မေးခွန်း အကြောင်းအရာ
ကင်းတားဘက်စုံစီမံကိန်းကြီးကို ၁၉၈၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ပြီးစီးခဲ့ ပါကြောင်း၊ သက်တမ်း၂၅နှစ် ရှိပြီဖြစ်သော ကင်းတားဘက်စုံရေလှောင်တမံကြီးကို အစမှ အဆုံးပြုပြင် ထိန်းသိမ်းမှု အားနည်း ခဲ့ပါကြောင်း၊ ရေကိုစုဆောင်းသည့် ရေဆင်းဧရိယာ(Catchment Area) သည် ရှမ်းပြည်နယ် ရွာငံမြို့နယ်၊ ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ သာစည်မြို့နယ် တို့ ဖြစ်ပါ ကြောင်း၊ ၎င်းမြို့နယ်မှသစ်တောများသည် သစ်တော ပြုန်းတီးခဲ့သည့် အကျိုးဆက် အနေဖြင့် မိုးရေချိန် များနည်းလာသည့်အတွက်ကန်ထဲသို့ရေဝင်နှုန်းနည်းလာ ခဲ့ပါကြောင်း၊ ထို့အပြင် သစ်တောပြုန်း၍ အမှိုက် နှင့် နုန်းများကို ထိန်းသိမ်း နိုင်ခြင်းမရှိသည့်အတွက်တမံထဲတွင် အနည်ထိုင်သည့်နုန်းများ မြင့် တက် လာခဲ့ပါကြောင်း၊ ထို့ကြောင့် ၎င်းတမံကို ထိန်းသိမ်းရန်အတွက် ဒီ Catchment Area တွင်ရှိသည့် သစ်များ အဆမတန် ဥပဒေမဲ့ထုတ်လုပ်နေသည်ကို သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးအစိုးရနှင့် ဝန်ကြီးဌာနများ ပူးပေါင်းကြပ်မတ်ကာ ထိထိရောက်ရောက်အရေးယူ ကာကွယ်သင့်ပါကြောင်း၊ အထူး သဖြင့် ငလျင်ဒဏ်နှင့်ရေကြီးရေလျှံသည့်အခါ သဘာဝဘေးအန္တရာယ်ကို ဒဏ်ခံနိုင်မှုရှိ/မရှိကို သေချာ စစ်ဆေးပြီး ကြံ့ခိုင်မှုကိုထိန်းသိမ်းပေးစေလိုပါကြောင်း၊ Power Hourse တွင်အသုံးပြုနေသည့် တာပိုင် မှစပြီး အစစအရာရာ ပြုပြင်ထိန်းသိမ်း Update လုပ်ရန်အတွက် စဉ်းစားပေးစေလိုပါကြောင်း၊ လက်ဝဲ/ လက်ယာ၊ ပန်းလောင် ရေသောက်စနစ် များကို Main ကန်ထဲမှစပြီး အောက်ဆုံး လက်တံခွဲမြောင်း အထိ စနစ်တစ်ခုချင်းစီ အပိုင်းလိုက် ပြီးပြတ်အောင် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ အထူးသဖြင့် ရေသောက် စနစ်သုံးခုအတွင်း ပန်းလောင်နှင့် စမာရေသောက်စနစ်ကို Revel Rotate လုပ်ရန် လိုအပ်နေပါကြောင်း၊ ပြုပြင်ထိန်းသိမ်းရန်လိုအပ်နေသော ကင်းတားဘက်စုံ ရေလှောင်တမံ အား ရေဆင်းဧရိယာ သို့မဟုတ် ရေဖမ်း ဧရိယာ၊ ရေဝေရေလဲ ဧရိယာ၊ ရေလှောင် တမံ၊ ရေလွှဲဆည်၊ ရေပေးမြောင်း၊လက်တံမြောင်း၊လက်တံခွဲမြောင်းအထိ ဆည်တမံများ၊ရေလွှဲဆည်နှင့် ရေသောက်စနစ် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် စီမံကိန်းများ၊ စီမံချက်များဖြင့် အစအဆုံးပြုပြင် ထိန်းသိမ်းရန် အစီ အစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီး ဆောင်ရွက်ရန်အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကို သိလိုကြောင်း မေးမြန်းခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင်ရှိသည့် ကင်းတားဘက်စုံရေလှောင်တမံကို ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တမံဆက်စပ်ရေအား အဆောက်အဦများနှင့် ကန်ရေဝပ် ဧရိယာတို့ကို ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပြီး ရေဝေရေလဲသစ်တောဧရိယာများ ထိန်းသိမ်းခြင်း နှင့် မြေအသုံးချမှုစီမံခန့်ခွဲခြင်းလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့် သစ်တော ဦးစီးဌာနတို့မှ တာဝန်ယူထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကင်းတားရေလှောင်တမံသည် စိုက်ပျိုးရေပေးဝေရေးနှင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရန်အတွက် စံချိန်စံညွှန်းပြည့်မီအောင် တည်ဆောက်ခဲ့သော