(က)-ပုလဲမြို့နယ်ရှိ လှိုင်းချောင်းတမံအပြီးဖျက် သိမ်း၍ နစ်နာခဲ့ရသည့် တောင်သူများအား နစ် နာကြေး ထောက်ပံ့ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၇.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin san hlaingစစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊  ပုလဲ မြို့နယ်၊ ချင်းမြစ်ချင်းကျေးရွာအုပ်စု၊ နွယ်အင်း ကျေးရွာ အနီးတွင် လှိုင်းချောင်းရေလှောင်တမံကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက်ပြီး၂၀၀၇ ခုနှစ်မှာ ပြီးစီးခဲ့ပါကြောင်း၊ စီမံကိန်းဆိုင်ရာအချက်အလက်များ အရ တမံ တည်ဆောက်ရေးအတွက် ကျပ်သန်း ပေါင်း ၁၅၃၀ ခန့် ကုန်ကျခဲ့ပြီး ဆည်ရေသောက်ဧရိယာ ဧက ၁၀၀၀ ကို စိုက်ပျိုး ရေပေးဝေနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ကန်ရေပြည့် ရေလှောင် ပမာဏ ၅၃၇၀ ဧကပေနှင့် ကန်ရေသေ ရေလှောင်ပမာဏ ၁၁၉၄ ဧကပေရှိသည်ဟုဆိုသော်လည်း တည်ဆောက်ပြီးစီးခဲ့သည့် ၂၀၀၇ ခုနှစ်မှစ၍ ယနေ့အချိန်အထိ သတ်မှတ်ရေလှောင်ပမာဏကို မစုဆောင်းနိုင်သကဲ့သို့ မူလစီမံကိန်း ရည်မှန်းချက်များအတိုင်း စိုက်ပျိုးရေပေးဝေနိုင်ခဲ့ခြင်း မရှိသည်ကို သိရပါကြောင်း၊ လယ်ယာမြေများ အသိမ်းမခံရမီအချိန် က မိမိတို့လယ်သမားများအနေဖြင့် တစ်ဧကကို မိုးနှမ်းပျမ်းမျှ ငါးတင်းခန့်နှင့် မိုးနှောင်း ကုလားပဲ တစ်ဧက ၁၅ တင်းကို စိုက်ပျိုးထွက်ရှိခဲ့ကြပါကြောင်း၊ သို့သော် စီမံကိန်းစတင်သည့် ၂၀၀၅ ခုနှစ်မှ ယနေ့အချိန်အထိ ၁၀ နှစ်ကျော်ကာလတွင် တမံအတွင်းရှိ လယ်မြေများသည် ထွန်ယက် စိုက်ပျိုးနိုင်ခြင်းမရှိသည့်အတွက်ကြောင့် ဆုံးရှုံးနစ်နာမှုတန်ဖိုးသည် အလွန်ကြီးမားများပြားပါကြောင်း၊ အကျိုးဆက်အနေဖြင့် ယခုအချိန်တွင် လယ်သိမ်းခံ မိသားစုများ သည်  စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က နိမ့်ကျပြီး ဒုက္ခရောက်နေကြပါကြောင်း၊ ၎င်းဒေသခံတောင်သူများ၏ အကျိုးစီးပွားကို ကာလရှည်ကြာစွာ ထိခိုက်နစ်နာစေသည့်အပြင် ပြည်သူ့ဘဏ္ဍာငွေအမြောက်များစွာကုန်ခဲ့သည့် လှိုင်းချောင်းရေလှောင်တမံကို အပြီးသတ်ဖျက်သိမ်းပြီး ၁၀ နှစ်တာကာလအတွင်း စီးပွားရေး၊ သီးနှံ၊ လယ်မြေဆုံးရှုံးခဲ့ရသည့် တောင်သူများအား နစ်နာကြေးထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ပတ်သက်၍ မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

u tun winလှိုင်းချောင်းရေလှောင်တမံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ နွယ်အင်း ကျေးရွာတွင် တည်ရှိပြီး ဆည်ရေသောက်စိစစ်ဧရိယာ ၁၀၀၀ ခန့်ကို  ရေပေးဝေရန် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ ခွင့်ပြုချက်အရ ၂၀၀၅-၀၆ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ကန်ရေပြည့်ရေလှောင်ပမာဏ ၅၃၇၀ ပေ ဖြစ်ပြီး နှစ်အလိုက် ကန်တွင်းရေဝင် ရောက်မှု အတော်အသင့်ရှိသော်လည်း ရေဝပ်ဧရိယာ၏ မြေအောက် ဘူမိဗေဒအခြေအနေအရ သဲဆန်သောမြေအမျိုးအစားဖြစ်၍ ရေစိမ့်ထွက်သော ဂလိုဏ်ပေါက်များ ရှိနေသဖြင့် ရေများစိမ့်ထွက်ခြင်း၊ အပူချိန်မြင့်မားသည့် ဒေသဖြစ်၍ အငွေ့ပျံဆုံးရှုံးမှုများခြင်းကြောင့်၊ တမံတွင်း ရေသိုလှောင် ထိန်းသိမ်းမှုလျော့ကျ လျက်ရှိသည်ကို တွေ့ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၀၈ ခုနှစ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြေအောက်ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ၂၀၁၃ ခုနှစ်တွင် တမံရေဝပ်ဧရိယာ၏ ကြမ်းပြင်ရေယိုစိမ့်မှု မရှိနိုင် အောင် ရေစိမ့်တားလွှာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် နွယ်အင်းကျေးရွာမှ လယ်သမားများက ကန့်ကွက်ခဲ့ပါကြောင်း၊ ရေစိမ့်လွှာခင်းသည့် လုပ်ငန်းကိုလည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက်ခြင်းမပြုရန်တားမြစ်သည့် အတွက်ကြောင့် လုပ်ငန်းများဆောင်ရွက်ခြင်းကို ရပ်ဆိုင်းခဲ့ရပါကြောင်း၊ စိုက်ပျိုးရေ၊ သောက်သုံးရေ လိုအပ်ချက်များကို အကျိုးပြုနိုင်သည့် ရေလှောင်တမံ တစ်ခု ဖြစ်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေများဖြင့် တည်ဆောက်ပေးခဲ့ခြင်း ကြောင့် လည်းကောင်း၊ ရေလှောင်တမံအား ဖျက်သိမ်းရန် မသင့်ပါကြောင်း၊

