မေးခွန်း အကြောင်းအရာ
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (ဈ) အရ လယ်ယာမြေကို လယ်ယာစိုက်ပျိုးခြင်း မပြုလုပ်ဘဲ ချန်ထားမည်ဆိုပါက ခိုင်လုံသည့် အထောက်အထားများနှင့် သက်ဆိုင်ရာကို တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာလျှင် ထားရှိရမည်ဆိုသည်မှာ ဥပဒေပြဋ္ဌာန်းချက်ရှိပါကြောင်း၊ ထို့အတူ ဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ) တွင်လည်း လယ်ယာမြေကို အခြားနည်းဖြင့် သုံးမည်ဆိုပါက သက်ဆိုင်ရာ အဖွဲ့အစည်း၏ အဆင့်ဆင့်ခွင့်ပြုချက်ကို ရယူပြီးမှ အခြားနည်းဖြင့် သုံးလို့ရခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ၏ ကားလမ်းနှင့် ရထားလမ်းဝဲယာ ဘေးပတ်ဝန်းကျင်ကို ကြည့်မည်ဆိုလျှင် ပိုက်ဆံရှိသည့်သူများမှ မြေများကို ကိုယ်စားလှယ်များဖြင့်ဝယ်ယူပြီး သက်ဆိုင်ရာကျေးရွာ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မြေစာရင်းဌာနမှ ဝန်ထမ်းများက ပွဲစားလုပ်ပြီး အရောင်းအဝယ်များ ပြုလုပ်ပေးပါကြောင်း၊ ယခုလို ပြုလုပ်ပေးသည့်အခါတွင် ၎င်းမြေများအပေါ် ခြံခတ်ခြင်း၊ ကန်တူးခြင်းနှင့် မြေကြီးဖို့ခြင်း များဆောင်ရွက်ပြီးစီးပါက ၎င်း မြေများကို အရောင်းအဝယ် အဆင့်ဆင့်ပြန်လုပ်ပြီး မြေကို တန်ဖိုးသင့် မြေ အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးမှ တာဝန်ရှိ သည့် ပုဂ္ဂိုလ်များမှ လျစ်လျူရှုထားသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ကိုယ်တိုင် မြေယာဥပဒေကို ဆန့်ကျင်ပြီး ပြုလုပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် လည်း ယနေ့အထိ ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်ထားခြင်း မရှိပါကြောင်း၊ မိမိတို့ နိုင်ငံများစွာအတွက် လယ်ယာမြေ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်လာနိုင်သည့်အတွက် သက်ဆိုင်ရာ ဌာနများမှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ထားရှိ ပါသနည်း နှင့် မည်ကဲ့သို့ တားဆီးမည်နည်းဆိုသည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၏ ရထားလမ်း၊ ကားလမ်း ဝဲယာဘေးအနီးရှိ လယ်မြေများအား သီးနှံစိုက်ပျိုးမှုမရှိဘဲ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ပြုထားသည့် အမှုတွဲပေါင်း ၄၂ တွဲ ရှိကြောင်းသိရှိရပြီး အမှုတွဲများ ဆောင်ရွက်ထားရှိမှု အခြေအနေကို အောက်ပါအတိုင်း သိရှိ ရပါကြောင်း၊
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အနေဖြင့် လယ်ယာမြေအခြားနည်း အသုံးပြုသည့် အမှုတွဲပေါင်း ၄၂ တွဲရှိသည့်အနက် အမှုတွဲသုံးခုမှာ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(က)အရ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ လယ်ယာမြေအခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့် ပုံစံ(၁၅) ရရှိထားပြီး အမှုတွဲပါ စီမံချက်အတိုင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ပါရှိကြောင်း၊ (၁) ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအုပ်စုရှိ လယ်မြေ ၂၂.၀၃ ဧကအား စက်မှုလုပ်ငန်းသုံး အဆောက်အဦ အသုံးပြုရန်မြေအဖြစ် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ၂၂-၉-၂၀၁၅ ရက်နေ့ အစည်းအဝေးအမှတ်စဉ် (၁၁။၂၀၁၅) အရ ၂၉-၉-၂၀၁၅ ရက်နေ့တွင်လည်းကောင်း၊ (၂) ဝေါမြို့နယ်၊ မှိုကတုံးကျေးရွာအုပ်စုရှိ လယ်မြေ ဝ.၇၁ ဧကအား စက်သုံးဆီအရောင်းဆိုင်လုပ်ငန်း အသုံးပြုရန်မြေအဖြစ် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၄-၃-၂၀၁၆ ရက်နေ့ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၅) အရ ၂၈-၃-၂၀၁၆ ရက်နေ့တွင် လည်းကောင်း၊ (၃) ဝေါမြို့နယ်၊ အရှေ့ဘက်ကမ်းကျေးရွာအုပ်စုရှိ လယ်မြေ ၂.၅၀ ဧကအား စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်း အသုံးပြုရန်မြေအဖြစ် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၄-၃-၂၀၁၆ ရက်နေ့အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၅) အရ ၂၈-၃-၂၀၁၆ ရက်နေ့တွင်လည်းကောင်း လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပါကြောင်း၊
