မေးခွန်း အကြောင်းအရာ
မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်ရပ်ကွက်၊ ဓမ္မသုခလမ်းမှာရှိသည့် အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းကို ၁၅-၆-၁၉၉၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါကျောင်း၏ အကျယ်အဝန်းမှာ ၇၀၀ ပေ x ၅၀၀ ပေခန့်ရှိပြီး အုပ်ချုပ်ရေးဆောင်၊ စာသင်ဆောင်များ၊ ဝန်ထမ်းအိမ်ရာ များရှိပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ကျရောက်ခဲ့သော နာဂစ်မုန်တိုင်းပြီးသည့်နောက် ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် အဆိုပါကျောင်းအား ရပ်နားခဲ့ပါကြောင်း၊ ယခုအခါ ယင်းသင်တန်းကျောင်းတွင် မြက်ပင်၊ ချုံနွယ်များကြား ပြုပြင်ထိန်းသိမ်းခြင်းကင်းမဲ့သဖြင့် အဆောက်အဦများမှာ ပျက်စီးဆုံးရှုံးမှုအန္တရာယ်များ ရှိလာပါကြောင်း၊ သို့ဖြစ်ပါ၍ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ မြို့သစ်ရပ်ကွက်၊ ဓမ္မသုခလမ်းတွင်ရှိသော အစိုးရစက်မှုလက်မှု အထက်တန်းကျောင်း သို့မဟုတ် သင်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့် ကာလတွင် ဖွင့်လှစ်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်ရပ်ကွက်၊ ဓမ္မသုခလမ်းရှိ လက်မှုကျောင်း (Handicraft School) ကို ၂၀၁၀ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် အဆိုပါကျောင်းများ၏ ဖွဲ့စည်းပုံများ မရှိသည့်အတွက် လက်မှုကျောင်းဖွင့်လှစ်ခြင်းကို ယာယီရပ်နားခဲ့ရပါကြောင်း၊ ယခုအခါတွင် ပညာရေးဝန်ကြီးဌာန၊ နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာနမှ ကာလတိုသက်မွေးပညာသင်တန်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာ ဦးစီးဌာနအတွင်းရှိ ဆရာများကို ADB ၏ အကူအညီဖြင့်လည်းကောင်း၊ Total Exportation & Production Myanmar ၏ အကူအညီဖြင့်လည်းကောင်း သင်တန်းများပေးအပ်လျက်ရှိပြီး သက်မွေးပညာသင်တန်းများအတွက် သင်တန်းနည်းပြ ဆရာများရရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကျောင်း၏ အကြီးစား ပြင်ဆင်ခြင်း လုပ်ငန်းများအတွက် ကုန်ကျငွေများကို ခန့်မှန်းတွက်ချက်၍ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အတွက် ဘတ်ဂျက်ရေးဆွဲချိန်တွင် ထည့်သွင်းတင်ပြတောင်းခံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆောက်အဦပြင်ဆင်ခြင်းနှင့် စက်ပစ္စည်းများဖြည့်ဆည်းပေးခြင်းတို့ ဆောင်ရွက်ပြီးမှသာ ကာလတို သက်မွေးပညာ သင်တန်းများကို ဖွင့်လှစ်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
