မေးခွန်း အကြောင်းအရာ
ဆောမြို့နယ်မြောက်ပိုင်း နတ်ရဲကျေးရွာ (ယခု လေယာဉ်ကွင်းရပ်ကွက်) ရှိ လယ်ယာမြေဧက စုစုပေါင်း ၅၆၁.၇၉ ဧကကို ၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင် အမှတ်(၃၆၈) အမြောက်တပ် မှ လေယာဉ်ကွင်းတည်ဆောက်ရန် သိမ်းယူခဲ့ပါကြောင်း၊ တောင်သူလယ်သမားများ၏ နစ်နာကြေး တောင်းဆိုမှုကြောင့် ၁၆-၃-၂၀၁၅ ရက်နေ့တွင် လေယာဉ် ကွင်းပြေးလမ်းတွင် ပါဝင်သော တောင်သူဦးရေ စုစုပေါင်း ၂၁၄ ဦး၊ ဧက ၂၇၄.၀၇ အတွက် ကာလပေါက်ဈေးနှင့်အညီ နစ်နာကြေးအဖြစ် လျော်ကြေးပေးခဲ့သော်လည်း နစ်နာကြေးလျော်ကြေးပေးရန် ကျန်ဧက ၂၈၇.၇၂ ဧက၊ တောင်သူဦးရေစုစုပေါင်း ၁၀၁ ဦးတို့အား နစ်နာကြေး၊ လျော်ကြေးပေးရန် တောင်းဆိုနေကြပြီ ဖြစ်ပါကြောင်း၊သိမ်းယူ ထားသည့် မြေတစ်ဆက် တစ်စပ်တည်းတွင် ပေးသူကိုပေး၊ မပေးသူကိုမပေး မဖြစ်သင့်ပါကြောင်း၊နစ်နာမှုရှိနေပါကြောင်း၊၂-၂-၂၀၁၆ ရက်နေ့ တပ်သိမ်းမြေ နစ်နာကြေး အဖြစ် မြေခွန်၏ သုံးဆကို ပေးလျော်ပြီးဖြစ်သည်ဟု ယခင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာ များ လာရောက်ရှင်းလင်းသည်ကို သိရ ပါကြောင်း၊ မြေခွန်၏ သုံးဆ ဆိုသည်မှာ နစ်နာကြေး မဖြစ်နိုင်ပါကြောင်း၊ တောင်သူလယ်သမားများ လုပ်ကိုင်စားစရာ မရှိအောင် နစ်နာခဲ့ရပါသဖြင့် ကျန်ဧက ၂၈၇.၇၂၊ တောင်သူဦးရေ ၁၀၁ ဦးတို့အား ကာလပေါက်ဈေးနှင့်အညီ နစ်နာကြေး အဖြစ် လျော်ကြေးပေးနိုင်ခြင်းရှိ/မရှိနှင့် မည်သည့်အချိန်တွင် လျော်နိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ကိုယ်စားလှယ်ကြီး၏မေးခွန်းပါ မြေရာသည် အမှတ်(၃၆၈) အမြောက် တပ်ရင်း၏ တပ်ပိုင်မြေ အတွင်း ပါဝင်ခြင်းမရှိဘဲ တပ်ပိုင်မြေနှင့် ဆက်စပ်လျက်ရှိ သည့် မြန်မာ့လေကြောင်း ဦးစီးဌာနပိုင် လေယာဉ် ကွင်းမြေဖြစ်ပြီး လက်ရှိလေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်း တည်ဆောက်ထားသော မြေနေရာဖြစ်သည်ကို စိစစ်တွေ့ရှိ ရပါကြောင်း၊ အမှတ်(၃၆၈) အမြောက်တပ်ရင်း၏ တပ်ပိုင်မြေအဖြစ် လယ်မြေဧရိယာ ၉၆.၀၇ ဧက၊ ယာမြေဧရိယာ ၂၂၄ ဧကနှင့် မြေလွတ်မြေလပ် ၁၉၄.၇၈ ဧက စုစုပေါင်းမြေ ဧရိယာ ၅၁၄.၈၅ ဧက ရှိပြီး မြေလွတ်မြေလပ်ဧရိယာ ၁၉၄.၇၈ ဧကအား ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၅ ရက်စွဲပါစာအမှတ်၊ ၃၀၀/၁-၅/ဦး ၁ ဖြင့် လည်းကောင်း၊ လယ်မြေ ဧရိယာ ၉၆.၀၇ ဧကနှင့် ယာမြေဧရိယာ ၂၂၄ ဧက စုစုပေါင်း ၃၂၀.၀၇ ဧကအား ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၉ ရက်စွဲပါ စာအမှတ် ၃၀၀/ ၁-၄/ဦး ၁ ဖြင့် လည်းကောင်း မြေသိမ်းဆည်းရေး အမိန့်များ ရရှိပြီးဖြစ်ကြောင်းနှင့် အဆိုပါ ဦးပိုင်ပေါက် မြေဧရိယာ ၃၂၀.၀၇ ဧက သိမ်းဆည်းခြင်းအတွက် မြေတန်ဖိုး လျော်ကြေးငွေများ ကို သက်ဆိုင်ရာတောင်သူ ၉၉ ဦးထံသို့ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် ပေးလျော်ပြီးဖြစ်ပါကြောင်း၊
တောင်သူ ၁၀၁ ဦး၏ လယ်မြေဧရိယာ ၂၈၇.၇၂ ဧကသည် မြန်မာ့လေကြောင်းဦးစီးဌာနပိုင် လယ်ယာဉ်ကွင်းမြေနေရာဖြစ်ပြီး လက်ရှိ လေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်း တည်ဆောက် ထားကြောင်းနှင့် လယ်ယာမြေ ၂၈၇.၇၂ ဧက အတွက် မြေတန်ဖိုးလျော်ကြေးငွေများ ပေးလျော်နိုင်ရေး အတွက် မြန်မာ့လေကြောင်း ဦးစီးဌာနမှ ဆောင်ရွက် လျက် ရှိကြောင်း အလုပ်သဘော သိရှိရပါကြောင်း၊ မေးခွန်း ပါမြေနေရာသည် အမှတ်(၃၆၈) အမြောက်တပ်ရင်း တပ်ပိုင်မြေ ဧရိယာ၅၁၄.၈၅ ဧကအတွင်း ပါဝင်ခြင်းမရှိသဖြင့် တပ်နှင့် သက်ဆိုင်ခြင်း မရှိပါကြောင်းနှင့် မြန်မာ့လေကြောင်း ဦးစီးဌာနပိုင် လေယာဉ်ကွင်းမြေဖြစ်ပြီး လက်ရှိလေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်းများတည်ဆောက်ထားခြင်းများကြောင့် မြေတန် ဖိုးလျော်ကြေးငွေ များ ရရှိရေး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် သာ ဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
