ဦးဇော်မင်းလွင်( မတ္တရာမဲဆန္ဒနယ်)

အမည်

ဦးဇော်မင်းလွင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မတရ(နိုင်)၀၁၄၄၉၇

မွေးသက္ကရာဇ်/အသက်

၂၉-၅-၁၉၇၂/(၄၃)နှစ်

မွေးဖွားရာဇာတိ

ပြည်သူ့ဆေးရုံ၊ မတ္တရာမြို့

ပညာအရည်အချင်း

B.Sc(Hons:), M.Sc(Zool)

လက်ရှိအလုပ်အကိုင်

ဈေးသည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသန်းလွင်၊ ၉/မတရ(နိုင်)၀၁၄၃၇၆၊ တောင်သူသုံးပစ္စည်းရောင်းဝယ်ရေး

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်စီ(ခ)ဒေါ်ခင်သီ၊ ၉/မတရ(နိုင်) ၀၂၇၃၇၆၊ တောင်သူ

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြတ်ဝါ(ကွာရှင်းပြီး)၊ ဒေါ်တိုးတိုးလွင်၊ ၉/မသန(နိုင်)၀၇၈၉၂၆၊မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ကောင်းခန့်ဇင်(မိ)ဒေါ်မြတ်ဝါ ကျောင်းသား

(၂) မမေစုနိုင်(မိ)ဒေါ်တိုးတိုးလွင်၊ (၂)လသမီး

အမြဲတမ်းနေရပ်လိပ်စာ

မြို့သစ်(၄)၊ အမှတ်(၂)နယ်မြေ၊ မတ္တရာမြို့၊ ပြင်ဦးလွင်ခရိုင်၊ မန္တလေးတိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အလုပ်အမှုဆောင်အဖွဲ့(အဖွဲ့ဝင်) မန္တလေးတိုင်းဒေသကြီး၊ တောင်သူလယ်သမားရေးရာကော်မတီ (အတွင်းရေးမှူး)၊ မန္တလေးတိုင်းဒေသကြီး

