(ခ)-အလျားပေ (၁၀၄၆၅) ရှိဝက်တူးကျေးရွာ ရွှေလီ တာပေါင်ပြုပြင်တည်ဆောက်ရေးနှင့်တာပေါင်ထိခိုက် မှုကာကွယ်ရန်ပိတောက်ကုန်း၊ရွှေလီတာပေါင်ရေ ထွက်ပြွန် (၂) ခု တည်ဆောက်ရန် ၂၀၁၆-၁၇ ခု၊ ဘဏ္ဍာနှစ်တွင် အချိန်မီပြုပြင်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၇.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u myint kyiရွှေလီမြစ်ဘေးတွင် ရွာများတည်ထားကြသည့်အတွက် ရေကြီးချိန်မြစ်ရေတက်လာပါက စိုက်ပျိုးမြေများ ရေဘေးဒဏ်မခံရအောင် ဝက်တူးရွာအထိ အလျားပေ ၃၆၈၀၀ ရှိသည့် မြေသားတမံကို ၁၉၈၂-၈၃ ခုနှစ်တွင် ဒေသခံများ၏ လုပ်အားနှင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားခဲ့ပါကြောင်း၊ ၂၀၁၂-၁၃ ခုနှစ်နောက်ပိုင်းတွင် ဆည်မြောင်းဌာနမှ တာဝန်ယူဆောက်လုပ်ခဲ့သည်ဟုသိရှိရပါကြောင်း၊ ယခုအချိန်တွင် ၎င်းမြေသား တာပေါင်ရိုး၏ အချို့နေရာများသည် ပျက်စီးယိုယွင်းနေပါကြောင်း၊  အထူးသဖြင့် ကျွန်းကုန်းရွာမှ ဝက်တူးရွာအထိ အလျားပေ ၁၀၄၆၅ ပေခန့်သည် ဆိုးဆိုးရွားရွာ ပျက်စီး နေတာကို မိမိကိုယ်တိုင် တွေ့မြင်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ပျက်စီးယိုယွင်းနေသည့်အပိုင်းကို ပြုပြင် တည်ဆောက်ပေးရန် လိုအပ်နေပါပြီဖြစ်ပါကြောင်း နှင့် တာတမံတည်တံ့ခိုင်မြဲရေး၊ ခိုင်မာရေး အတွက် တစ်စိတ်တစ်ဒေသ အထောက်အကူဖြစ်စေရန်  ပုတောက်ကုန်းရွာတွင် တာပေါင်ရေထွက်ပြွန်နှစ်ခု ပြုပြင်တည်ဆောက်ပေးရန်လည်း လိုအပ်နေပါကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီဌာနမှ လုပ်ငန်းတစ်ခုလုံး၏ ၆၂% ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ရရှိသည့် ရန်ပုံငွေဖြင့် ပွင့်လင်းရာသီတွင် လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရန်ပုံငွေ လုံလောက်စွာ ရရှိမည်ဆိုပါက ၂၀၁၅-၁၆ ခုနှစ်အတွင်း ပြီးစီးမည်ဟု ဖြေကြားခဲ့သည် ကိုတွေ့ရှိရပါကြောင်း၊ သို့သော် ၂၀၁၅-၁၆ တွင်ရန်ပုံငွေမရရှိသဖြင့် နောက်ဆုံး လုပ်ငန်းပြီးစီးမှုအခြေအနေကို ဖြေကြားရာတွင် လုပ်ငန်းတစ်ခုလုံးရဲ့ ၇၄% ပြီးစီးပြီဖြစ်ကြောင်း၊ သို့သော် ၂၀၁၅-၁၆ တာတမံများ တောင်‌့တင်း ခိုင်မာရေး ခေါင်းစဉ်အောက်တွင် ရန်ပုံငွေတင်ပြတောင်းခံခဲ့သော်လည်း  လုပ်ငန်းဦးစားပေး အလိုက် ရန်ပုံငွေစိစစ် လျော့ချသည့်အထဲပါသွားသည့်အတွက် ယခင်အစိုးရ သက်တမ်း တွင် မပြီးပြတ်သည့် ကြောင့် ကတိကဝတ်ဖြစ်ပေါ်နေသည့် စာရင်းမှပယ်ဖျက်ပေးရန် တင်ပြထားကြောင်း မှတ်တမ်းများ အရ သိရှိရပါကြောင်း၊ ၎င်းကိစ္စဆောင်ရွက်ရန်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင်လည်း ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေ ခွင့်ပြုချက်တွင် ပါဝင်ခြင်းမရှိသည်ကိုတွေ့ရှိရပါကြောင်း၊ သဘာဝဘေးနှင့် ကင်းဝေးပြီး စိတ်ချလက်ချနေနိုင်ပြီး ၎င်းလုပ်ငန်းကို ရာနှုန်းပြည့် အပြီးသတ်ဆောင်ရွက်နိုင်ရေး အတွက် (က) ပျက်စီးကျိုးပေါက်နေသည့် အလျား ၁၀၄၆၅ ပေရှိ ကျွန်းကုန်းမှ ဝက်တူးအထိ တာပေါင်ကိုပြုပြင်တည်ဆောက်ရန် (ခ) ၎င်းတာပေါင်မပျက်စီးအောင် တစ်စိတ်တစ်ဒေသ ကာကွယ် နိုင်ရန် အတွက် ပိတောက်ကုန်းရွာ တာပေါင်ရေထွက်ပြွန်နှစ်ခု ပြုပြင်တည်ဆောက် နိုင်ရန်၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေအဖြစ် ချထားပေးပြီး အချိန်မီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေး၍ အစီအစဉ်မရှိပါက မည်သည့်အတွက် ဖြစ်သည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

tun winကသာမြို့နယ်၊ ရွှေလီမြစ်ရိုးရှိ ပြိုကျပျက်စီးနေသော အလျားပေ ၁၀၄၆၅ ရှိ ဝက်တူးကျေးရွာ ရွှေလီတာပေါင် ပြုပြင်တည်ဆောက်ရေးနှင့် တာပေါင် ထိခိုက်မှုမှကာကွယ်ရန် ပိတောက်ကုန်း၊ ရွှေလီတာပေါင်ရေထုတ်ပြွန် နှစ်ခုတည်ဆောက်ရေး အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေမှာ လျာထားပါဝင်ပြီး ဖြစ်၍ လာမည့်ပွင့်လင်းရာသီတွင် လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။