(င)-ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်၊ဒါးကတိုက် နယ် တွင် ခုတင် (၁၆) လုံးဆံ့ တိုက် နယ်ဆေးရုံ တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၁.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

shwe hlaဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ဒါးက ကျေးရွာအုပ်စုသည် အိမ်ခြေ ၁၅၃၉ အိမ်၊ အိမ်ထောင်စု ၁၅၅၇ စု၊ လူဦးရေ ကျား/မပေါင်း ၇၇၁၁ ဦး နေထိုင်သော တိုက်နယ်အဆင့်ကျေးရွာ အုပ်စုကြီးဖြစ်ပြီး ပုသိမ်- ရန်ကုန် ကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ်(၂၂/၂)တွင် တည်ရှိကာ ကန်ကြီး ထောင့်မြို့နှင့် ခုနစ်မိုင် ကွာဝေးပါကြောင်း၊ ဒါးကကျေးရွာသည် ကန်ကြီးထောင့်မြို့နယ်နှင့် ကွာဝေးခြင်းမရှိသော်လည်း ဒါးကကျေးရွာအုပ်စုကိုအမှီပြုနေထိုင်ကြရသည့် ဝက်တိုး၊ ပျဉ်းမငူ၊ ညောင်ကုန်း၊ ဆိပ်သား၊ ညောင်ချောင်း၊ သရက်ချောင်း၊ သဖန်းကူကျေးရွာအုပ်စုများရှိ အိမ်ခြေပေါင်း ၄၆၇၅ အိမ်၊ အိမ်ထောင်စု ၄၄၉၃ စု၊ လူဦးရေ ကျား/မပေါင်း ၂၂၂၆၅ ဦးတို့သည် ကန် ကြီးထောင့် ဆေးရုံနှင့်အလှမ်း ကွာဝေးပြီး လမ်းပန်းဆက်သွယ်‌ရေးအခက်အခဲရှိသည့် ကျေးရွာအုပ်စုများဖြစ်သဖြင့် ကျန်းမာရေးနှင့် ပတ်သက်သည်များကို ဒါးကကျေးလက်ကျန်းမာရေးဌာနကိုသာ အားကိုးနေရပါ ကြောင်း၊ အထူးသဖြင့် မြွေကိုက်ခံရသောလူနာများ၊ ကလေးမွေးမရသောလူနာများသည် လမ်းပန်း ဆက်သွယ်ရေး အခက် အခဲကြောင့် ဆေးရုံသို့အချိန်မီ သွားရောက်နိုင်ခြင်းမရှိသဖြင့် အသက် ဆုံးရှုံးမှုများ ရှိနေရပါကြောင်း၊

သာပေါင်းမြို့နယ်နှင့် အလှမ်းကွာဝေးသော လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒါးက ကျေးရွာအနီး သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာ စုစုပေါင်း ၂၃ ရွာ၊ အိမ်ထောင်စု စုစုပေါင်း ၂၉၉၅ စု၊ လူဦးရေ ၁၀၀၁၄ ဦးသည်လည်း ဒါးကကျေးလက် ကျန်းမာရေးဌာနကို အမှီပြု၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်နေရပါကြောင်း၊ ဒါးကကျေးရွာအုပ်စုတွင် ကျေးလက် ကျန်းမာရေးဌာန အဆင့် သာရှိပြီး ကျန်းမာရေးမှူးတစ်ဦး အပါအဝင် ကျန်းမာရေး ဝန်ထမ်းပေါင်း ၆ ဦးဖြင့် အထက်ဖော်ပြပါ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာအုပ်စုများ၏ ပြည်သူများ အတွက် ကျန်း မာရေးစောင်‌့ရှောက်မှု ကို ဆောင်ရွက်နေရပါကြောင်း၊ နိုင်ငံတော်မှ ခုတင် ၁၆ လုံးဆံ့ တိုက်နယ်ဆေးရုံတစ်ရုံ ချထားပေးနိုင်မည် ဆိုပါက ပြည်သူများမှ ဝမ်းသာ အားရ မျှော်လင့် နေပါ ကြောင်းနှင့် ဆေး ရုံဆောက် လုပ်ရန် အတွက် မြေနေရာကို ပုသိမ်-ရန်ကုန် ကားလမ်းမ ဘေးရှိ မြေအကျယ်အဝန်း ၄ ဧကရှိသော မြေနေရာအား ကျေးရွာအစီအစဉ်ဖြင့် စီစဉ် ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဒါးက တိုက်နယ်တွင် ခုတင် ၁၆ လုံးဆံ့ တိုက်နယ်ဆေးရုံတစ်ခု ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးနိုင်မည်၊ အစီအစဉ်မရှိပါက မည်သည့် အ တွက်ကြောင့်ဖြစ် သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ဒါးကတိုက်နယ်တွင် ၁၆ ခုတင်ဆံ့ တိုက်နယ်အဆင့် တိုးမြှင့်ခြင်းကိစ္စနှင့် ပတ်သက်၍ ကန်ကြီးထောင့်မြို့နယ်တွင် ၂၅ ခုတင်ဆံ့ မြို့နယ် ဆေးရုံတစ်ရုံ၊ ကန်ရွာ တိုက် နယ်ဆေးရုံ၊ ကျိုက်လတ်တိုက်နယ်ဆေးရုံ စုစုပေါင်း ဆေးရုံ ၃ ရုံရှိပါကြောင်း၊ ဒါးက ကျေးလက် ကျန်းမာရေးဌာနပိုင် မြေနေရာအကျယ်အဝန်းသည် ၅၆.၈ စတုရန်းမိုင်ရှိပြီး ကျေးရွာ အုပ်စုပေါင်း ၁၃ စု၊ ကျေး ရွာပေါင်း ၈၆ ရွာနှင့် လူဦးရေ ၃၄၀၈၂ ဦးရှိပါကြောင်း၊ ဒါးကကျေးလက် ကျန်းမာရေးဌာနသည် ကန်ကြီးထောင့်မြို့နယ်ဆေးရုံနှင့် ၇ မိုင် ၄ ဖာလုံကွာဝေးပြီး မော်တော်ယာဉ်ဖြင့် မိနစ် ၃၀၊ ပုသိမ်ပြည်သူ့ဆေး ရုံကြီးနှင့် ၂၂ မိုင် ၂ ဖာလုံကွာဝေးပြီး ၁ နာရီ ၄၅ မိနစ်၊ ၂ နာရီ ခန့်၊ ကျောက်ကုန်းမြို့နယ် ဒေါင်‌့ကြီးတိုက်နယ်ဆေးရုံနှင့် ၃ မိုင်ခွဲကွာဝေးပြီး သွားလာရန် လွယ်ကူသည့် နေရာဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဒါး ကဆေးရုံကို လွန်ခဲ့တဲ့ ၁ လခွဲခန့်က ရောက်ရှိခဲ့ပြီးဖြစ်သည့် အပြင် နိုင်ငံတော်သမ္မတကြီး၏ ၂၆ ရက်နေ့ ဇူလိုင်လ ခရီးစဉ်တွင် လိုက်ပါစဉ်ကလည်း ဒါးက မြို့နယ်၏ ရပ်မိရပ်ဖများနှင့် ထပ်မံတွေ့ ဆုံခဲ့ပါကြောင်း၊ အဆိုပါ ခရီးစဉ်တွင် ဒါးက(၁၆)ကုတင်ဆံ့ ဆေးရုံဆောက်လုပ်ရန်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဦးစီး ကုသမှူးအား အသေးစိတ်လေ့လာဆန်းစစ် တင်ပြရန် မှာကြား ခဲ့ပါကြောင်း၊ တင်ပြလာပါက အထူး ကိစ္စရပ် အနေဖြင့် စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုအချိန်တွင် ကျေးလက် ကျန်းမာရေးဌာနဖြစ်သည့်အတွက် ဆရာဝန် ထားရှိရန် မဟုတ်သော် လည်း အထူးကိစ္စရပ် အနေဖြင့် ဆရာဝန် တစ်ဦးကို သုံးလခန့် နေရာချထားပေးမည်ဖြစ်ပါကြောင်း၊ လိုအပ်မည်ဆိုပါက ၁၆ ခုတင်ဆံ့ ဆေးရုံ တည်ဆောက်ရန်အတွက် ဆက်လက် စဉ်းစား ဆောင်ရွက်ပေး သွားရန် အစီအစဉ် ထားရှိပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။