ရေလှောင်တမံစီမံကိန်းတည်ဆောက်စဉ် နစ်နာခဲ့သော တောင်သူများအား နစ်နာကြေးပေးရန် ဝန်ကြီးဌာန အနေဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့သည့်နောက်တွင် ဆောင်ရွက်သည့် စီမံကိန်း လုပ်ငန်း များကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများမရှိစေရန် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါဆည်သည် ၂၀၀၅-၀၆ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့သော ဆည်ဖြစ်ခြင်းကြောင့် လျော်ကြေးပေးရန်ကိစ္စသည် စိုက်ပျိုးသီးနှံစာရင်း၊ မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်သောစာရင်းများ၊ ၎င်းမြေပေါ်တွင် တည်ဆောက် ထားသော လျော်ကြေးပေးသင့်သည့် အဆောက်အဦစာရင်း စသည်တို့ကို ယခုအချိန်တွင် ကောက်ယူ မည်ဆိုပါက မှန်ကန်မှုရရှိရန် ခက်ခဲခြင်း၊ ဆည်တည်ဆောက်စဉ် ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊  စီမံကိန်းလုပ်ငန်းများသည် ဒေသ၏လူမှု စီးပွားဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံများအဖြစ် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် လုပ်ငန်းများ ဖြစ်ခြင်း တို့ကြောင့် နစ်နာဆုံးရှုံးမှုများကို ပြန်လည်ဖြေရှင်းဆောင်ရွက်မည်ဆိုပါက နိုင်ငံတော် အတွက် ဝန်ထုပ်ဝန်ပိုးများစွာ ဖြစ်စေနိုင်သည့်အတွက် နစ်နာကြေးထောက်ပံ့ပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

ပုလဲမဲဆန္ဒနယ်၊ ဒေါ်ခင်စန်းလှိုင် မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

လက်ရှိအချိန်တွင် လယ်သမားများသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စသည်တို့တွင် ချွတ်ခြုံကျပြီး ဆင်းရဲနေကြသည်မှ ယနေ့ လက်တွေ့အခြေအနေဖြစ်ပါကြောင်း၊ မိုးရေကိုအားကိုးပြီး ၎င်းဆည်သောက်မှ တဆင့် ရေကို ခွဲဝေသုံးစွဲရမည်ဆိုလျှင် လယ်သမားများ၏ ဘဝသည် ပိုပြီး  ဆင်းရဲပြီး ယခုထက်ပိုပြီး ဒုက္ခရောက်ရောက်ရမည့် အခြေအနေရှိပါကြောင်း၊ မိမိတို့လက်တွေ့နယ်ပယ်တွင် သေချာစဉ်းစားဆုံးဖြတ်ပြီး ကွင်းဆင်းလေ့လာပြီး ဆောင်ရွက်သင့်ပါကြောင်း မိမိအနေဖြင့် ဝန်ကြီးဌာနကို တိုက်တွန်းပါကြောင်း ဖြင့်ဆက်စပ် မေးခွန်းမေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာထွန်းဝင်း မှဆက်စပ်ဖြေကြားခဲ့ပါသည်။

လက်ရှိအနေအထားအရ စိုက်ပျိုးရေ မရသည့် ဆည်ဖြစ်သည့် အတွက် ၎င်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးထပ်ဆင့် ဆွေးနွေးသည့် အပေါ် မိမိအနေဖြင့် လက်ခံပါကြောင်း၊ လောလောဆယ် လယ်သမားများ၏ ဧက ၂၅၀ လောက် ဆည်ကြီး အတွင်းတွင် ဝင်ရောက် စိုက်ပျိုးနေကြရပါကြောင်း၊  ၎င်းဆည်ကို ဒီအတိုင်း ထားခြင်းထက် ဖယ်ပေးရမည် ဆိုလျှင် မိမိ၏လေ့လာတွေ့ရှိချက်အရ ဧက ၃၀၀ လောက် ပေါ် လာနိုင်သည့် အနေအထားတွင် ရှိသည့် အတွက်  အလေးအနက်ထားပြီး ဌာနတာဝန်ရှိသူများနှင့်ဆွေးနွေး၍ ဖယ်သင့်/မသင့်နှင့် ဖယ်မည် ဆိုပါက မည်သည့်အချိန်တွင်ဖယ်မည်ကို အတိအကျ ဆွေးနွေးညှိနှိုင်းပြီး မိမိအကြောင်းပြန်ကြားပေးမည် ဖြစ်ပါ ကြောင်း ဖြေကြားခဲ့ပါသည်