မေးခွန်း အကြောင်းအရာ
မင်းလယ်တောမြောင်းသည် ဆောမြို့နယ်၊ ကျောက်ထုမြို့အနီး ငလွန်းကျေးရွာ၊ သရက်ချဉ်ကျေးရွာနှင့် နသိုးကျေးရွာ သုံးရွာပေါင်း နှစ်သီးစားလယ်ဧက ၅၃၀ ကို ယောချောင်းမှတစ်ဆင့် စိုက်ပျိုးရေ ထောက်ပံ့ဝေသည့် ရေသွယ်မြောင်းဖြစ်ပါကြောင်း၊ ၂၅-၇-၂၀၁၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ ရေကြီးမှုကြောင့် မြောင်းဦးရေလွှဲပေါက်အထက်နားတွင် ကွန်ကရစ်ပေါင် ပေ ၂၅၀ ခန့်နှင့် ပန်းဆန်ကျေးရွာ ရေတံခါးအောင် ပေ ၁၅၀ ခန့် စုစုပေါင်း ပေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ လယ်သမားအင်အားဖြင့် စုပေါင်း၍ ဒေသထွက်သစ်ခတ်ဆည်များ၊ ပီနံမိုးကာများကို အသုံးပြု၍ ယာယီရေသွယ် စိုက်ပျိုးနေရပါကြောင်း၊ ထို့ကြောင့် ပျက်စီးသွားသော ရေလွှဲတံခါးနှင့် မြောင်းပေါင်များအား ရေရှည် တည်တံ့ခိုင်မြဲအောင် လယ်သမားများ၏ အင်အားထုဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နိုင်ငံတော်မှ စိုက်ပျိုးရာသီအမီ အမြန်ဆုံးပြန်လည် ပြုပြင်ပေးစေလိုပါကြောင်း၊ အချိန်မီပြန်လည် ပြုပြင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မရှိပါက မည်သည့်အချိန်တွင် ပြန်လည်ပြုပြင်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းလိုပါသည်။
မင်းလယ်တောမြောင်းသည် ဆောမြို့နယ်၊ ကျောက်ထုမြို့၊ပန်းဆန်ကျေးရွာအနီး တွင် ယောချောင်းရေ ကို မြောင်းဦးရေခေါ်မြောင်းမှ တစ်ဆင့်သွင်းယူပြီး စိုက်ပျိုးရေပေးဝေနေသော ရေသွယ်မြောင်းတစ်ခုဖြစ်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ထိန်းသိမ်းထားခြင်းမရှိဘဲ ဒေသမှ ထိန်းသိမ်းထားပြီး ပတ်ဝန်းကျင်ကျေးရွာ များဖြစ်သည့် ငလွန်းကျေးရွာ၊ သရက်ချဉ်ကျေးရွာနှင့် နသိုးကျေးရွာများမှ လယ်ယာမြေ ၅၃၀ ဧကအား စိုက်ပျိုးရေပေးဝေနေသော ဆည်တစ်ခုဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် မိုးရာသီ အတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ယောချောင်းရေကြီးရေ လျှံမှု၊ မြောင်းဦးရေခေါ် မြောင်းနှင့် ရေခေါ်မြောင်းပေါ်ရှိ ရေပိုလွှဲပျက်စီးခြင်း၊ မင်းလယ်တောမြောင်းပေါင် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့မှုအပေါ် ဒေသခံများတင်ပြမှ ဌာနအနေဖြင့် သိရှိခဲ့ရပြီး ယာယီပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့၍ ယခုအခါ မိုးစပါးစိုက်ပျိုးရေ ပေးဝေလျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများသည် ဌာန၏စီမံခန့်ခွဲမှု အောက်တွင်မရှိဘဲ ဒေသမှထိန်းသိမ်းထားသည့် လုပ်ငန်းများဖြစ်သည့်အတွက် အခိုင်အမာပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် လိုအပ်သည့်ရန်ပုံငွေကို တိုင်းဒေသကြီးအစိုးရမှ ရန်ပုံငွေခွဲဝေပေးမှ သာလျှင် ဌာနအနေဖြင့် ဝင်ရောက်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊
မင်းလယ်တောရေသွယ်မြောင်း အခိုင်အမာပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဖြစ်သည့် မြောင်းဦးရေခေါ်မြောင်း မြေကာနံရံအလျား ၂၀၀ ပေ တည်ဆောက်ခြင်း၊ မြောင်းဦးရေခေါ် မြောင်းပေါ်ရှိ ရေပိုလွှဲပြုပြင်ခြင်း၊ မင်းလယ်တောမြောင်း မြေကာနံရံအလျား ၃၀၀ ပေ တည်ဆောက်ခြင်းစသည့် လုပ်ငန်းများအတွက် ခန့်မှန်းကုန်ကျငွေ ကျပ် ၅၅ သန်းခန့်ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်တွင် ရန်ပုံငွေခွဲဝေချထားပေးရန် စီမံဆောင်ရွက်လျက် ရှိပါသောကြောင့် ရန်ပုံငွေရရှိမှုအပေါ်တွင် အခြေခံပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ မင်းလယ်တော ရေသွယ်မြောင်း ပြုပြင်ခြင်းလုပ်ငန်းများကို ယခုနှစ်ပွင့်လင်းရာသီအချိန်တွင် စတင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် အချိန်မီပြီးစီးရေး စီမံဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီး အစိုးရ၏ ဖြေကြားချက်နှင့် ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။
