(ဃ)-ဥတ္တရသီရိမြို့နယ်အတွင်းဒေသခံပြည်သူများ အမှန်တကယ်နေထိုင်လုပ်ကိုင်စားသောက်နေသော ကျေးရွာများ၊ လယ်မြေများနှင့် ယာမြေများကို သစ်တောမြေအဖြစ်မှပယ်ဖျက်ပေးရန်အစီအစဉ်ရှိ /မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၈.၂.၂၀၁၇)

ဥတ္တရသီရိမြို့နယ်သည် ရပ်ကွက်နှစ်ခု၊ ကျေးရွာအုပ်စုရှစ်ခုဖြင့် လူဦးရေ ၅၈၀၀၀ ကျော်နေထိုင်သည့် နေပြည်တော်အတွင်းရှိ မြို့နယ်တစ်မြို့နယ် ဖြစ်ပါကြောင်း၊ ရပ်ကွက်နှစ်ခုအတွင်း နေထိုင်သည့် လူဦးရေမှာ ၉၀၀၀ ကျော်သာနေထိုင်ခြင်းဖြစ်ပြီး အများစုနေထိုင်သည့် လူဦးရေ ၄၉၀၀၀ ကျော်က ကျေးရွာများတွင် နေထိုင်ကြခြင်းဖြစ်ပါကြောင်း၊ အများစုမှာ နှစ်ပေါင်းများစွာ နေထိုင်လာကြသည့် ဒေသခံတောင်သူ လယ်သမားများဖြစ်ကြပါကြောင်း၊ ပဲခူးရိုးမအစပ်နှင့် အလွန်နီးကပ်သည့် ကျေးရွာ‌များဖြစ်သည့် အလျောက် လုပ်ကိုင်စားသောက်ကြသော လယ်မြေ၊ ယာမြေနှင့်ဥယျာဉ်ခြံမြေများသည် ယနေ့အထိ သစ်တောမြေအဖြစ် သတ်မှတ်ခံနေရပါကြောင်း၊ တောင်သူအများစုဖြစ်သည့် ကျေးရွာနေပြည်သူလူထုက လယ်မြေများအတွက် အခွန်အခများကို အများနည်းတူပေးဆောင် ခဲ့သူများဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ နေပြည်တော် တည်ဆောက်ရေးတွင် လိုအပ်သည့်နေရာများကိုသာ ကြိုးလှန်ပေးသွားပြီး ပြည်သူများ၏ လယ်ယာမြေများကို ကြိုးပြင်အဖြစ် ပလပ်ပေးရန် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ လယ်မြေများကို ကြိုးဝိုင်းအဖြစ်မှ ပယ်ဖျက်ပေးရေးနှင့် ပုံစံ(၇)ရရှိရေးတို့ကို အဓိကတောင်းဆိုကြသည်ကိုတွေ့ရှိရပါကြောင်း၊

ဥတ္တရသီရိမြို့နယ်ရှိ ဥတ္တရသီရိရပ်ကွက်၊ ဝန်ကြီးရုံးများအပါအဝင် ရွှေနံ့သာရပ်ကွက်မှလွဲ၍ ကျန်နေရာအားလုံးက သစ်တောမြေများ ဖြစ်နေပါကြောင်း၊ ဒေသခံလူထုနှင့်တွေ့သည့် အချိန်တွင်လည်း သစ်တောအတွင်းမှ ပယ်ဖျက်၍ ပုံစံ(၇)ရရှိရန် အကြိမ်ကြိမ်တောင်းဆိုကြပါကြောင်း၊ ကြိုးဝိုင်းအနေဖြင့် တောင်သူကြိုးဝိုင်း၊ ကိုင်းကြိုးဝိုင်းနှင့် ငလိုက်ကြိုးဝိုင်း၊ ကြိုးဝိုင်းသုံးခုအတွင်း ၂၀၁၆ ခုနှစ် ၅ လပိုင်းခန့်က ခရိုင်သစ်တောတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံသည့်အခါ ငလိုက်ကြိုးဝိုင်းထဲမှ ရွာ ၁၁ ရွာကို ကြိုးလှန်ပေးနိုင်ရန် စာရင်းလိုက်ကောက်သည့်အချိန်တွင် ရွာ ၁၁ ရွာနှင့်အတူပါသည့် လယ်မြေမှာ အလွန်နည်းပါးနေသည်ကို တွေ့ရှိရပါကြောင်း၊ နေပြည်တော်ကောင်စီ မှတစ်ဆင့် မေးမြန်းသည့်အခါတွင် သစ်တောဌာနက ပြန်လည်ဖြေပေးသည့်စာရင်းအရ မိုးစွေအုပ်စု ခုနစ်ရွာ၊ သစ်တောအုပ်စု တစ်ရွာနှင့် မင်းကုန်းအုပ်စု သုံးရွာ စုစုပေါင်း ၁၁ ရွာနှင့်ဆက်စပ် လယ်မြေဧက ၆၀၀ ကျော် ကြိုးလှန်မည်ဟု သိရှိရပါကြောင်း၊ သို့သော် မြို့နယ်အတွင်းရှိသည့် ၄၉ ရွာအနက် ၁၁ ရွာကြိုးလှန်မည်ဖြစ်သည့်အတွက် ၃၈ ရွာ၏ ပြည်ထဲရေးအမည်ပေါက် ရွာငါးရွာမှာရှိသည့် လယ်အများစုက သစ်တောထဲတွင်သာရှိပါကြောင်း၊

