ဖောင်းပြင်မြို့နယ်တွင် ရပ်ကွက်နှစ်ခု၊ ကျေးရွာအုပ်စုပေါင်း ၄၀၊ ကျေးရွာ ပေါင်း ၁၇၈ ရွာရှိပြီး ဧရိယာအားဖြင့် စတုရန်းမိုင် ၁၆၀၀ ကျော် ကျယ်ဝန်းပါကြောင်း၊ ပထဝီအနေအထား အမျိုးမျိုး၊ မြေ မျက်နှာသွင်ပြင်အမျိုးမျိုးရှိသည့် မြို့နယ်ဖြစ်သည့်အတွက် ရာသီအလိုက်လမ်းပန်းဆက်သွယ်မှု အခက်အခဲလည်း ရှိပါကြောင်း၊ တိုက်နယ်ဆေးရုံနှစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာနေလးခုနှင့် ကျန်းမာရေးဌာနခွဲ ၁၉ ခု ရှိပြီး ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် သားဖွားဆရာမ များသည် အခြေခံကျသည့် ကျန်းမာရေးစောင့်ရှောက်မှုကိုသာ ပေးနိုင်ပါကြောင်း၊ သို့သော် လက်ရှိကျန်းမာရေး ဌာနခွဲ ၁၉ ခု တွင် ဆရာမတစ်ဦးတာဝန်ယူရသည့် နယ်မြေသည် ကျယ်ဝန်းနေပါကြောင်း၊ ဆရာမ တစ်ဦးကို ကျေးရွာအုပ်စုနှစ်ခုလောက် တာဝန်ယူနေရသည့်အနေအထားတွင် ရှိပါကြောင်း၊ ထိုနည်းတူ ကျေးလက်ကျန်းမာရေးဌာနများ၏ ကျန်းမာရေးဌာနပိုင်နယ်များလည်း အလွန်ကျယ်ဝန်းပါကြောင်း၊ ပျမ်းမျှအားဖြင့် ကျန်းမာရေးဌာနတစ်ခုကို စတုရန်းမိုင် ၃၂၀ တာဝန်ယူရသည့် အနေအထားဖြစ် သည့်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲများကို တိုးချဲ့ဖွင့်လှစ်သင့်ပါကြောင်း၊ ကျေးလက်နေ ပြည်သူများသည် ဆင်းရဲနွမ်းပါးခြင်း၊ အသက်ငယ်ငယ်နှင့် အိမ်ထောင်ပြုကြခြင်း၊ ပညာရည်မမြင့် မားခြင်း၊ ကျန်းမာရေးအသိပညာအားနည်းခြင်း၊ ဒေသအလိုက်ရှိနေကြသေးသည့် အယူအစွဲ ကြီးမားခြင်း များသည် မိခင်နှင့်ကလေးများအတွက် အန္တရာယ်ကို လက်ယက်ခေါ်သလို ဖြစ်နေပါ ကြောင်း၊ ထို့ကြောင့် မိမိမေးလိုသည်မှာ ကျေးလက် ကျန်းမာရေးဌာနများအဖြစ် အဆင့်တိုးမြှင့် လျှောက်ထား သည့် သညစ်ကျန်းမာရေးဌာနခွဲနှင့် မိုင်းချောင်း ကျန်းမာရေးဌာနခွဲ တို့အား ကျန်းမာရေး ဌာနများအဖြစ် လည်းကောင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ရရှိရန်လျှောက်ထားကြသည့် ရွာတန်းရှည်ကျေးရွာ၊ စန္ဒားကျေးရွာ၊ ကိုင်းပြင်ကျေးရွာ၊ ကောက်စားကျေးရွာ၊ ကွမ်းတောကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ မန်မော်ကျေးရွာနှင့် ပိုးစာကုန်းကျေးရွာများအား ကျေးလက် ကျန်းမာရေး ဌာနခွဲများ အဖြစ် တစ်နှစ်လျှင် နှစ်ရွာ သို့မဟုတ် သုံးရွာကို ၂၀၁၇-၁၈ ခုနှစ်မှစ၍ Sanction ချသွားပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။
ကျေးလက်ကျန်းမာရေးဌာနများကို ပေးမည်ဆိုပါက မိမိတို့တွင် Criteria ငါးခု ရှိပါကြောင်း၊ သညစ်အတွက် ဖွင့်လှစ်မည့်ကျေးရွာသည် လုံခြုံမှုရှိပြီး ၎င်းကျးရွာအနီးအနားတွင် ၂၆ ရွာရှိပါကြောင်း၊ လူဦးရေ အားဖြင့် ၁၀၀၀၀ မှ ၁၅၀၀၀ အတွင်းရှိရမည်ဖြစ်သည့်အတွက် လူဦးရေ ၁၁၈၆၄ ရှိသည့် အတွက် ကိုက်ညီမှုရှိပါကြောင်း၊ အနီးအနားကျေးရွာများသည် ၎င်းကျေးရွာသို့ သွားလာမှုလွယ်ကူ၍ ဗဟိုအချက်အချာကျသည့် တိုက်နယ်ဆေးရုံ သို့မဟုတ် မြို့နယ်ဆေးရုံကို