်ခြင်းလုပ်ငန်းနှင့် မြစ်ကမ်းပြိုမှု ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ဧရာဝတီမြစ်အတွင်း ရေစူးတိမ်သည့်နေရာ ၃၄ နေရာနှင့်ချင်းတွင်းမြစ် အတွင်း ရေစူးတိမ်သည့်နေရာ ၂၀ နေရာတို့တွင် သဲသောင်တူးဖော်နိုင်ရေးအတွက် ငါးနှစ်စီမံကိန်းတွင် ထည့်သွင်း ရေးဆွဲထားပြီး အဆိုပါလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဘယ်လ်ဂျီယံနိုင်ငံမှ ချေးငွေ ယူရိုသန်း ၁၀၀ ရရှိရေးကို ညှိနှိုင်းဆွေးနွေးလျက်ရှိပါကြောင်း၊

အဆိုပါဆောင်ရွက်ရမည်‌့လုပ်ငန်းများအနက်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဧရာဝတီမြစ်အတွင်း  ဗန်းမော်-ထီးချိုင့်ရေလမ်းပိုင်း၏ ရေလမ်း နှစ်နေရာတွင် သဲနုန်းတူးဖော်ခြင်း၊ကမ္ဘာ့ဘဏ်ချေးငွေဖြင့် မန္တလေး-ချောက်ရေလမ်းပိုင်း ၏ ရေလမ်းလေးနေရာကို  သဲသောင်တူးဖော်ခြင်း တို့ကို ယခုဘဏ္ဍာနှစ်အတွင်းအပြီး ဆောင်ရွက်သွားမည်ဟု သိရှိရပါကြောင်း၊

ဆက်လက်၍လည်း ဧရာဝတီမြစ်၊ မကွေး-ပြည်ရေလမ်းပိုင်းတွင် ရေလမ်းသုံးနေရာ၊ ပြည်-ရန်ကုန် ရေလမ်းပိုင်းတွင် ရေလမ်းရှစ်နေရာ စုစုပေါင်း ရေလမ်း ၁၁ နေရာကို ဆောင်ရွက်မည် ဖြစ်ပြီး ချင်းတွင်း မြစ်ပေါ်တွင်လည်း   ရေလမ်း ငါးနေရာကို တူးဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း အစီအစဉ်များ ရေးဆွဲလျက်ရှိပါကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေကြီးမှုအန္တရာယ် လျော့ပါးသက်သာစေရေးအစီအမံများကို ဆောင်ရွက် လျက်ရှိရာတွင် ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုရန်ပုံငွေ၊တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေ ကျခံ သုံးစွဲနိုင်မှု အခြေအနေအပေါ်မှာမူတည်၍  ဦးစားပေးအဆင့်သက်မှတ်ကာ တိမ်ကောနေသော ချောင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ရေဘေးအန္တရာယ်ကာကွယ်ရေးတာတမံများ ပြုပြင်တည် ဆောက်ခြင်းလုပ်ငန်းစဉ်များကို တတ်နိုင်သမျှ အစွမ်းကုန်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊

ရေကြီးရေလျှံမှု ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်  ဒေသအလိုက် ရှိရင်းစွဲဖြစ်သော မြေပြင်နိမ်‌့မြင့် အနေအထား၊ မြစ်/ချောင်းများနှင့် ရေနုတ်မြောင်းများ ဆက်စပ်တည်ရှိမှုနှင့် တိမ်ကောမှု အခြေအနေများ အရ ပြည်သူလူထု၏ ရေရှည် အကျိုးစီးပွားဖြစ်ထွန်းရန်နှင့် အခြား မလိုလားအပ်သော ထိခိုက်မှု အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် စူးစမ်းလေ့လာ တိုင်းတာပြီး ချိန်ဆဆောင်ရွက်ရာတွင်လည်း အထူးပင်လိုအပ်လျက်ရှိပါကြောင်း။

ယခုအချိန်တွင် ရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ် ကြီးမားစွာဖြစ်ပေါ်လျက်ရှိသော ဧရာဝတီ မြစ်ဝှမ်းအောက်ပိုင်းရှိဧရာဝတီမြစ်အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းမှ အရေးကြီး သော ရေဘေး ကာကွယ်ရေးတာ ၁၅ ခု စုစုပေါင်းအလျား ၄၈၆.၄၇ မိုင်ကို ဦးစားပေးအဆင်‌့ သတ်မှတ်ပြီး ပြုပြင်ရန်လိုအပ်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားပြီး  ကုန်ကျစရိတ်များပြားသည့် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထောက်အပံ့ဖြင့် ဆောင်ရွက် နိုင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိပါကြောင်းနှင့် ပထမအဆင့်အနေဖြင့် အရေးကြီးဆုံး တာနှစ်ခုဖြစ်သည့် ဧရာဝတီ-ဟင်္သာတ တာနှင့် ငဝန်တာ စုစုပေါင်းအလျား ၁၄၉.၂၆ မိုင်တို့ကို ဦးစားပေးပြုပြင်ရန် လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊

ထို့အပြင် ဧရာဝတီမြစ်ရေကြီးရေလျှံမှု လျော့ပါး သက်သာစေရေး မဟာဗျူဟာစီမံချက် (Master Plan) ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် ပတ်သက်ဆက်စပ်နေသော ဝန်ကြီးဌာနများပါဝင်သည့် လုပ်ငန်း ကော်မတီကို အစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်တွင် လုပ်ငန်း ပမာဏနှင့် ကုန်ကျစရိတ်လွန်စွာကြီးမားများပြားသောကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများထံမှ နည်းပညာနှင့်ငွေကြေးအထောက်အပံ့များရယူကာ စူးစမ်းလေ့လာမှု လုပ်ငန်းများ စေ့စပ်သေချာစွာဆောင်ရွက်ပြီး ရေရှည်နှင့်ရေတိုဆောင်ရွက်ရမည့် လုပ်ငန်းများ ဟူ၍ ပိုင်းခြား စီမံဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊  

မြစ်ချောင်းများ စနစ်တကျပြန်လည်တူးဖော်ခြင်း၊ ရေကာတာများကို စနစ်တကျ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများသည် လုပ်ငန်းပမာဏနှင့်ကုန်ကျစရိတ်ကြီးမားများပြားသည့်အပြင် စူးစမ်းလေ့လာ တိုင်းတာမှု လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရမည်ဖြစ်သည်‌့အတွက် နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ကျခံဆောင်ရွက်နိုင်မည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံ များနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများထံမှ နည်းပညာနှင့်ငွေကြေးအထောက်အပံ့များ ရရှိနိုင် ရေးအတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။