ကျန်ရှိသည့် အမှုတွဲ ၃၉ ခုအနက် လယ်ယာမြေဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ (က) အရ လျှောက်ထားဆဲ အမှုတွဲ ၂၃ ခု၊ လယ်မြေဧရိယာ ၆၈.၃ ဧကရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေပုံရေးကူးခွင့်ပြုခဲ့သဖြင့် လယ်ယာမြေ နည်းဥပဒေအပိုဒ် ၈၂ ၊ ၈၃၊ ၈၄၊ ၈၅ တို့နှင့်အညီ အမှုတွဲဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ခရိုင်လယ်ယာမြေ စီမံခန့်မှုအဖွဲ့သို့ တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၁၂ ကို ကျူးလွန်ဖောက်ဖျက်လျက် စပါးသီးနှံ စိုက်ပျိုးခြင်းများ ပြုလုပ်ခြင်းမရှိဘဲ ကျောက်တိုင်များစိုက်၍ စည်းရိုးများကာရံထားရှိခြင်း၊ မြေများဖို့ခြင်း၊ ကန်တူးခြင်းများ ဆောင်ရွက်ထားရှိသော ကျန်ရှိသည့် အမှုတွဲပေါင်း ၁၆ ခုတွင် စားသောက်ဆိုင် (၅) ဆိုင်အတွက် လယ်မြေဧရိယာ ၄.၅ ဧက၊ ပစ္စည်းသိုလှောင်ရုံ သုံးရုံအတွက် လယ်မြေဧရိယာ ၆.၃၉ ဧက၊ စက်သုံးဆီအရောင်းဆိုင် နှစ်ဆိုင်အတွက် လယ်မြေဧရိယာ ၁.၁၇ ဧက၊ လယ်ယာသုံးပစ္စည်း အရောင်းဆိုင် နှစ်ဆိုင်အတွက် လယ်မြေဧရိယာ ၂.၅၈ ဧက၊ မွေးမြူရေးခြံနှစ်ခုအတွက် လယ်မြေဧရိယာ ၁.၉၄ ဧက၊ ဈေးဆိုင်နှစ်ဆိုင်အတွက် လယ်မြေဧရိယာ ၁.၂၅ ဧကဖြစ်ပြီး မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ၁၃-၅-၂၀၁၅ ရက်နေ့နှင့် ၁၈-၉-၂၀၁၅ ရက်စွဲပါစာများဖြင့် တားမြစ်ထားပါကြောင်း၊
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ အခန်း(၄) ပုဒ်မ ၁၂ ပုဒ်မခွဲ (ဆ) တွင် လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခွင့်မပြုရဟု ပြဋ္ဌာန်းထားပြီးဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးခြင်းမပြုဘဲ ကျောက်တိုင်များ စိုက်၍စည်းရိုးများ ကာရံခြင်း၊ ကြိုတင်၍ မြေဖို့ အဆောက်အဦ ဆောက်လုပ်ခြင်းများသည် စည်းကမ်းချက် အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက်တစ်ခုကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်ပါက လယ်ယာမြေဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် ပုဒ်မ ၁၉ တွင် ပြဋ္ဌာန်း ထားရှိသော အောက်ဖော်ပြပါ အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ (က) သတ်မှတ်သည့် ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ (ခ) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ (ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများအား နှင်ထုတ်ခြင်း၊ (ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အဦများကို ဖယ်ရှားခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
၂၀၁၂ ခုနှစ်၊ လယ်ယာမြေနည်းဥပဒေ ၅၄ နည်းဥပဒေခွဲ (က) အရ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူမှ လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ ပါ စည်းကမ်းချက်များ အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက် တစ်ခုခုကိုဖြစ်စေ လိုက်နာရန်ပျက်ကွက် ကြောင်းတွေ့ရှိလျှင် လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ အရ ဝန်ကြီးဌာနမှ ၎င်းကိစ္စကို ခန့်အပ်ထားသည့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ အဆင့်ဆင့်တင်ပြရမည်ဟုလည်းကောင်း၊ နည်းဥပဒေခွဲ (က) အရ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူမှ လယ်ယာမြေဥပဒေပုဒ်မ ၁၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကြောင်း တွေ့ရှိလျှင် ပုဒ်မ ၃၇ အရ အရေးယူနိုင်ရန် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ချက်ချင်း တင်ပြရမည် ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိပါကြောင်း၊