ဘက်စုံရေလှောင် တမံတစ်ခုဖြစ်ပြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိသဖြင့် ရေရည်ကြံ့ခိုင်မှုအတွက် လုံခြုံစိတ်ချရသော အခြေအနေတွင်ရှိပါကြောင်း၊ ကင်းတားရေတမံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရန်နှင့် ကင်းတားရေ လွှဲဆည်တွင် သိုလှောင် ထိန်းသိမ်းပြီး လက်ဝဲ/လက်ယာမြောင်းမကြီးများနှင့် ပန်းလောင် ရေသောက်စနစ်များဖြင့် စိုက်ပျိုး ရေပေးဝေလျက်ရှိပါကြောင်း၊ တည်ဆောက်ခဲ့သည့် နှစ်ကာလကြာမြင့်လာသဖြင့် ကင်းတား ရေလွှဲ ဆည် အထက်ဘက်တွင် သဲနုန်းများ ပို့ချမှုများကြောင့် ရေလွှဲဆည်၏ မူလရေလှောင် ပမာဏ ၁၈၂၄ ဧကမှ ဧက ၉၀၀ ခန့်ကိုသာ သိုလှောင်နိုင်သည့် အတွက် သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက် ရန် လိုအပ်လျက် ရှိပါကြောင်း၊ နှစ်အလိုက်ရန်ပုံငွေခွဲဝေရရှိမှု အခြေအနေအရ နွေစပါးစိုက်ပျိုးရေ ပေးဝေပြီး နောက်မိုးကြိုသီးနှံ ရေပေးဝေရသဖြင့် လုပ်ငန်းဆောင်ရွက်ရသည့်ကာလသည် အချိန်တို ကာလဖြစ် ပါကြောင်း၊ ရေလွှဲဆည် သဲနုန်း တူးဖော်ခြင်း လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာစိုက်ပျိုးရေးညှိနှိုင်းအဖွဲ့များနှင့် တောင်သူလယ်သမားများ ပေါင်းစပ်ညှိနှိုင်းမှုများ စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကင်းတားရေသောက်စနစ်သည် လက်ဝဲ/ လက်ယာ မြောင်းမ ကြီးများနှင့် ပန်းလောင် ရေသောက်စနစ်များ ပါဝင်ပြီး တူးမြောင်းမကြီး၏အလျားသည် ၁၅၁ မိုင် နှင့် လက်တံမြောင်းနှင့် မြောင်းခွဲအလျားသည် ၄၀၆ မိုင်ရှိပါကြောင်း၊ တူးမြောင်းများသည် ရှည်လျားပြီး ရေသောက်ဧရိယာသည် ကျယ်ပြန့်သောကြောင့် ရေလှည့် ဇယားရေးဆွဲပြီး ရေပေးဝေလျက်ရှိရာ ရေပေးမြောင်းများအား ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ထိန်းသိမ်း ပြုပြင်လျက် ရှိ သော်လည်း ရေပေးမြောင်းများတွင် ပင်းတားများပိတ်၍ရေယူခြင်း၊ တူးမြောင်းအတွင်း သဲထုတ်ခြင်း၊ နွေသီးနှံနှင့် မိုးသီးနှံ တစ်ဆက်တည်း ရေပေးဝေရသဖြင့် တူးမြောင်းများ ပြုပြင်ရန် လုပ်ငန်းကာလ တိုတောင်းခြင်း များကြောင့် ရေပေးမြောင်း နှင့် ရေပေး အဆောက်အဦများ ပျက်စီးမှုများ ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ ကင်းတားရေသောက် စနစ်အတွင်း ရေပေးဝေမှု ပိုမို ကောင်းမွန်စေရန် ပြုပြင်ဆောင်ရွက် သည့် လုပ်ငန်းများအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၈၅ ခု ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေ ကျပ် ၅၂၂၆.၅ သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၄၅ ခု ဆောင်ရွက်နိုင်ရန် အတွက် ရန်ပုံငွေ ကျပ် ၂၂၁၉.၇၄ သန်း စုစုပေါင်းလုပ်ငန်း ၁၃၀ အတွက် လိုအပ်ရန်ပုံငွေ ကျပ် ၇၄၄၆.၂၄ သန်းအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေအဖြစ် တောင်းခံပြီး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကင်းတားရေလှောင်တမံ ၏ ရေဆင်း ဧရိယာများ၊ ရေဝေ ရေလဲ သစ်တောဧရိယာများမပြုန်းတီးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကို တိုင်းဒေသ ကြီးအစိုးရနှင့် သစ်တောဦးစီးဌာနတို့မှ စီမံဆောင်ရွက် လျက်ရှိပြီး ရေလှောင်တမံ၊ ရေလွှဲဆည်နှင့် ဆည်ရေ သောက်စနစ်များကို ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ရန်ပုံငွေရရှိမှု အပေါ်အခြေခံပြီး ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆက်လက်ဆောင် ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား ခဲ့ပါသည်။
