(ခ)-ကျောက်ဖြူမြို့ GTI ကျောင်း ဆောက်လုပ်ရန် မြို့ပေါ်၌ အသင့်လျော်ဆုံးသော မြေနေရာရရှိရေး အတွက် နိုင်ငံတော်အစိုးရကမည်ကဲ့သို့ကူညီပေး မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၂၄.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u ba shaneကျောက်ဖြူမြို့သည် လွန်ခဲ့သော်သုံးနှစ်က အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းတစ်ကျောင်း ကို ဖွင့်လှစ်ခွင့်ရခဲ့ပါကြောင်း၊ ကိုယ်ပိုင်မြေနေရာ မရှိသည့်အတွက် ကျောင်း အဆောက်အဦ လည်း ကိုယ်ပိုင်မရှိသေးပါကြောင်း၊ သန်ပန်ချောင်းကွက်ရှိ ယခင် အ.လ.က(၄)တွင် ပညာသင်ကြား နေသော  ကျောင်းသား၊ ကျောင်းသူများကို တခြားနေရာသို့ ပြောင်းပြီး သင်ကြားနေရပါကြောင်း၊  ကျောက်ဖြူမြို့၊ ခရိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ မှ မြို့နှင့်အင်မတန်ဝေးသည့် နေရာတွင် ကျောင်းမြေ နေရာပေးရန် စီစဉ်ထား ပါကြောင်း၊ ကျောက်ဖြူမြို့တွင် GTI ကျောင်း တစ်ကျောင်း ဆောက်လုပ်နိုင် သော မြေနေရာများစွာ ရှိပါကြောင်း၊ အခု ပိုက်စိပ်ရပ်ကွက်ရှိ  မီးလောင်ကွင်းသည် ဧက ၂၀ ခန့်ကျယ် ပါကြောင်း၊ သန်ပန်ချောင်းရပ်ကွက်ရှိ ဆေးရုံနှင့် စက်ရုံဟုခေါ်သည့် စက်ရုံကြီးကြား တွင်  မြေဧက ၇ ဧကလောက်ရှိသည့်မြေနှင့် တခြားမြေများရှိပါကြောင်း၊ မြို့နှင့်အင်မတန်ဝေးသည့် နေရာကို ညွှန်ပြနေ သည့်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရ မှမည်ကဲ့သို့ ကူညီနိုင်မည်ကို မိမိအနေ ဖြင့် သိရှိလိုပါကြောင်း၊ မြို့နှင့် ၉ မိုင် ၁၀ မိုင်ကွာဝေးသည့်နေရာတွင် GTI ကျောင်းကိုဖွင့်လှစ်သည့် အတွက် ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများ၏ သွားလာရေး၊ နေထိုင်ရေး၊ ကျန်းမာရေး ကိုလည်းကောင်း၊ ကျောင်းတွင် ညနေသင်တန်း များဖွင့်မယ်ဆိုပါက ၎င်းတောထဲတွင် မည်ကဲ့သို့ ဖွင့်မည် ကို လည်းကောင်း၊ ကျောက်ဖြူမြို့တွင် GTI ကျောင်းဆောက်လုပ်ရန် မြို့ပေါ်၌ သင့်လျော် ဆုံး မြေနေရာ ရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ကူညီမည်ကို သိရှိလိုပါကြောင်း၊ ယခု ကျောက်ဖြူမြို့ GTI ကျောင်း၊ အ.လ.က(၄)သည် ကျောက်ဖြူမြို့ သန်ပန်ချောင်းရပ်ကွက်တွင်ရှိပါ ကြောင်း၊ ထို့ကြောင့် ၎င်းကျောင်းကိုမူလနေရာတွင် ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ကို သိရှိလို ကြောင်း မေးမြန်းခဲ့ပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myo thein gyiအစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ) AGTI အား ၂၀၁၄-၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီး အထူးပြု အင်ဂျင်နီယာ ဘာသာရပ်သုံးခုဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၁၄ ဦးခန့်ကို ပညာသင်ကြားပေးလျက် ရှိပါကြောင်း၊ ကျောင်းမြေနေရာနှင့် အဆောက်အဦ မရရှိသေးသည့်အတွက် ကျောက်ဖြူမြို့၊ အမှတ် (၄) အခြေခံ ပညာအလယ်တန်း ကျောင်းတွင်း ယာယီဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ ကျောင်းဆောက်လုပ်ရန်အတွက် မြေ ၁၀ ဧက ရှိလျှင် မြေနေရာလုံလောက်မှု ရှိပါကြောင်း၊ သန်ပန် ချောင်း ရပ်ကွက်ရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင် စက်ရုံဟောင်းနှင့်ဝန်ထမ်းအိမ်ရာ အဆောက်အဦ ဆောက် ထားသည်‌့မြေများနှင့် ပြည်သူ့ဆေးရုံ မြေနေရာများကိုလည်း မိမိတို့ပြုပြင်ပြီးအသုံးပြုပါက ရနိုင်သည့် အခြေအနေတွင်ရှိပါကြောင်း၊ ကျောက်ဖြူမြို့နယ် မှ AGTI ဆောက်လုပ်ရန်အတွက် အဆိုပြုထား သည့် မြေနေရာသည် ကျောက်ဖြူမြို့နယ်၏ အနောက်တောင်ဘက်တွင် ရှိပြီး အလှမ်းဝေး သည့် အတွက် မိမိ ကန့်ကွက်ခဲ့ပါကြောင်း၊ မြို့နှင့်ဝေးသည့် အပြင် အနောက်တောင်ဘက်မှ မုန်တိုင်းများ သည် ကျောင်းကို အဓိကဦးတည်၍ ရောက်ရှိ လာမည်ဖြစ်သည့် အတွက် သင်တန်းကျောင်း ဆောက် လုပ်ရန်အခက်အခဲ ရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ယခု ယာယီဖွင့်ထားသော အ.