(က)-ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်ရှိ သားသတ်ရုံ ကိုပြောင်းရွှေ့ရန်မည်သည့်အတွက်ကြန့်ကြာ နေ သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၂) ရက်မြောက်နေ့ (၁၄.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

dr u aung khinပြင်ဦးလွင်မြို့တွင် ယခင်က ရပ်ကွက်ကြီး ၁၀ ခုရှိပါကြောင်း၊ ရပ်ကွက်ကြီး ၁၀ တွင် ပဒေသာမြို့သစ်ဟူ၍ ပေါ်လာပြီး ပဒေသာမြို့သစ်၏ အစွန်ဆုံးလမ်းကို သားသတ်ရုံအဖြစ် ထားခဲ့ပါကြောင်း၊ ၎င်းသည် ရပ်ကွက်ကြီး (၈)၊ရပ်ကွက်ကြီး(၁၀) ဖြစ်ပါကြောင်း၊ ယခုအခါ လူနေထူထပ်လာသည့်အတွက် ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက် ရပ်ကွက်ကြီး ၂၁ ရပ်ကွက် ဖြစ်သွားပါသည့်အတွက် ယခင် ပဒေသာကွက် သစ်ခေါ်သည့် ရပ်ကွက်ကြီး(၈) သည် ရပ်ကွက်ကြီး (၁၁)၊ရပ်ကွက်ကြီး (၁၂) စသည့် ရပ်ကွက်များတိုးချဲ့လာပြီး ယင်းမြို့ သစ်နေရာ တွင်လည်း မြေကွက် ချပေးထားသည့်လူများက တော်တော် များများ နေထိုင်ကြပြီးဖြစ်ပါကြောင်း၊ထို့ကြောင့် အနီးနားရပ်ကွက်ရှိ ပြည်သူများ ကျန်းမာရေး၊ လူမှုရေး ဒုက္ခခံနေရပါကြောင်း၊ စည်ပင်သာယာက ပြောင်းရွှေ့ရန် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက လုပ်သော်လည်း မရခဲ့ပါကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနက ၈-၁၂-၂၀၁၅ ရက်နေ့တွင် မြေနေရာရေးဆွဲထားပြီး မြို့နှင့် ၄ မိုင်ခန့်ဝေးသည့် ဖုန်းဆိုးတောပျက်နေရာကို ပြောင်းရွှေ့ရန် အဆိုပြုပါကြောင်း၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးကလည်း တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ထံကို သစ်တောမြေမှ ပယ်ဖျက်ခွင့်ပြုပါရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ၁၉-၁-၂၀၁၆ ရက်နေ့ အကြောင်းကြားစာအရ တွေ့ရပါကြောင်း၊ သို့သော် မြို့ပေါ်ရှိ သားသတ်ရုံမှာ ယခုအခါ လူနေထူထပ်သည့် ကြားထဲရောက်နေပြီး အနံ့အသက် မကောင်းပါကြောင်း၊ နွား၊ ဝက် အော်သံများသည်လည်း စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေသည့်အတွက် ပြည်သူများအတွက် အနှောက်အယှက်ဖြစ်နေပါကြောင်း၊သားသတ်ရုံ အတွက် လျှောက်ထားသည့် ဖုန်း ဆိုးတောပျက် သစ်တောမြေမှ ပယ်ဖျက်ပေးရန် အခက်အခဲရှိနေခြင်းနှင့် ပြောင်းရွှေ့ချိန်  မည်မျှကြာမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ
ဖြေကြားချက် 