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မတ္တရာမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ၁၉၇၈ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ မတ္တရာ မြို့နယ် မြို့မ အ.မ.ကနှင့် အ.ထ.ကတို့တွင် သင်ယူခဲ့သည်။ ၁၉၉၄ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ မန္တလေးတက္ကသိုလ်တွင် တက်ရောက်သင်ကြားခဲ့ပြီး သိပ္ပံဂုဏ်ထူးတန်းဘွဲ့ (သတ္တဗေဒအထူးပြု)နှင့် မဟာသိပ္ပံဂုဏ်ထူးဘွဲ့(သတ္တဗေဒအထူးပြု)ဘွဲ့များ ရရှိခဲ့ သည်။
မန္တလေးမြို့ အဝေးသင်တက္ကသိုလ် သတ္တဗေဒဌာနတွင် သရုပ်ပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့ဝင် (မတ္တရာမြို့)အဖြစ် လည်းကောင်း၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမဲရုံကိုယ်စားလှယ် (NLD)အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ (အဖွဲ့ဝင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မတ္တရာမြို့နယ်အဖြစ်လည်းကောင်း၊ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့၊ အဖွဲ့ဝင်နှင့် တိုင်းတောင်သူလယ်သမားရေးရာကော်မတီ အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၁၅-၆-၂၀၀၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အသင်းသားများ လွတ်မြောက်ရေးအတွက် ရွှေသိမ်တော်အရှေ့ကျောင်း ဓမ္မာရုံတွင် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ပြီးအပြန် မတ္တရာမြို့၊ မြို့မဈေး အရှေ့ မြောက်ထောင့် လမ်းဆုံအကျော်တွင် အင်္ကျီပန်းရောင်ဝတ်ဆင်ထားသော လူတစ်ဦးမှ ကျွန်တော်၏ဖခင် ဦးသန်းလွင်(NLD ဥက္ကဋ္ဌ)အား လက်သီးဖြင့်ထိုး၍ ထွက်ပြေးသွား ခဲ့ပါသည်။ မျက်နှာတွင် သွေးများထွက်ရှိလာပြီး ဒဏ်ရာရရှိသည့်အတွက် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရန် သွားရောက်ခဲ့ပါသည်။ ဝတ်ပြုဆုတောင်းပွဲတွင် အရပ်ဝတ်နှင့် လိုက်ပါကြည့်ရှုနေသော ရဲဝန်ထမ်းများသည် ရဲယူနီဖောင်း အပြည့်အစုံဝတ်ဆင်ထား ပြီး ဒိုင်းများ၊ တုတ်များကိုင်ဆောင်ကာ တန်းညှိသည့်အနေအထားဖြင့် တွေ့မြင်ရပါ သည်။ ထိုပြေးသွားသူသည် ကြံ့ခိုင်ရေးရုံးအတွင်း ပြေးဝင်သွားသည်ဟု သတင်း ပို့ချက်အရ စခန်းမှူး ဦးခင်မောင်သိန်းမှ သွားရောက်ရှာဖွေရန် ဒုရဲအုပ် ဇော်မင်းမင်းထွေးသို့ တာဝန်ပေးပါသည်။ ကျွန်တော့်အားလည်း အတူလိုက်ပါ သွားရန်ပြောသဖြင့် ဒုရဲအုပ် ဇော်မင်းမင်းထွေးနှင့်အတူ (NLD)အဖွဲ့ဝင်အချို့နှင့် ကျွန်တော်အပါအဝင် ကျွန်တော့်မိသားစုအချို့ လိုက်ပါသွားခဲ့ကြပါသည်။ မတ္တရာမြို့၊ ဒင်္ဂါးချောင်းဂိတ်အနီး လမ်းပေါ်တွင်ပင် နေထိုင်ခဲ့ကြပြီး လမ်း၏ယာဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးဝင်းအတွင်းသို့ ဝင်ရှာခြင်းမရှိခဲ့ကြပါ။ တစ်စုံတစ်ရာအချင်းများခြင်း၊ ခွန်းတုံ့ပြန် ပြောဆိုရခြင်းမရှိပါဘဲ တာဝန်ကျ ဒုရဲအုပ် ဇော်မင်းမင်းထွေးကိုယ်တိုင် ပါရှိနေသော်လည်း ထိုနေ့ကထိုနေရာသို့ ရောက်ရှိခဲ့မှု အပေါ်အကြောင်းပြု၍ ဦးကျော်မင်း (ပြည်ခိုင်ဖြိုး)မှ တရားလိုပြုလုပ်၍ တရားရုံးသို့ တရားစွဲခံရပြီး မတ္တရာတရားရုံးတော်မှ (၅၀၆)(ဒု)/၁၁၄ ပုဒ်မများဖြင့် ထောင်ဒဏ် (၅)နှစ် ချမှတ်ခံခဲ့ရပါသည်။ အယူခံဝင်ရောက်ရာတွင် (၄)နှစ် အယူခံအနိုင်ရရှိပြီး ထောင်ဒဏ်(၁)နှစ် ၅-၁၀-၂၀၀၇ ရက်နေ့မှ ၃-၁၀-၂၀၀၈ ရက်နေ့အထိ ထောင်ဒဏ် ကျခံခဲ့ရသည်။
မန္တလေးအဝေးသင်တက္ကသိုလ်တွင် ၂၂-၁-၂၀၀၂ ရက်နေ့မှစ၍ သရုပ်ပြ ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၆-၃-၂၀၀၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မှ မန္တလေးအပြန်ခရီးစဉ်တွင် ထော်လာဂျီ မောင်းနှင်လိုက်ပါပေးခဲ့မှုအပေါ် အကြောင်းပြု၍ ၁၇-၇-၂၀၀၃ ရက်နေ့တွင် သရုပ်ပြရာထူးမှ ရပ်စဲခြင်းခံခဲ့ရသည်။
ဒေါ်မြတ်ဝါနှင့် ၂၇-၁၁-၂၀၀၁ ရက်နေ့တွင် အိမ်ထောင်ကျခဲ့ပြီး သား တစ်ယောက် ရရှိခဲ့သည်။ ၁၈-၁၂-၂၀၀၅ ရက်နေ့တွင် နှစ်ဦးသဘောတူ ကွာရှင်း ပြတ်စဲခဲ့ကြသည်။