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၉-၅-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၇၉၅။ ၃၄၉-၁-၁၉။ အဖရ (၂၀၁၃) ဖြင့် လယ်ယာမြေအား အခြားနည်းဖြင့် သုံးစွဲမှုများအပေါ် စိစစ်ရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ အားလုံးနှင့် ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီသို့ လည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၉-၈-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၁၂။ လယ-၁၆။ (၀၃၃။၂၀၁၃) ဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များသို့ လည်းကောင်း ညွှန်ကြားထားရှိပါကြောင်း၊
လယ်ယာမြေဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(ဈ) တွင် ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို ချန်လှပ်ထားခြင်းမပြုရဟု ပြဋ္ဌာန်းထားရှိပြီး ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ချန်လှပ်ထားသည့် လယ်ယာမြေများနှင့် စပ်လျဉ်း၍ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ အပိုဒ် ၅၄ အပိုဒ်ခွဲ (က) ပါ ပြဋ္ဌာန်းချက်နှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ လယ်ယာမြေများတွင် ခွင့်ပြုချက်ရယူ ဆောင်ရွက်ခြင်းမရှိဘဲနှင့် လယ်ယာမြေဥပဒေကို အခြားနည်းအသုံးပြုမှု ဆောင်ရွက်နေခြင်းများသည် လယ်ယာမြေဥပဒေပုဒ်မ ၁၂ ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းဖြစ်သဖြင့် ခန့်အပ်ထားသော လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ လယ်ယာမြေဥပဒေပုဒ်မ ၁၉ အရ ဆောင်ရွက်သွားရန် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ပုဒ်မ ၁၉ ပါ ပြစ်ဒဏ်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက လယ်ယာမြေဥပဒေပုဒ်မ ၃၅ နှင့် ပုဒ်မ ၃၆ တို့အရ ထပ်မံ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် လက်ရှိတွေ့မြင်နေရသည့် မြင်ကွင်းအနေအထား ဖြစ်ပါသဖြင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်များ ကိုယ်တိုင်ဥက္ကဋ္ဌအဖြစ်ပါဝင် ဖွဲ့စည်းထား သည့် နေပြည်တော် /တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ကြီးကြပ်ကွပ်ကဲမှုဖြင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်မှ ဥပဒေ၊ နည်းဥပဒေများ၊ ပြဋ္ဌာန်းချက်များနှင့် အညီဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
ဦးတင်ထွေး (ဝေါမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့မြို့နယ်သည် ငါးကန်မွေးသည့် လူအချို့မှာ တော်တော်လေးနည်းပါကြောင်း၊ ယခု လယ်ယာမြေ ဝယ်ယူ၍ ကန်များဖြစ်လာပြီး မြေကြီးများ ရောင်းစားနေကြသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ အရ အရေးယူဆောင် ရွက်ခဲ့သည် ဆိုသည့်အမှုသည် လုံးဝမရှိပါကြောင်း၊ ယခု မိမိမေးလိုသည့် မေးခွန်းသည် ပုဒ်မ ၁၉ အရ အရေးယူ ဆောင်ရွက်ခြင်းမရှိသည့်အပေါ် မလိုက်နာလို၍့ တရားရုံးမှ တရားစွဲသည့်အမှုလည်း တစ်မှုမှမရှိပါကြောင်း၊ ထို့ကြောင့် စာရင်းဇယားအရ တချို့ကိစ္စများ တွင် တင်ပြသည့်အပေါ် ဝန်ကြီးဌာနအနေဖြင့် သေသေချာချာစောင့်ကြည့်ပြီး မှန်ကန်မှုရှိ/မရှိ ဆိုသည်ကို ဆက်စပ်မေးမြန်းပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ ဆွေးနွေးပြောကြားပါသည်။
လယ်ယာမြေဥပဒေနှင့်ပတ်သက်၍ ပုဒ်မ ၁၂ နှင့် ညိစွန်းလျှင် ပုဒ်မ ၁၉ ဖြင့် အရေးယူမည်ဖြစ်ပြီး အရေးယူရာတွင် ဆက်ပြီးလုပ်မည်ဆိုပါက ပုဒ်မ ၃၀၊ ၃၁ စသည်ဖြင့် အရေးယူမည်ဆိုသည်ကို ဝန်ကြီးဌာနမှ ပြည့်ပြည့်စုံစုံဖြေကြားပြီးဖြစ်ပါသည်။ အရေးယူမည့်ကိစ္စများတွင် လယ်ယာမြေ ပြောင်ပြောင်တင်းတင်း ဥပဒေချိုးဖောက်သည့် ကိစ္စမှန်သမျှ ကန်ဖြစ်ဖြစ်၊ ယာဖြစ်ဖြစ်၊ လယ်ဖြစ်ဖြစ် အကုန်အကျုံးဝင်ပါကြောင်း၊ ဝန်ကြီးဌာနမှ ပြည့်ပြည့်စုံစုံဖြေကြားပြီးဖြစ်သည့်အတွက် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး အနေဖြင့် မှတ်ယူစေချင်ပါကြောင်း ပြောကြားပါသည်။
