(ခ)-မကွေးတိုင်းဒေသကြီး၊ကျောက်ထုမြို့အားမြို့နယ် အဖြစ် အမြန်ဆုံးဖွဲ့စည်း သတ်မှတ်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၆.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

kyaw tinကျောက်ထုမြို့သည် ဆောမြို့မှမြောက်ဘက် ၂၅ မိုင်အကွာတွင် တည်ရှိပြီး ပြည်ထဲရေး ဝန်ကြီး ဌာန ၆-၅-၂၀၀၄ ရက်စွဲပါစာအမှတ်၊ ၁၀၀/၂၂-၃၆၆/ဦး-၁ ဖြင့် ပေးပို့သည့် အမိန့် ကြော်ငြာစာအရ ကျောက်ထုကျေးရွာ၊ ကွန်ပိုကျေးရွာ၊ နတ်ရဲကျေးရွာတို့အား စုစည်း၍ ကျောက်ထုမြို့နယ်ခွဲအဖြစ် ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာ ပေါင်း ၄၃ ရွာဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၂-၆-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာ စာ (၆၁၁/၂၀၁၄) ဖြင့် မြို့နယ်ခွဲ စကားရပ်အား ပယ်ဖျက်ခဲ့သည့်အတွက် မြို့အဖြစ်ဖွဲ့စည်း ထားရှိပါကြောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာ ၂၁ ဌာနဖြင့် ဒေသ လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၅၀ ခုနှစ်တွင် ကျောက်ထု လေယာဉ်ကွင်း ကိုတည်ဆောက်ခဲ့ရာ ချင်းပြည်နယ် (တောင်ပိုင်း) မင်းတပ်မြို့၊ မတူပီမြို့၊ ကန်ပက်လက်မြို့နှင့် ဆောမြို့နယ်တို့ရှိ ပြည်သူများလေကြောင်းဖြင့် သွားလာနိုင်သည့် လေဆိပ်ဖြစ်ခဲ့ပါကြောင်း၊ မန္တလေး-ပခုက္ကူ-ပေါက်-ကျောက်ထု-ကန်ကြီး-မင်းတပ်-ကန်ပက် လက်မြို့ ကားလမ်း၊ ငဖဲ-စေတု တ္တရာ-ဆော-ကျောက်ထ-ထီးလင်း-ဂန့်ဂေါ-ကလေးမြို့တို့ နှင့် ခရိုင်ချင်းဆက် ကားလမ်းများ ဖောက်လုပ်ခဲ့ရာ ကူးသန်း သွားလာမှု အချက် အချာကျသည့် မြို့ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ ၎င်းကို မြို့နယ်အဖြစ် သတ်မှတ် ပေးပါက ဂန့်ဂေါခရိုင် အတွင်း လေးမြို့နယ်ဖြစ်လာ မည် ဖြစ် ပါကြောင်း၊ ကျောက် ထုမြို့အား ကျောက်ထုမြို့နယ်အဖြစ် အမြန်ဆုံး ဖွဲ့စည်း သတ် မှတ်ပေးနိုင် ခြင်းရှိ/မရှိ၊ မည်သည့်နှစ်တွင် မြို့နယ် အဆင့်တိုးမြှင့် သတ်မှတ်ပေးနိုင်မည့် အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၄ တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ များတွင်ရှိသည့် ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ် နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လာပါလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံ တင်ပြပြီး နိုင်ငံတော်သမ္မတမှ လိုအပ် သလို ဆောင်ရွက် ပေးရမည် ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ကို ယခင်က မြို့တစ်မြို့၊ ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၆၅ အုပ်စု၊ ကျေးရွာ ၁၁၅ ရွာနှင့် ဖွဲ့စည်း ထားရှိ ခဲ့ပါကြောင်း၊ ဆောမြို့နယ်အတွင်းရှိ ကျောက်ထု ကျေးရွာ အုပ်စုကိုလည်း ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၂၉ အုပ်စု၊ ကျေးရွာ ၄၃ ရွာ ပါဝင်သည့် ကျောက်ထုမြို့နယ်ခွဲအဖြစ် ၆-၅-၂၀၀၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၁ ပြဋ္ဌာန်းချက်နှင့် အညီဖြစ်စေရန်အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့အစည်းအဝေး သဘောတူညီချက်အရ ပြည်ထဲရေး ဝန်ကြီးဌာနမှ ၂၂-၅-၂၀၁၄ ရက်နေ့တွင် မြို့နယ်ခွဲစကားရပ်ကို ပယ်ဖျက်ပြီး မြို့အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ သည့် အတွက် မြို့နယ်ခွဲရှစ်ခုကို မြို့အဖြစ် ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးခဲ့ပါကြောင်း၊ ထို့ကဲ့သို့ မြို့နယ်ခွဲ စကားရပ်ကို မပယ်ဖျက်မီအချိန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မြို့ ၃၉ မြို့၊ မြို့နယ်ခွဲ ၈၄ ခု ရှိခဲ့ပြီး မြို့နယ်ခွဲစကားရပ်ကို ပယ်ဖျက်ပြီးသည့်နောက်တွင် အသစ်ထပ်မံဖွဲ့စည်းသည့်မြို့ ၂၃ မြို့ဖြစ်သည့်အတွက် ယခုအချိန်တွင် မြို့စုစုပေါင်း ၁၄၆ မြို့ ရှိနေပြီဖြစ်ပါကြောင်း၊ ကျောက်ထုမြို့ နယ်ခွဲသည် မြို့နယ်ခွဲစကားရပ် ပယ်ဖျက်ပြီးသည့်နောက် ကျောက်ထုမြို့အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည့်အတွက် ဆောမြို့နယ်ကို မြို့နယ် ၂ မြို့နယ်၊ မြို့ ၂ မြို့နှင့် ရပ်ကွက်ငါးခု၊ ကျေးရွာအုပ်စု ၆၃ အုပ်စု၊ ကျေးရွာ ၁၁၅ ရွာ နှင့် ဖွဲ့စည်း ထားရှိပါကြောင်း၊ ကျောက်ထုမြို့သည် ဆောမြို့နယ် အတွင်းရှိသည့် မြို့တစ်မြို့ဖြစ်ပြီး ရပ်ကွက် ၃ ရပ်ကွက်၊ အိမ်ခြေ ၁၀၂၆၊ အိမ်ထောင်စု ၁၀၃၆ စု၊ လူဦး ရေစုစုပေါင်း ၄၇၄၆ ဦး ရှိသည့် မြို့တစ်မြို့ ဖြစ်ပါကြောင်း ၎င်းမြို့တွင် အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်း၊ အခြေခံမူလတန်းကျောင်း နှစ်ကျောင်း၊ ကိုယ်ပိုင် အထက်တန်း ကျောင်းတစ်ကျောင်း၊ မူကြိုကျောင်းတစ်ကျောင်း၊ ၁၆ ခုတင်ဆံ့ ဆေးရုံတစ်ရုံ၊ စေတီ ကိုးဆူ၊ ဘုန်းကြီးကျောင်းသုံးကျောင်းရှိပြီး အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ စစ်မှုထမ်းဟောင်း၊ ကြက်ခြေနီ၊ အရန်မီးသတ်စသော လူမှုရေးအသင်းအဖွဲ့များလည်း ဖွဲ့စည်းထားရှိ ပြီးဖြစ်ပါကြောင်း၊ ကျောက်ထုမြို့တွင် ပခုက္ကူ-ပေါက်-ကျောက်ထု-ကန်ကြီး-မင်းတပ်လမ်း မြို့ချင်းဆက် လမ်း တစ်လမ်း၊ မြို့တွင်းကတ္တရာလမ်းနှစ် လမ်း၊ ကျောက်ချောလမ်း ၁၃ လမ်း၊ ဆက်သွယ်ရေး တာဝါ တိုင်တစ်တိုင်၊ တယ်လီနောတာဝါတိုင်နှစ်တိုင်နှင့် အစိုးရဌာနပေါင်း ၂၁ ဌာနရှိပါကြောင်း၊ မြို့အဖြစ် သတ်မှတ် ထားသည့်မြို့ ၁၄၆ မြို့တွင် ကျောက်ထုမြို့အပါအဝင် လူဦးရေ ၅၀၀၀ အောက်တွင် ရှိသည့်  မြို့ ၅၃ မြို့ဖြစ်ပါကြောင်း၊ ကျန်ရှိမြို့များတွင် လူဦးရေ ၁၀၀၀၀ အထက်ရှိသည့် မြို့မှ လူဦးရေ ၁၀၀၀၀၀ အထက်ရှိသည့် မြို့နှစ်မြို့၊ လူဦးရေ ၇၀၀၀၀ အထက်ရှိသည့် မြို့တစ်မြို့၊ လူဦးရေ ၄၀၀၀၀ အထက်ရှိသည့် မြို့တစ်မြို့၊ လူဦးရေ ၃၀၀၀၀ အထက်ရှိသည့် မြို့လေးမြို့၊ လူဦးရေ ၂၀၀၀၀ အထက်ရှိသည့် မြို့ ၁၃ မြို့၊ လူဦးရေ ၁၀၀၀၀ အထက်ရှိသော မြို့ ၃၉ မြို့နှင့် လူဦးရေ ၅၀၀၀ နှင့် ၁၀၀၀၀ ကြားတွင်ရှိသော မြို့ ၃၃ မြို့ ရှိသည့်အတွက် လူဦးရေ ၅၀၀၀၀ နှင့် အထက်မြို့က ၉၃ မြို့ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ကျောက်ထုမြို့ကို မြို့နယ်အဖြစ် တိုးချဲ့ဖွဲ့စည်းရန် တင်ပြလာပါက ၎င်း မြို့များကိုလည်း မြို့နယ်အဖြစ် တိုးချဲ့ဖွဲ့စည်းပေးရမည့် အခြေအနေများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိရပါသည်။ မြို့အဆင့်တွင် အစိုးရဌာန ၂၁ ခုရှိပြီး၊ မြို့နယ်အဆင့်တွင် အစိုးရဌာနပေါင်း ၃၉ ခုအထိ တိုးချဲ့ဖွဲ့စည်းရမည် ဖြစ်သည့်အပြင် ရုံးဌာနများ၏ ဖွဲ့စည်းပုံကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊

ထိုသို့ မြို့ ၁၄၆ မြို့ကို မြို့နယ်အဆင့် တိုးမြှင့်မည်ဆိုပါက တိုးချဲ့ဖွဲ့စည်းတာဝန်ပေးရမည့် ဝန်ကြီး ဌာနအသီးသီးမှ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများစွာ တိုးမြှင့်ခန့်အပ်ရန် လိုအပ်လာမည့်အပြင် ဝန်ထမ်းများ လုံလောက်စွာ တာဝန်ပေးအပ်ရန် အခက်အခဲများ ရှိပါကြောင်း၊ ထို့ကြောင့် ရုံးအဆောက်အဦ၊ နေအိမ်အဆောက်အဦများနှင့် အခြားသောပစ္စည်းများ ဖြည့်တင်းရန်အတွက်လည်း ငွေလုံးငွေရင်းများစွာ လိုအပ်ခြင်း၊ ရုံးလုပ်ငန်းဆောင်ရွက်နိုင်ရေး၊ သာမန်ငွေစာရင်းများစွာ လိုအပ်ခြင်းစသည့် နိုင်ငံတော်ဘဏ္ဍာငွေများစွာ သုံးစွဲရမည့် အခြေ အနေများနှင့် လုပ်ငန်းစဉ်များစွာ လိုအပ်လာမည် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၉ ပုဒ်မခွဲ (က) တွင်လည်း မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း မြို့နယ် ၃၃၀ ထက်ပိုမိုလာပါက အသစ် ဖွဲ့စည်းသည့် မြို့ကိုတစ်ဆက်တစ်စပ်တည်း ဖြစ်သောသင့်လျော်သည့် မြို့နယ်တစ်ခုတွင် ပူးပေါင်း၍လည်းကောင်း၊ ဥပဒေနှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဟု ပြဋ္ဌာန်းထား ရှိသည့်အတွက် မြို့နယ်အဖြစ်တိုးချဲ့ဖွဲ့စည်းခြင်းသည် ပြည်သူ့လွှတ်တော် ရွေးချယ်ဖွဲ့စည်းမှုအပေါ် အုပ်ချုပ်မှု၊ စီမံမှုဆိုင်ရာ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များလည်း ပေါ်ပေါက် လာနိုင်ပါကြောင်း၊ ထို့အပြင် လက်ရှိအခြေအနေများအရ ကျောက်ထုမြို့ကို မြို့နယ်အဖြစ် တိုးချဲ့ ဖွဲ့စည်းရန် မသင့်သေး ပါကြောင်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ညှိနှိုင်းဖြေကြားခဲ့သည့်အတွက် ကျောက်ထုမြို့နယ် အဖြစ် တိုးချဲ့ဖွဲ့စည်းရန် လတ်တလောအစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်း ဖြေကြား ပါသည်။