လ.က(၄) ကျောင်း နေရာတွင် ဆက်လက် ဖွင့်လှစ်လိုပါကြောင်း၊ အ.လ.က(၄)တွင် ဖွင့်လှစ်ခွင့်မရပါက ကျောက်ဖြူမြို့ ပေါ်ရှိ အသင့်လျော်ဆုံး‌ မြေနေရာပေးရန် အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုတင်ပြပြီး  ပူးပေါင်း ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ ကျောက်ဖြူမြို့ပေါ်တွင် ၎င်းနေရာသည် ကျောင်းများခပ်စိပ်စိပ်ရှိသည့် အတွက် အသင့်တော်ဆုံး နေရာဖြစ်ပါကြောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ) အမြန်ဆုံး ဖွင့်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ကျောက်ဖြူမဲဆန္ဒနယ်၊ဦးဘရှိန် မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

နိုင်ငံတော်အစိုးရမှ ကျောက်ဖြူ GTI ကျောင်းဆောက်ရန်အတွက် မြေနေရာရရှိအောင် မည်ကဲ့သို့ ကူညီမည်ကို သိလို၍မေးခြင်းဖြစ်ပါကြောင်း၊ ယခင်ကတည်းက ကျောက်ဖြူ GTI ကျောင်းတစ် ကျောင်းရရန် အတွက် မြေနေရာကို ဟိုနေရာ၊ ဒီနေရာ၊ ဟိုမှာ၊ သည်မှာဆိုပြီး အမျိုးမျိုး ဘော်လီဘော ပုတ်သလို ပုတ်နေပါကြောင်း၊ ဟိုဘက်ရွှေ့လိုက်၊ ဒီဘက်ရွှေ့လိုက် နှင့် မရေမရာ ဖြစ်နေပါကြောင်း၊ မိမိတို့ ကျောက်ဖြူမြို့ကို အုပ်ချုပ်နေသော ကျောက်ဖြူမြို့နယ် အစိုးရအဖွဲ့အစည်းများ၊  ဌာနဆိုင်ရာ များမှ ၎င်းမြေနေရာ ရရှိရေးကို မလုပ်နိုင်ကြသည့် အတွက် ပြည်ထောင်စုအစိုးရကို အကူအညီ တောင်းခြင်း ဖြစ်ပါကြောင်း၊ ယခုအစိုးရလက်ထက် ကျောက်ဖြူမြို့တွင် ပြုပြင်စရာမလိုသည့် မြေဧက ၂၀ လောက်ရှိသည့် မီးလောင်ကွင်း ပိုက်စိပ် ရပ်ကွက်တွင်ရှိပါကြောင်း၊ ယခု အ.လ.က(၄)နှင့် တစ်စပ်တည်းရှိ ယခင်ပုလဲနှင့်ငါးလုပ်ငန်းစက်ရုံကို ပိတ်ထားရကြောင်း၊ ၎င်းခြံနှင့်တစ်စပ်တည်း တွင်မြေနေရာကို ရနိုင်မရနိုင်သည်ကိုသိရှိလိုပါကြောင်းနှင့် မည်သည့်နေရာမည်သည့်အချိန်တွင် ရရှိမည်ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိမ်းကြီး မှဆက်လက်ဖြေကြားပါသည်။

မည်သည့်နေရာတွင် မြေရမည် ဆိုသည်ကို မိမိအနေဖြင့် လုပ်ပေး၍မရပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် ယခင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဦးစီးဌာနပိုင် ၊ ယခု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် ပူးပေါင်းပြီး မြေနေရာ ရရှိရန် အတွက် ဝန်ကြီးဌာနချင်းပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုလိုပူးပေါင်း ဆောင်ရွက် သည့်အခါ ၎င်းမြေနေရာ ရရှိရန်အတွက် သက်ဆိုင်ရာ ကော်မတီများကို  တင်ပြပြီး အဆင့်ဆင့် အတည်ပြုချက် ရယူရပါကြောင်း၊ ပညာရေးဝန်ကြီးဌာန သည် မြေနေရာချက်ချင်း သတ်မှတ်ပေးနိုင်၊ ဆောင်ရွက်ပေးနိုင်သည့် ဝန်ကြီးဌာနမဟုတ်သည့် အတွက် မိမိအနေဖြင့် ဆောင်ရွက်ပေးလို့မရနိုင် ပါကြောင်း၊ မိမိဆောင်ရွက်ပေးနိုင်သည်မှ သင့်လျော်သည့်နေရာ အမြန်ဆုံးရရှိရန် ရခိုင်ပြည်နယ် အစိုးရအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့ပါသည်။