(ခ)-တိုင်းဒေသကြီးနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲများ ကို ရန်ကုန်မြို့တွင်နှစ်စဉ်ပြန်လည်ကျင်းပရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့(၁၇. ၁၀. ၂၀၁၇)

ဦးရွှေလှ(ခ) ဦးရွှေလှဝင်း (သင်္ဃန်းကျွန်း)မြန်မာ့ဘောလုံးအားကစားသည် ၁၉၆၈ ခုနှစ်၊ ခြူးနစ်အိုလံပစ်ပြိုင်ပွဲတွင် ကမ္ဘာ့အသန့်ရှင်းဆုံးဆုကို ရရှိခဲ့သည့်အတွက် အာရှချန်ပီယံဖြစ်ခဲ့ပါကြောင်း၊ မြန်မာ့ဘောလုံးလက်ရွေးစင် ဘောလုံးသမားများသည်လည်း တိုင်းနှင့်ပြည်နယ် ဘောလုံးပွဲက မွေးထုတ်ပေးလိုက်သည့် ပုဂ္ဂိုလ်များဖြစ်ကြပါကြောင်း၊

တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲကို ၁၉၅၂ ခုနှစ်ကစပြီး ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင် စတင်ကျင်းပခဲ့ပါကြောင်း၊ ပထမဦးဆုံး ချန်ပီယံက ရှမ်းပြည်နယ်အသင်းဖြစ်ပါကြောင်း၊ ၁၉၇၂-၁၉၇၃-၁၉၇၄ သုံးနှစ်မှလွဲ၍ ရန်ကုန်မြို့တွင် အမြဲတမ်းကျင်းပခဲ့သည့်အတွက် ပြည်သူလူထု တစ်ခဲနက် အားပေးပြီး မြန်မာပြည်ရှိ ပရိသတ်စိတ်အဝင်စားဆုံးပြိုင်ပွဲ ဖြစ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင်‌့ ပြည်နယ်ဘောလုံးပြိုင်ပွဲကို ၁၉၈၉ ခုနှစ်ကစပြီး နယ်မြို့ကြီးများတွင် လှည့်လည်ပြီး ကျင်းပခဲ့သည့်အတွက် ၎င်းအချိန်မှစပြီး တိုင်းနှင့်ပြည်နယ်ဘောလုံး အဆင့်အတန်းမှာ ကျဆင်းသွားသည်ဟု သုံးသပ်မိပါကြောင်း၊ အကျိုးဆက်အနေဖြင့် မြန်မာ့လက်ရွေးစင်အဆင့်တွင် ကျဆင်းသွားပါကြောင်း၊ နယ်မြို့ကြီးများတွင် ကျင်းပသည့်အခါ များသောအားဖြင့် အိမ်ရှင်အသင်းသည် ချန်ပီယံဖြစ်ရန်အတွက် အခွင့်အရေးသာခြင်းကို လေ့လာဆန်းစစ် တွေ့ရှိခဲ့ရပါကြောင်း၊ ရန်ကုန်မှာကျင်းပသည့်အခါ မျှမျှတတအဖြစ် ကျင်းပသည်ကို တွေ့မြင်ရပါကြောင်း၊

အားကစားတစ်ခုတိုးတက်ရန် ဆိုသည်မှာ အားပေးသည့် ပရိတ်သတ်အပေါ်အများကြီး မူတည်သောကြောင့် ရန်ကုန်မြို့သည် လူဦးရေထူထပ်များပြားသည့်အတွက် ကွင်းပြည့်/ကွင်းလျှံ အားပေးသည့် ပရိတ်သတ်အများကြီးရှိပါကြောင်း၊ ထို့ကြောင့် တိုင်းနှင့်ပြည်နယ်ဘောလုံးအသင်းများအတွက် ရန်ကုန်မြို့တွင် ဘောလုံးပြိုင်ပွဲကျင်းပရန်အတွက် နိုင်ငံတော်အဆင်‌့မီ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းများကဲ့သို့ ပြိုင်ပွဲဝင်ဘောလုံးအသင်းများ လေ့ကျင်‌့ရန်အတွက် လေ့ကျင်‌့ရေး ကွင်းအလုံအလောက်ရှိပါကြောင်း၊

ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လက်ရှိကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ပြည်သူများစိတ်ဝင်စားမှု အလွန်နည်းပါးသည်မှာ ပွဲကြည်‌့ပရိတ်သတ်ကို ကြည့်ပြီးသိရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ၎င်းပြိုင်ပွဲကို ယခုပြုလုပ်နေသည့်အတိုင်း နယ်မြို့ကြီးများတွင် အိမ်ကွင်း/အဝေးကွင်း ပုံစံကျင်းပပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့တွင် အမြဲတမ်းကျင်းပမည်ဆိုပါက အသင်‌့တော်ဆုံးဖြစ်မည်ဟု ထင်မြင်ယူဆမိသည့်အတွက် တိုင်းဒေသကြီးနှင်‌့ပြည်နယ် ဘောလုံးပြိုင်ပွဲများကို နှစ်စဉ် ရန်ကုန်မြို့တွင် ပြန်လည်ကျင်းပရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။



 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး1တိုင်းဒေသကြီးနှင်‌့ ပြည်နယ်ဘောလုံး ပြိုင်ပွဲများကို နှစ်စဉ်ရန်ကုန်မြို့တွင် ပြန်လည်ကျင်းပရန် ကြိုးစားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ၆-၁၀-၁၉၅၂ ရက်တွင် အသင်းကိုးသင်းနှင့် BAA Burma Athletic Association ယခု အောင်ဆန်းကွင်းတွင် စတင်ကျင်းပလာပါကြောင်း၊ ထို့နောက် မိမိတို့ မျိုးဆက်သစ် ၁၃၊ ၁၄၊ ၁၅၊ ၁၇၊ ၁၉ အားလုံးကိုလည်း မြို့ကြီးများတွင် ကျင်းပပြုလုပ်သော်လည်း အခြေအနေအရ ၂၀၁၂ မှ ၂၀၁၅ အထိ အကြောင်းအမျိုးမျိုးကြောင့် ဘောလုံးပွဲများကို မကျင်းပနိုင်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှစ၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် စပြီးပြုလုပ် နိုင်ခဲ့ပါကြောင်း၊ နေပြည်တော်တွင် ကျင်းပရသည့် အကြောင်းမှာ ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်လုပ်သည့်အခါ ခေတ်မီအားကစားကွင်းများ၊ အားကစားရုံများ၊ လေ့ကျင်‌့ကွင်းများ၊ အားကစားသမားများ တည်းခိုမည့် နေရာများ၊ စားသောက်နိုင်သည့် နိုင်ငံအဆင်‌့မီ လေ့ကျင့်ရေးစခန်း (Goal Camp) များကို တည်ဆောက်ထားရှိသည့်အတွက် အပြင်သယ်ယူ ပို့ဆောင်သည့် နေရာမှာလည်း ကားများနှင့် အဆင်ပြေသည့်အတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း ကိုယ်စားလှယ်ကြီးတင်ပြသည့်အတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပွဲများကို ရန်ကုန်မြို့တွင် ကျင်းပမည် ဆိုပါက မိမိတို့အနေဖြင့် ရန်ကုန်မြို့တွင် တိုင်းဒေသကြီး/ပြည်နယ်ဘောလုံးများ ကျင်းပနိုင်မည့် လိုအပ်သည့် အားကစားသမားများ တည်းခိုမည့်နေရာများ ပြုလုပ်ခြင်း၊ ဘောလုံး လေ့ကျင့်ရန် လေ့ကျင့်ရေးကွင်းများနှင်‌့ အောင်ဆန်းကွင်း အပါအဝင်ပြိုင်ပွဲများပြင်ပြီး အခြားကွင်း များကို တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ပြုလုပ်ရမည် ဖြစ်ပါကြောင်း၊ ပြုလုပ်သည့်အခါ ပထမဆုံး အောင်ဆန်းကွင်းကို ကြည့်မည်ဆိုပါက ဘောလုံးကွင်းနေရာ၊ ဘေးပတ်လမ်းများကလည်း ယိုယွင်းပျက်စီးနေသည့်အတွက် မိမိအနေဖြင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်တွေ့ပြီး နှစ် ၃၀ စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိုပြန်ယူပြီး ပြန်လည်ပြင်ဆင်မှသာလျှင် အောင်ဆန်းကွင်းကြီးတွင် ကစားလို့ရမည်ဖြစ်ပါကြောင်း၊ ၎င်းကို မိမိအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ငွေလျာထား တောင်းခံမည်ဖြစ်ပြီး ဘတ်ဂျက်ရမည်ဆိုပါက ၂၀၁၉ ခုနှစ်ကစပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းပြီး တိုင်းဒေသကြီးနှင်‌့ ပြည်နယ်ဘောလုံးပွဲ၊ အားကစားပွဲများကို ရန်ကုန်မြို့တွင်ကျင်းပရမည် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တွင်ကျင်းပမှသာလျင် ပွဲကြည့်ပရိတ်သတ်လည်းများပြီး ၎င်းဘောလုံးလောကသည်လည်း တစ်နည်းအားဖြင့် တိုးတက်လာမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။