လူနာ လွှဲပို့သည့် အခါ တွင်လည်း လွယ်ကူမည်ဖြစ်ပါကြောင်း၊ သညစ်မြို့သည် ဖောင်းပြင်ဆေးရုံနှင့် ၁၂ မိုင် ဝေးပြီး သရောက်တိုက်နယ်ဆေးရုံနှင့် ရှစ်မိုင်၊ လူဝံကြီးကျေးလက်ကျန်းမာရေးဌာနနှင့် ၁၀ မိုင် ကွာဝေး ပါကြောင်း၊ မိုးရာသီတွင် လမ်းများ၊ တံတားများ ပျက်စီးခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည့်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် အကျုံးဝင်ပါကြောင်း၊ Sanction ရအောင် မိမိတို့လုပ်ပေးမည် ဖြစ်ပါ ကြောင်း၊ ဒုတိယ အချက်အနေဖြင့် မိုင်းချောင်းကျေးလက်ကျန်းမာရေးဌာနခွဲကို ပြန်စိစစ်သည့်အခါ မိုင်းချောင်းသည် လုံခြုံမှုရှိပါကြောင်း၊ မိုင်းချောင်းတွင် ကျေးရွာပေါင်း ၂၀ ၊ လူဦးရေ ၁၅၀၀၀ နီးပါးရပါကြောင်း၊ တံငါ တိုက်နယ် ဆေးရုံသို သွားမည်ဆိုပါက ချောင်းရေကြီးလျှင်လည်း လှည်း၊ လှေကူး၍မရသော ချောင်း ၁၄ ချောင်းရှိပြီး အလွန်မြင့်သော ခါချဉ်တောင်တစ်ခု အပါအဝင် စုစုပေါင်း ၁၈ မိုင်ကွာဝေးပါကြောင်း၊ Sub-Center ဌာနခွဲလည်း ရှိသည့်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မိမိတို့ဆောင်ရွက်ပေးပါမည် ဖြစ်ပါကြောင်း၊ ရွာတန်းရှည်ရွာ၊ စန္ဒားကျေးရွာ၊ ကိုင်းပြင် ကျေးရွာ၊ ကွမ်းတောကျေးရွာ၊ ကောက်စား ကျေးရွာနှင့် ဇီးကုန်းကျေးရွာများသည် အနီးဆုံးကျေးလက် ကျန်းမာရေးဌာနနှင့် တော်တော်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ရန်အတွက် မြေယာလည်း အဆင်သင့်ရှိပါကြောင်း၊ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း ထောက်ခံတင်ပြထား သည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပေးမည်ဆိုပါ ကလည်း မိမိတို့တွင် အဆင့်ဆင့်ရှိပါကြောင်း၊ ပထမ အမျိုးသားကျန်းမာရေးစီမံကိန်းကို တင်ပြရပါ ကြောင်း၊ ထို့နောက် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့ ထို့မှတဆင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဌာနကို ပေးပို့ပြီး သဘောထားမှတ်ချက် တောင်းခံရပါကြောင်း၊ ထောက်ခံချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့သို တင်ပြပြီးခွင့်ပြုချက်ရပါက ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး Cabinet တွင် အတည်ပြုချက်ရယူရပါကြောင်း၊ ၎င်း Step အားလုံးကို မိမိတို့လုပ်မည်ဖြစ်ပါကြောင်း၊ ပထမ ခြောက်ရွာကို Sub-Center ကျေးလက်ကျန်းမာရေးဌာန ပေးမည်ဖြစ်ပါကြောင်း၊ ကျန်သည့် ကျေးရွာနှစ်ရွာ ဖြစ်သည့် မန်မော်ကျေးရွာနှင့် ပိုးစာကုန်းကျေးရွာ နှစ်ရွာတွင် အားလုံး Criteria နှင့် ကိုက်ညီသည့် ပိုးစာကုန်းကျေးရွာကို ပေးရန်ရှိပါကြောင်း၊ မန်မော် ကျေးရွာကို မပေးနိုင်သေးပါကြောင်းနှင့် တင်ပြထားသည့်ကျေးရွာ အားလုံးနီးပါး အကုန်လုံးရသွား ပါကြောင်း၊ ၎င်းအဆင့်ဆင့်ကို မိမိတို့ စတင်ပြီ ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။
