(က)-အခြေခံပညာအထက်တန်းတွင်ဝိဇ္ဇာ(သမိုင်း၊ ပထဝီ) ဘာသာရပ်များ သင်ယူသူကျောင်းသား /ကျောင်းသူအရေအတွက်နည်းပါးလာခြင်းကြောင့် ပညာရေး ဟန်ချက်မညီဖြစ်နေခြင်းအပေါ် မည် သို့ဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၉.၅.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u shwe hlaအခြေခံပညာအထက်တန်းအဆင်‌့တွင် ဘာသာရပ်အတွဲ ရှစ်တွဲရှိသည့်အနက် ကျောင်းသူ ကျောင်းသားများအနေဖြင့် မိမိနှစ်သက်ရာ ဘာသာတွဲကို ယူခွင့်ပြုထားပါကြောင်း၊ သို့သော် ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒပါဝင်သည့် သိပ္ပံတွဲနှင့် ဝိပ္ပံတွဲများကိုသာ သင်ယူသူ အများစုဖြစ်ပြီး သမိုင်း၊ ပထဝီ ပါဝင်သော ဝိဇ္ဇာတွဲ သင်ယူသူ အရေအတွက်သည် အင်မတန် နည်းပါးနေပါကြောင်း၊ ခေတ်စနစ်အရ အထက်တန်းကျောင်းများတွင် သိပ္ပံဘာသာတွဲကို ဦးစားပေးလွန်း ခြင်း၊ ဝိဇ္ဇာဘာသာတွဲကို ယူလိုသော်လည်း ယူရန် အားမပေးခြင်းတို့ကြောင်‌့ သမိုင်းဘာသာရပ် ပါဝင်သော ဝိဇ္ဇာတွဲသည် ကွယ်ပျောက်လုနီးပါ ဖြစ်နေပါကြောင်း၊  အခြေခံပညာအထက်တန်းတွင် သိပ္ပံသာသာတွဲ နှင့် ဝိဇ္ဇာဘာသာတွဲ သင်ယူသူ ဦးရေသည် ဟန်ချက်မညီ ဖြစ်နေခြင်း၊ ဝိဇ္ဇာတွဲယူသူသည် မရှိသလောက် နည်းပါးနေခြင်းကို ရန်ကုန်တိုင်းဒေသကြီးကို ဥပမာထား၍ တင်ပြလိုပါကြောင်း၊

ရန်ကုန်မြောက်ပိုင်းခရိုင်နှင့် အရှေ့ပိုင်းခရိုင်များတွင် ဝိဇ္ဇာသာသာတွဲယူသူ ဦးရေ တစ်ဦးမှ မရှိပါကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းသည့် ဝိဇ္ဇာသာသာတွဲကို သင်ကြားမည့်သူ မရှိခြင်း (သို့မဟုတ်) ကျောင်းများက ဝိဇ္ဇာသာသာတွဲကို သင်ကြားပေးမှု မရှိခြင်း  မည်သည့်အတွက်ကြောင့်ဆိုသည်ကို ပြန်လည်ဆန်းစစ်ရန် လိုအပ်နေပါကြောင်း၊

ကျောင်းသူကျောင်းသားများအနေဖြင့် သမိုင်းဘာသာရပ်ကို သင်ယူခြင်းအားဖြင့် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသော စိတ်ဓာတ်၊ ကိုယ်ကျိုးစွန့်လိုသော စိတ်ဓာတ်၊ တိုင်းရင်းသား ယဉ်ကျေးမှုကို ဖော်ထုတ်သော စိတ်ဓာတ်များကို ပေါ်ထွန်းစေပြီး အမျိုးသားရေး စိတ်ဓာတ်ရှင်သန် ဖွံ့ဖြိုးခြင်း၊ နိုင်ငံတကာ ဆက်ဆံရေးကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ခြင်း၊ အတိတ်က အမှားကို သင်ခန်းစာ ယူတတ်ပြီး အနာဂတ်တွင် မည်သို့ကောင်းမွန်အောင် ပြုလုပ်ရမည်ကို သိရှိခြင်း၊ ထူးချွန်ထက်မြက်သော ခေါင်းဆောင်များကို အားကျအတု ယူလာခြင်း၊ ဖက်စစ်ဝါဒ၊ နာစီဝါဒ၊ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ အရင်းရှင်ဝါဒ၊ စစ်အာဏာရှင်ဝါဒ၊ ဒီမိုကရေစီဝါဒတို့၏ အနှစ်သာရကို အမှန်အတိုင်း သိရှိစေခြင်းစသော အကျိုးတရားများစွာရရှိနိုင်သကဲ့သို့ ပထဝီဘာသာရပ်ကို သင်ယူခြင်း အားဖြင့်လည်း ကမ္ဘာ့ပထဝီ၊ မြန်မာ့ ပထဝီကိုနားလည်လာခြင်း၊ ရာသီဥတုရေမြေတောတောင် သဘာဝပတ်ဝန်းကျင်အခြေအနေကို နားလည် လာခြင်း၊ တိုင်းပြည်၏ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး တို့ကို သိရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါကြောင်း၊

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက “သမိုင်းသင်ရတာ မအအောင်” ဟု လည်းကောင်း၊ ပထဝီပညာရှင်များကလည်း “ပထဝီသင်ရတာမကန်းအောင်” ဟုလည်းကောင်း ပြောဆိုခဲ့ပါကြောင်း၊ ထို့ကြောင့် အခြေခံပညာအထက်တန်းတွင် ဝိဇ္ဇာတွဲ သင်ယူသူ ကျောင်းသူကျောင်းသား အရေအတွက် နည်းပါးခြင်းကြောင့် ပညာရေး ဟန်ချက်မညီ ဖြစ်နေ ခြင်းအပေါ် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myo thein gyi၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည် ကျောင်းသားဦးရေကို ဘာသာရပ်အလိုက် တင်ပြရမည်ဆိုလျှင် မြန်မာစာနေ့မှာဖြေဆိုသူ ၇၁၆၂၁၆ ဦး၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များတွင် ၆၄၀၀၀၀ ကျော်၊ ဇီဝဗေဒဘာသာရပ်တွင် ၁၇၆၉၆၈ ဦးရှိသည့်အတွက်  ဇီဝဗေဒဘာသာရပ်သည် ကျောင်းသား ကျောင်းသူအများစု၏ လေးပုံတစ်ပုံခန့်သာ ဖြေဆိုခဲ့ပါကြောင်း၊

ပထဝီဝင်ဘာသာရပ်နှင်‌့သမိုင်းဘာသာရပ်များတွင် ဖြေဆိုသူ ၇၃၀၀၀ ဝန်းကျင်သာရှိသည့်အတွက် ကျောင်းသားကျောင်းသူ စုစုပေါင်း၏ ၁၀ ပုံတစ်ပုံခန့့်သာ ပထဝီဝင်ဘာသာရပ်နှင်‌့ သမိုင်းဘာသာရပ် တို့ိကို သင်ယူနေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊

ဘောဂဗေဒဘာသာရပ်တွင် ၅၃၀၀၀၀ ကျော်ဝန်းကျင်ရှိသည့်အတွက် ကျောင်းသားကျောင်းသူ လေးပုံသုံးပုံသည် ဘောဂဗေဒဘာသာရပ်ကို စိတ်ဝင်စားသည်ဆိုသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ စိတ်ကြိုက်မြန်မာစာကို  တစ်နိုင်ငံလုံး ဖြေဆိုသူ တစ်ဦးတည်းသာရှိပါကြောင်း ထို့ကြောင့် ဝိဇ္ဇာဘာသာ ရပ်နှင်‌့ သိပ္ပံဘာသာရပ်သည်  ဟန်ချက်မညီသည်တွေ့ရှိရမည်ဖြစ်ပါကြောင်း၊