u ohn winမန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် သားသတ်ရုံကို ရပ်ကွက်ကြီး(၈) ပဒေသာမြို့သစ်တွင် ဆောင်ရွက်လျက်ရှိရာ လူဦးရေ ထူထပ် များပြားလာပြီး ပတ်ဝန်းကျင်တွင် အနံ့ဆိုးများနှင့် ကျန်းမာရေးထိခိုက်လာနိုင်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်း ဆုံးဖြစ်စေမည့် ဒေသ၊ မြို့လူထု၏ ရေရှည်အကျိုးနှင့် နောင်လာနောက်သားများအတွက် သင့်လျော်မည့် မြေနေရာကို ရှာဖွေခဲ့ပြီး သတ်မှတ်ခဲ့ပါကြောင်းနှင့် လျာထား သတ်မှတ်ခဲ့ သည့် မြေနေရာသည် သစ်တောမြေ ဖြစ်သည့်အတွက် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အမှုတွဲဖွင်‌့ လှစ်ဆောင်ရွက်လျက်ရှိ သည်ကို သိရှိရပါကြောင်း၊

ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သားသတ်ရုံမြေနေရာအတွက် အဆိုပြုထားသည့် မြေနေရာနှင့်ပတ်သက်ပြီး လက်ရှိ မြေပြင်အသုံးချမှု မြေရာဇဝင်ကို စိစစ် တင်ပြပေး ပါရန် အုပ်ချုပ်ရေးမှူးရုံး ၊ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၏ ၇-၁၂-၂၀၁၅ ရက်စွဲပါစာအမှတ်၊၃/၂၁-၀၁/ဦး ၁ (အထဿ) (၀၈၁၁) နှင့် အကြောင်းကြား ချက်အရ ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါ အဆိုပြု သားသတ်ရုံမြေနေရာ သည် ပြင်ဦးလွင် မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ်(၂၃)၊စိုက်ခင်းအမှတ်(၁/၁၉၈၅)၊စီးပွားရေးစိုက်ခင်း၊ ထင်းရှူးစိုက်ခင်း ၅၀၀ ဧက အတွင်း ကျရောက်နေပါကြောင်း၊ မြေဧရိယာ  ၄ ဧကရှိ ပြီး ပြင်ဦးလွင် မြို့ရှောင် လမ်းဘေးမှ ၁ ဖာလုံခန့် အကွာတွင် တည်ရှိကြောင်းနှင့် စိုက်ခင်းအပင်များမှာ ပျမ်းမျှအမြင့် ၅၀ ပေ၊ လုံးပတ် ၄ ပေခန့် ရှိသည့် ထင်းရှူးပင်  ၃၈ ပင်ခန့်ရှိကြောင်းကို ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနက ၂၁-၁၂-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၂၇၁၇-၁၉/စ-၅ နှင့် စိစစ် တင်ပြခဲ့ပါကြောင်း၊

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြင်ဦးလွင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၂-၁၂-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၃-၄၃-၀၁ ဦး ၁ (၃၆၃၅) ဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြခဲ့ ပါကြောင်း၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၁၉-၁-၂၀၁၆ ရက်စွဲပါ စာအမှတ်၊ ၂/၃-၆-၂၂ ဦး -၆ ၉၁၄၃) ဖြင့် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခွင့်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန် မန္တလေးတိုင်း သစ်တောဦးစီးဌာနကို ညွှန်ကြားလာချက်အရ ဖော်ပြပါ မြေဧရိယာ ၄ ဧကကို လုပ်ထုံးလုပ်နည်းနှင့်အညီ သစ်တောကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြရန်ဖြစ်ပါကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှ ၁-၂-၂၀၁၆ ရက်စွဲပါ စာအမှတ်၊စီမံကိန်း/၀၀၇(၁၀၈၁၃-၁၄/၂၀၁၆)ဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြခဲ့ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်နှင့်အညီ အချို့သော ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို သစ်တောမြေဧရိယာမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်ပယ်ဖျက်ပေးခြင်း ရှိခဲ့သော်လည်း ယခုတင်ပြ တောင်းဆိုလာသော မြေနေရာနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဌာန အဆင့်ဆင့်မှ ပြည်ထဲရေးဝန်ကြီးဌာနကိုတင်ပြပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို ညှိနှိုင်းဆောင် ရွက်လာသည့် အခါမှသာ လုပ်ထုံးလုပ်နည်းနှင့်အညီ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။