မေးခွန်း အကြောင်းအရာ
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးရုံးတွင် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူူးတင်ရှိပါကြောင်း၊ သို့သော် ကမ်းပါး လုံးဝမပြိုအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်အတွက် ထပ်မံ၍ အိမ်ခြေ ၆၅ လုံး ဆုံးရှုံးခဲ့ရပါကြောင်း၊ ရွှေ့ပြောင်းရသည့် အိမ်ခြေများ၏ စုစုပေါင်းအကျယ်ဧက ၁၃ ဧကခန့်နှင့် လုပ်စားမြေဧက ၂၀ ခန့် ဆုံးရှုံးခဲ့ပါကြောင်း၊ နေအိမ်များကို အချိန်မီ ရွေ့ပြောင်းနိုင်ခဲ့သော်လည်း ပြန်လည် ချထားရန်အတွက် မြေနေရာဝယ်ယူရာတွင် ၂၀ ပေ၊ ၃၀ ပေ တစ်ကွက်လျှင် ငွေကျပ် သိန်း ၂၀မှ ၄၀ အထိ ပေး ဝယ်ရသည့် အနေအထားဖြစ်နေပါကြောင်း၊ ယခုအချိန်တွင် အဆိုပါကျေးရွာရှိ အခြေခံမူလတန်းလွန်ကျောင်းသည် ကမ်းပါးနှင့်အလွန်နီးကပ်နေပြီဖြစ်သော်လည်း ကျောင်းရွှေ့ရန်အတွက် မြေကွက် ရောင်း မည့်လူမရှိသည့်အခြေအနေနှင့် ရင်ဆိုင်နေရပါကြောင်း၊
နှစ်စဉ်နှစ်တိုင်း မြစ်ရေတိုက်စားခံရသည့် အကြောင်းအရင်းကို လေ့လာရာတွင် ကောင်းကင် ဓာတ်ပုံမှတ်တမ်းအရ ၂၀၀၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြစ်ရေ တိုက်စားခြင်းသည် ပေပေါင်းအရှည် ၃၀၀၀ ကျော် တိုက်စားခဲ့ပြီ ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်အလယ်ခေါင်တွင် သဲသောင်များ ဖြစ်ပေါ် လာခြင်းတို့ကြောင့်လာခြင်းတို့ကြောင့်မြစ်ရေတိုးသည့်အချိန်တွင် ကမ်းပြိုမှုများ ပိုမိုဖြစ်စေခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအဆင့်အနေဖြင့်ကမ်းပါး၏ ရေထိန်းနံရံလောက်သာလျှင်လုပ်ပိုင်ခွင့်ရှိပြီး မြစ်အလယ် ခေါင်ရှိ သောင်များဖြိုဖျက်ခြင်း၊ ရေကြောင်းထိန်းသိမ်း ခြင်းတို့အတွက် ပြည်ထောင်စုအဆင့်က လုပ်ပေးနိုင် မှ သာဆောင်ရွက်နိုင်မည်ဖြစ်ခြင်းကြောင့်ပြည်ထောင်စုအစိုးရအနေဖြင့်ဧရာဝတီမြစ်ကြောင်း ခွဲဖြာစီးဆင်းခြင်းများ မဖြစ်ပေါ်စေရေးအတွက် မြစ်ကြောင်း ထိန်းသိမ်းရေးကို လုပ်ဆောင်ပေး သင့်ကြောင်းကို လည်း တိုက်တွန်းပါကြောင်း၊
သဲသောင်ခုံကို ဖယ်ရှားခြင်းမပြုနိုင်ပါက ဆင်ကျွန်း၊ နန်းတော်ကျွန်း၊ ရွာသာအေး၊ သပြေသာ၊ ဥဒေါင်း၊ စွန်းလွန်းကျေးရွာများကိုပါ တိုက်စားလာဖွယ်ရှိပါကြောင်း၊ လေစောင်းထက် ရေစောင်းက ပို၍ထက်၏ ဆိုရိုး အ တိုင်း ဖြစ်ပေါ် လာ မည် ဆိုပါက ၄ မိုင်ခန့်သာကွာဝေးသော မန္တလေးမြို့ကို ဧရာဝတီမြစ်ကြောင်းသည် ပြောင်းလဲဖြစ်ပေါ်လာပြီး ဆုံးရှုံးမည့်အရေးကို စိုးရိမ်ရသည့်အတွက် ဆင်ညွှန်းကျေးရွာအား ကမ်းပါးပြိုမှုမဖြစ်ပေါ်အောင် ထိရောက်သော ကာကွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးပါမည်နည်းကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။
မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆင်ကျွန်းကျေးရွာသည် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း နုန်းတင်မြေနုကျွန်း ပေါ်မှာရှိပြီး ရေတိုက်စားမှုဒဏ်ကို နှစ်စဉ်ခံရပါကြောင်း၊ ဧရာဝတီမြစ်ရေကြီးချိန် တွင် ဆင်ကျွန်းရွာမြစ်ကမ်းအား ရေစီးပွတ်တိုက်စီးဆင်းသည့်အပြင် ရေနည်းချိန်တွင်လည်း သုံးဆယ် ပေး ကျေးရွာရှေ့ရှိ သောင်ခုံအားပတ်၍ စီးဆင်းလာသော ပင်မရေကြောင်းသည် ဆင်ကျွန်း ကျေးရွာကို ဦးတိုက်စီးဆင်းသည့်အတွက် ဆင်ကျွန်းကျေးရွာသည် ရေဦးထိုးတိုက်စားမှုခံရခြင်း၊ မြစ်ကွေး၏ အပြင်ဘက် (Outer Bend) တွင်ရှိသည့်အတွက် ကမ်းပါးမြေသားသည် ရေတိုက်စားမှု ခံနိုင်ရည်မရှိသည့် သဲနုန်းမြေအမျိုးအစားဖြစ်သောကြောင့် ကမ်းပါးပြိုကျရခြင်းဖြစ်ပါကြောင်း၊ ဆင်ကျွန်း ကျေးရွာ မြစ်ကမ်းပါးအခြေအနေကို ကောင်းကင်ဓာတ်ပုံနှိုင်းယှဉ်ချက်အရ ၂၀၀၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၁၂ နှစ်တာ ကာလအတွင်း အလျားပေ ၉၀၀၀ နှင့် အကျယ်ပေ ၃၀၀၀ အထိ ကမ်းပြိုခဲ့ပြီး ကျေးရွာသည်လည်း အကြိမ်ကြိမ်ရွှေ့ပြောင်းခဲ့ရပါကြောင်း၊ ဆင်ကျွန်းကျေးရွာ ကမ်းပြို ကာကွယ်ရေး အတွက် ရေအရင်း အမြစ်နှင့်မြစ်ချောင်း ဦးစီးဌာနက ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ငွေလုံးငွေရင်း ရန်ပုံငွေ က မျောတိုင်တန်းနှင့် သဲအိတ်ဖြည့် မီတာ ၃၀၀ နှင့် ကျေးရွာအထက်မှာ သောင်တူးလုပ်ငန်း ကျင်းပေါင်း ၁၂၅၀၀ ကျော်ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးသည့် ရေကာ၏ အကျိုးသက်ရောက်မှုကြောင့် ဆင် ကျွန်းကျေးရွာ၏ အထက်ဘက်ရှိ သုံးဆယ်ပေးရွာရှိ ရှေ့သောင်ခုံသည် အောက်ဘက်သို့ ကျလာသည်ကို တွေ့ရှိရပါကြောင်း၊ ဆင်ကျွန်းကျေးရွာ ကမ်းပြိုမှု အပြည့်အဝ ကာကွယ် ရန် ရေ လမ်းကြောင်းပြောင်း လဲရေးလုပ်ငန်းတွေကို ဆောင်ရွက်ရမယ့်အပြင် ယခင်နှစ်က ဆောင်ရွက်ထားရှိသော ရေကာ၏ အကျိုးသက်ရောက်မှုကို ထိန်းသိမ်းကာ ဆင်ကျွန်း ကျေးရွာ အရှေ့ဘက်ကမ်းသို့ သဲနုန်း ကျလာစေ ရန် ရေ လွှဲရေကာကို ထပ်မံတည်ဆောက်ရမည်ဖြစ် ပါကြောင်း၊
ပထမတည်ဆောက်ခဲ့သည့် ရေလွှဲရေကာသည် ပေ ၃၀၀ မီတာ ဖြစ်ပြီး ကမ်းပြိုမှုကို အထိုက် အလျောက် သက်သာရန် Steel Cable Groyne ပေ ၁၅၀ သုံးခု ကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် မန္တလေး တိုင်းဒေ သကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေက ထုတ်ယူသုံးစွဲဆောင်ရွက်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် မေလ မြစ်ရေတိုးချိန်တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် အချိန်မီပြန်လည် ပြင်ဆင် ခဲ့ပါကြောင်း၊ ထို့ကြောင့် Steel Cable Groyne များ ကို ပြောင်းလဲလာသော ရေကြောင်းပြောင်းလဲမှုနှင့် အညီ လိုအပ်သည့် နေရာများကို ရွှေ့ပြောင်းတပ်ဆင်ပေးရမည်ဖြစ်ပါကြောင်း၊
မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာ ကမ်းပြိုမှုကို အပြည့်အဝကာကွယ်ပေးနိုင်ရန်အတွက် ကျေးရွာရှေ့ကို စီးဆင်းလျက်ရှိသော ရေစီးကြောင်းကို ပြောင်းလဲစီးဆင်းရန် သုံးဆယ်ပေး ရွာရှေ့ရှိ မင်းကွန်းအဝင် ရေလမ်းကြောင်းအထိ အလျားပေ ၃၀၀၀၊ အကျယ် ၇၀ မီတာ အနက် အနိမ့်ရေစင်အောက် ၃ မီတာ မြေသားပမာဏ ကုဗမီတာပေါင်း ၉ သိန်းကျော်ကို သောင်တူးလုပ်ငန်း ဆောင်ရွက်ရမှာဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်ကျပ် ၄၈၃ သန်း ဖြစ်သည့်အပြင် ယခင်ဆောင်ရွက် ထားသည့် ရေလွှဲရေကာကို ထပ်မံ စွမ်းအားမြှင့်ခြင်း၊ မျောတိုင်တန်းကို ထပ်မံ ဆက်ခြင်းနှင့် ကျောက်ဖြည့်ရေတာကို မီတာ ၆၀၀ ထပ်မံဆက်မှသာ ရေလမ်းကြောင်းက ပြောင်းလဲဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန် အတွက် ၃၂၅ သန်း ဖြစ်ပါကြောင်း၊
ဆင်ကျွန်းကျေးရွာရှိ သဲနုန်းများကျဆင်းပြီး သောင်ဖြစ်ပေါ်လာရန် ဆင်ကျွန်းကျေးရွာ အထက်ဘက်တွင် အလျားမီတာ ၆၀၀ ရှိ မျောတိုင်တန်းကျောက်ဖြစ်ရေကာတာကိုလည်း ထပ်မံ တည်ဆောက်ရမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာ ၂၄၂ သန်းဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေနှင့် ဝန်ကြီး ဌာန၏ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေတွင် ဆောင်ရွက်ရန် ပါဝင်ရှိခြင်း မရှိခဲ့ပါကြောင်း၊
ဆင်ကျွန်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် အဓိကဆောင်ရွက်မယ့်လုပ်ငန်းသည် ရေ ကြောင်းကို ပြောင်းလဲရမည်ဖြစ်ခြင်းပါကြောင်းနှင့် ထိုသို့ပြောင်းလဲနိုင်ရန် ရေကာတန်းကို သေချာစွာ တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်က ဘဏ္ဍာငွေ ရရှိရေးအတွက် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက အဆိုပါနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။
ဦးဇော်မင်းလွင်(မတ္တရာ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကောင်းကင်ဓာတ်ပုံမှတ်တမ်းများအရ ရေတိုက်စားခြင်းခံရသည့်ကာလသည် ၁၂ နှစ်အချိန်ထိ ကြာမြင့်ခဲ့ပါကြောင်း၊ ထို့ကြောင့် မြစ်ကြောင်းထိန်းသိမ်းရေးအနေဖြင့် အောက်ခြေကို ကွင်းဆင်းပြီး ကြိုတင်ကာကွယ်သင့်သည့်အရာများကို အရာကို ကြိုတင်ကာကွယ်နိုင်ရန်ကြိုတင် အစီအမံများ ပြုလုပ်ပေးပါရန် မေးမြန်းပါသည်။