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး အခြေခံပညာအထက်တန်းအဆင်‌့ သင်သည့် အထက်တန်းပြ ဆရာဆရာမ စုစုပေါင်း ၃၈၆၄၀ ဦး ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အ ထက်တန်းအဆင့် ခန့်ထားသည့် ဆရာဆရာမသည် ၄၉၇၉ ဦး ရှိသည့်အနက် ဝိဇ္ဇာဘာသာတွဲ သင်ကြားပေးနိုင်သည့် ဆရာဆရာမသည် ၁၁၁၀ ဦး ရှိပါကြောင်း၊ ထို့ကြောင့် သိပ္ပံဘာသာတွဲ သင်နိုင်သည့် ဆရာဆရာမသည် လေးပုံသုံးပုံခန့်နှင့် ဝိဇ္ဇာဘာသာတွဲ သင်နိုင်သည့် ဆရာဆရာမကသည် လေးပုံတစ်ပုံသာ ရှိပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး အထက်တန်းဆင့်များတွင် ဝိဇ္ဇာဘာသာတွဲကို သင်ယူနေသည့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၁၃၀၀၀၀ တွင် ၄၇၇ ဦးသာ ရှိသည့်အတွက် ပထဝီဝင်နှင်‌့ သမိုင်း ဘာသာရပ်ကို သင်ယူသူ အင်မတန် နည်းပါးနေပါကြောင်း၊  ကျောင်းသာဦးရေ ပေါ်မူတည်ပြီး ပထဝီဝင်နှင်‌့သမိုင်း ဘာသာရပ်ကို သင်ကြားပို့ချပေးနေသည့် ဆရာဆရာမသည် ၁၆ ဦးသာရှိပါကြောင်း၊

ထို့ကြောင့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ၂၅-၅-၂၀၁၇ ရက်နေ့မှ ၃၁-၅-၂၀၁၇ ရက်နေ့အထိ ဆောင်ရွက်မည့်ကာလတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူလူထုများနှင်‌့ပါ ပူးပေါင်းပြီး  ဝိဇ္ဇာဘာသာတွဲကို ယူမည့်သူမရှိခြင်း(သို့မဟုတ်) ကျောင်းများက ဝိဇ္ဇာဘာသာတွဲကို သင်ကြားပေးနိုင်ခြင်း မရှိ၍ ယူမည့်သူမရှိခြင်း ဟုတ်/မဟုတ်ဆိုသည်ကို ပြန်လည်ဆန်းစစ်သွားမည်ဖြစ်ပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အခြေခံပညာ အထက်တန်းဆင်‌့သင်ကျောင်းများ၏ ဘာသာတွဲ ရှစ်တွဲလုံးတွင် ဘာသာရပ်အလိုက် ကိုက်ညီစွာ သင်ကြားပေးနိုင်သော ဆရာဆရာမများကို အထူးအလေးအနက်ထားပြီး အတတ်နိုင်ဆုံးကိုက်ညီအောင် ဖြည့်ဆည်းဆောင်ရွက်ပေးပါကြောင်း၊ သို့သော်လည်း ဆရာဆရာမများအတွက် လွတ်လပ်ခွင်‌့ ပေးထားတာခြင်းဖြစ်သည့်အတွက်  အဆိုပါကိစ္စအပေါ်ကိုလည်း ပြန်လည်လေ့လာ သွားမည်ဖြစ်ပါကြောင်း၊  အခြေခံပညာအလယ်တန်းအဆင်‌့ အောင်မြင်ပြီး ကျောင်းသားကျောင်းသူသည် အထက်တန်းအဆင်‌့ ကူးပြောင်းပြီး မိမိကြိုက်နှစ်သက်ရာ ဘာသာတွဲကို သင်ယူနိုင်သည့် သင်ကြားသင်ယူမှု အခွင့်အလမ်း ပေးထားသည်ကိုလည်း ဆန်းစစ်သွားမည် ဆိုသည်ကို အလေးအနက် ထားပြီးတင်ပြလိုပါကြောင်း၊ အထက်တန်းအဆင်‌့ကို တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများကိုလည်း မည်သည့်ဘာသာတွဲ ရယူရမည်ဆိုသည့် ဖိအားပေးစေခိုင်းမှု ပြုလုပ်ခြင်းမရှိဘဲ ကျောင်းသားကျောင်းသူများ၏ သဘောဆန္ဒအရ ဘာသာတွဲ ရွေးချယ်ခွင့် ပေးထားသည်ကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုကျောင်းအပ်နှံရေး သတင်းပတ်တွင် အလေးအနက်ထား လေ့လာဆန်းစစ်ပြီး ပညာရေး ဟန်ချက် မညီမှုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။