(င)-ပန်းတောင်းမြို့နယ်၊ ဆင်တဲအ.ထ.က နှစ် ထပ်ကျောင်းဆောင် အကြီးစားပြင်ဆင်မှု ရပ်ဆိုင်း ထားခြင်းအားဆက်လက်ဆောင်ရွက်ရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ (၈.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

daw khin hnin thitပန်းတောင်းမြို့နယ်၊ အ.ထ.က (ဆင်တဲ)ကျောင်းတွင် အင်းဝကျောင်းဆောင်နှင့် ပင်းယကျောင်းဆောင် ဆိုပြီး ကျောင်းဆောင်ကြီး နှစ်ဆောင်ရှိပါကြောင်း၊ ပြင်ဆင်မှုရပ်ဆိုင်းထားသော ကျောင်းဆောင်အား အင်းဝကျောင်းဆောင်ဖြစ်ပြီး စိန်လင်းလက်ကုမ္ပဏီမှ အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၅၅.၀၂၀ သန်းဖြင့် အကြီးစားပြင်ဆင်ခွင့်ရရှိခဲ့ပါကြောင်း၊ အဆိုပါကုမ္ပဏီက ပြင်ဆင်ရန် ခန်းမှန်းတွက်ချက်မှုစာရင်း BQ ပါ အတိုင်း မဆောင်ရွက်ကြောင်း သတင်းရရှိသည်ဟု ဆင်တဲကျေးရွာမှ ရပ်မိရပ်ဖများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း၊

ဆင်တဲရပ်မိရပ်ဖများက BQ ပါအတိုင်း ဆောင်ရွက်ရန်မှာ ကိုက်ညီမှုမရှိပါသဖြင့် ၂၄-၃-၂၀၁၆ နေ့တွင် ကျောင်းအုပ်ကြီးထံ အကြောင်းကြားစာပေးပို့ခဲ့ရခြင်း အထောက်အထားများ၊ ပြင်ဆင်ထားမှု ဓာတ်ပုံ မှန်တမ်းများပါဝင်ပါကြောင်း၊ ကုမ္ပဏီမှ ကျောင်းဆောင်ပြင်ဆင်မှုတွင် အမိုးသွပ် ဝ.၃၆ MM အစား ဝ.၂၀ MM ကိုလည်းကောင်း၊ အပေါ်ထပ်လျှာထိုးဆောက်သည့်အခါ (၄ x ၃/၄) လက်မနေရာများအား ကျွန်းသားအနုဖြင့်လည်းကောင်း၊ အဆောက်အဦနံရံအုတ်ညှပ်သစ်သားတန်းကို သစ်မာဖြင့် အစားထိုး ပြုပြင်ရန်အား အင်္ဂတေဖြင့်သာ ဖာထေး၍ ဆေးရောင်ခြယ်ခြင်းကိုလည်းကောင်း၊ အကြီးစား ပြင်ဆင်နိုင်လောက်သည့် ပစ္စည်းများစုပုံမထားခြင်းတို့ကြောင့် ပြင်ဆင်သည့် ကုမ္ပဏီကို နှစ်ကြိမ်တိုင်တိုင် ဆင်တဲရပ်မိရပ်ဖများက တိုက်တွန်းခဲ့ပါကြောင်း၊ ယခုအခါ ကျောင်းဖွင့်သည်မှာ နှစ်လ ကျော်ပြီဖြစ်သဖြင့် အင်းဝကျောင်းဆောင် ပြုပြင်မှုမှာလည်း ရပ်ဆိုင်းထားပါကြောင်း၊ ကျန်ကျောင်းဆောင်ဖြစ်သည့် ပင်းယကျောင်း ဆောင်ကြီးမှာလည်း အန္တရာယ်ရှိကျောင်းဆောင်အဖြစ် သတ်မှတ်ခံထားရ၍ ကျောင်းဆောင်ကြီး နှစ်ဆောင်လုံးသည် ပညာသင်ကြားရခြင်း မရှိပါကြောင်း၊ ဆင်တဲ (အ.ထ.က) ကျောင်းသည် အောင်ချက်ရာခိုင်နှုန်း မြင့်မားသည့်အပြင် ထူးချွန်ကျောင်းသားများကိုပါ ပေါ်ထွက်အောင် သင်ကြားနိုင်မှုတို့ကြောင့် မြို့နယ်အဆင့်ကိုကျော်ဖြတ်၍ ခရိုင်/တိုင်းအဆင့်များနှင့် ယှဉ်ပြိုင်နိုင်သော ကျောင်းကြီးဖြစ်ပါကြောင်း၊ နှစ်စဉ်တိုးလာသောကျောင်းသားတို့ကြောင့် ယခုအခါတွင် ကျောင်းဆောင်ကြီး နှစ်ဆောင်လုံးစာသင်နေရ၍ ပညာသင်ကြားမှု အခက်အခဲကြုံတွေ့နေရခြင်း ဖြစ်သည့်အတွက် သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

myo thein gyiပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ  (၁၃၀x၃၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ် (၂) ထပ်ဆောင်အား အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၅၅.၀၂ သန်းကို ခွဲဝေ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာ အခြေခံပညာအထက် တန်းကျောင်းရှိ (၁၃၀x၃၀) ပေ၊ သွပ်မိုး(၂) ထပ်ဆောင် အကြီးစားပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာတွင် စိန်လင်းလက်ကုမ္ပဏီနှင့် ကျောင်းဆောက်လုပ်ရေး ကော်မတီတို့ ပြေလည်မှုမရှိခဲ့၍ လုပ်ငန်းရပ်ဆိုင်းခဲ့ရာ ကုမ္ပဏီသို့လုပ်ငန်း အပ်နှံငွေပြီးစီးမှု ၆၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသာပေးချေခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ပိတ်ချိန်နှင့် နီးကပ်နေသည့်အတွက် ကျန်ငွေ ၅၀ ရာခိုင်နှုန်းကို တိုင်းဒေသကြီးပညာရေးမှူး၏ အစီအစဉ်ဖြင့် အခြားနေရာများသို့ လွှဲပြောင်းခွဲဝေသုံးစွဲခဲ့ရပါကြောင်း၊

သို့ဖြစ်ပါ၍ ပြင်ဆင်ရန် ကျန်ရှိနေသည့်လုပ်ငန်းများကို  အပြီးသတ်ဆောက်လုပ်ရန်အတွက် ယခု ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၊ သာမန်အသုံးစရိတ် O4O2 ခေါင်းစဉ်အောက်မှ ရန်ပုံငွေခွဲဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်ဆောက်လုပ်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများ စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီများ အနေဖြင့် ကျောင်းဆောင်ဆောက်လုပ်ရာတွင် တရားဝင်သတ်မှတ်ပေးထားသော BP, Bill of Quantity (BQ) များနှင့် မကိုက်ညီပါက သက်ဆိုင်ရာမြို့နယ်အလိုက် ဖွဲ့စည်းပေးထားသော မြို့နယ် ကျောင်းဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီမှ အဆိုပါကျောင်းဆောင်အား BP,BQ များနှင့် ကိုက်ညီ မှုရှိအောင် ဆောင်ရွက်စေခြင်း၊ BP,BQ များအတိုင်း မဆောင်ရွက်နိုင်ပါက အဆောက်အဦအား လက်မခံခြင်းများကိုလည်းကောင်း၊ သတ်မှတ်ရက်အတွင်း မပြီးစီးပါက ရက်လွန်ဒဏ်ကြေးပေး ဆောင်စေခြင်းများကိုလည်းကောင်း၊ စာချုပ်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။