(ခ)-မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင်၆၆/၁၁KV ၅ MVAဓာတ်အားခွဲရုံတည်ဆောက်ရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၅.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

aung khin winမကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် 66/11 KV 5 MVA ဓာတ်အားခွဲရုံတည်ဆောက်ရန် လွန်ခဲ့သော သုံးနှစ်ခန့်က ၁၂-၈-၂၀၁၃ ရက်နေ့တွင် မြိုင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကြယ်ပွင့် မပြမေးခွန်း မေးမြန်းခဲ့သည့်အပေါ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဓာတ်အားခွဲရုံ မလိုအပ်သေးပါကြောင်း၊ တိုးတက်များပြားလာသော ဓာတ်အားသုံးစွဲမှုကို လိုက်၍ လိုအပ်သည့် အချိန်တွင် ဝန်အားနိုင်နင်းမှုရှိမည့် ဓာတ်အားခွဲရုံကို စီမံကိန်းလျာထားချက်တွင် ထည့်သွင်း သွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ မြိုင်-ကမ္မ 11 ဓာတ်အားလိုင်းမှ မီးလင်းကျေးရွာ ကိုးရွာရှိပါကြောင်း၊ ယခုအခါ မြိုင်-ကမ္မ 11 KV ဓာတ်အားလိုင်းမှ ကျေးရွာ ၄၅ ရွာထိ ခွဲယူသုံးစွဲနေခြင်းကြောင့် မြိုင်မြို့ပေါ် တွင် လျှပ်စစ်ဓာတ်အားများ အလွန်ပင်ကျဆင်းနေပါသဖြင့် သုံးစွဲ၍မရဖြစ်နေပါကြောင်း၊ ယခုလက်ရှိတွင် ရွာတွင်းမီးတိုင်များ စိုက်ထူပြီး မီးလင်းရန်အသင့်ရှိနေသည့် ရွာသုံးရွာနှင့် စီမံကိန်းအရ 11 KV ဓာတ်အားလိုင်းမှ နှစ်မိုင်အတွင်း မီးလင်းကျေးရွာ ရွာ ၂၀ လည်းရှိပါကြောင်း၊ ဓာတ်အားခွဲရုံမြေနေရာလည်း ရှိပြီးဖြစ်ပါကြောင်း၊

တိုးတက်များပြားလာသည့် ဓာတ်အားသုံးစွဲမှု ရှိလာခြင်းကြောင့် နောင်နှစ်များတွင် စီမံကိန်းအရ မီးလင်းကျေးရွာများရှိလာမည် ဖြစ်သောကြောင့် မိမိတို့မြိုင်မြို့တွင် 66/11 KV 5 MVA ဓာတ်အားခွဲရုံ လိုအပ် နေသည်မှာ အမှန်ဖြစ်ပါကြောင်း၊ ထိုသို့လိုအပ်လျက်ရှိသည့် ဓာတ်အားခွဲရုံကို တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိလျှင်လည်း မရှိသည့်အကြောင်းနှင့် ခွဲရုံမရရှိသေးလျှင်လည်း ဓာတ်အားများ ပြည့်မီအောင် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

phe zin tunလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်သို့ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကမ္မဓာတ်အားခွဲရုံမှ (ကမ္မ-မြိုင်ဖီဒါ) ၁၁ ကေဗွီဓာတ်အားလိုင်း ၂၁ မိုင်ခန့်တည်ဆောက်ပြီး ဓာတ်အားဖြန့် ဖြူးပေးထားခြင်း ဖြစ်ပါကြောင်း၊ မြိုင်မြို့နယ်အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၄၆ ရွာမှလည်း ကိုယ့်အားကိုယ်ကိုးမီးလင်းရေး လုပ်ငန်းများဆောင်ရွက်ပြီး ဓာတ်အားရယူလျက်ရှိရာ လက်ရှိစုစုပေါင်း သုံးစွဲသောဝန်အားမှာ ၂.၆ မဂ္ဂါဝပ်ခန့်ရှိပါကြောင်း၊ တိုးတက်လာမည့် ဓာတ်အားသုံးစွဲသူ များအတွက် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ကျုံးဆည်အနီး ၆၆ ကေဗွီလိုင်း ၂၀ မိုင်၊ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေခွဲရုံတစ်ရုံနှင့် ကမ္မဓာတ်အားခွဲရုံတွင် ၆၆ ကေဗွီ Outgoing Switch Bay တစ်ခု တည်ဆောက်နိုင်ပါက မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၂၉ ရွာနှင့် ရေစကြိုမြို့နယ် အနောက်‌ မြောက်ပိုင်းကျေးရွာများကို လျှပ်စစ်ဓာတ်အား ဆက်လက်ဖြန့်ဖြူး ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊

အထက်တွင် ဖော်ပြထားသည့် ၆၆ ကေဗွီ လိုင်း ၂၀ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ခွဲရုံတစ်ရုံ စုစုပေါင်းကုန်ကျစရိတ် ကျပ်သန်းပေါင်း ၃၅၃၉ အား ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထား စီစဉ်ခဲ့သော်လည်း ဝန်ကြီးဌာနအလိုက် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်း (အသုံး စရိတ်) များ စိစစ်လျှော့ချမှုတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ဦးစားပေးဆောင်ရွက်နိုင်ရန် စီမံခဲ့ရသည့်အတွက် ဓာတ်အားလိုင်းနှင့် ခွဲရုံအသစ် တည်ဆောက်ခြင်းအတွက် ပါဝင်နိုင်ခြင်း မရှိတော့ပါကြောင်း၊ မြိုင်မြို့နယ်တွင် ၆၆ ကေဗွီလိုင်း ၂၀ မိုင် နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ခွဲရုံတစ်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို စတင်အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ထပ်မံထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။