မိမိမြို့နယ်အတွက် စိုက်ပျိုးဧရိယာကို လေ့လာကြည့်သည့်အချိန်တွင် လယ်စိုက်ပျိုးဧရိယာက ၁၁၁၇၈ ဧကရှိပါကြောင်း၊  သစ်တောမြေအဖြစ် သတ်မှတ်ခံနေရပြီး ဒေသခံပြည်သူများ အမှန်ကတယ်လုပ်ကိုင် စားသောက်နေသော ကျေးရွာများ၊ လယ်မြေများ၊ ယာမြေများကို တိကျမှန်ကန်စွာ ကွင်းဆင်းစစ်ဆေးပြီး သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် အမြန်ဆုံးဆောင်ရွက်ပေးနိုင်မည်၊ မရှိပါကမည်သည်‌့အတွက်ကြောင့် မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ

ဥတ္တရသီရိ မြို့နယ်အတွင်းရှိ ကျေးရွာများ၊ လယ်မြေ၊ ယာမြေများသည် (၁၈၉၁ ခုနှစ်) လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ဖွဲ့စည်းထားသည့် သစ်တောကြိုးဝိုင်းမြေများဖြစ်ပါကြောင်း၊ ပလေးကြိုးဝိုင်း၊ ငလိုက်ကြိုးဝိုင်း၊ တောင်ညိုကြိုးဝိုင်းအစရှိသော ကြိုးဝိုင်းနယ်မြေများဖြစ်ပါကြောင်း၊ ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် မြေများသည် သစ်တောမြေအဖြစ် သတ်မှတ်ခံရခြင်း မဟုတ်ဘဲ သစ်တော မြေအတွင်း ၎င်းတို့မှ ကျူးကျော်အခြေချ နေထိုင်လုပ်ကိုင်ခြင်းသာဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၁၁-၁-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၃(၁)/၇ သမ္မတရုံး၏ လမ်းညွှန်မိန့်ကြားချက်နှင့်အညီ သစ်တောကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများနှင့် သစ်တောနယ်မြေအတွင်း နှစ်ကာလအတိုင်းအတာတစ်ခုအထိကို တရားမဝင် ကျူးကျော်အခြေချ နေထိုင်သည့်ရွာစုနှင့် အိမ်ထောင်စုများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်များ၏ ကြီးကြပ်မှုကော်မတီ အဆင်‌့ဆင့်ဖွဲ့စည်းပြီး မြေပြင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ၂၀-၂-၂၀၁၃ ရက်နေ့မှ ၂၅-၃-၂၀၁၃ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်း စာရင်းကောက်ယူခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်နိုင်ခဲ့သော်လည်း နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ဆောက်ရေးလုပ်ငန်းများ၌ အလုပ်လုပ်ကိုင်နေသော အခြားဒေသများမှ လုပ်သားများသည် သစ်တောကြိုးဝိုင်းအတွင်း ယာယီအစီအစဉ်ဖြင့် ဝင်ရောက်နေထိုင်ရာမှ လုပ်ငန်းပြီးစီးသော်လည်း မူလနေထိုင်ရာဒေသများကို ပြန်လည်သွားခြင်းမရှိဘဲ အခြေချနေထိုင်ခြင်း၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်စည်ကားလာပြီး မြေတန်ဖိုးမြင့်တက်လာသည့် အခြေအနေအရ ကြိုးဝိုင်းများအတွင်း နေအိမ်များတရားမဝင် တိုးချဲ့တည်ဆောက်ခြင်းစသည့် ထပ်မံ ကျူးကျော်သည့် ပြဿနာများဖြစ်ပေါ်လာပါကြောင်း၊ ၎င်း အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ၁၃-၃-၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် နေပြည်တော်ကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၃) ဆုံးဖြတ်ချက် အပိုဒ် ၂၅ အရ စာရင်းကောက်ယူမှုများကို ရပ်ဆိုင်းသွားရန်နှင့် ကျူးကျော်နေထိုင်မှု ၁၀ နှစ်နှင့်အထက် သက်တမ်းရှိသူများကိုသာ ထည့်သွင်းစဉ်းစားမည်ဖြစ်၍ ထပ်မံကျူးကျော်သူများအား ဖျက်သိမ်းခြင်း မရှိပါက ဥပဒေနှင့်အညီ တရားစွဲဆိုသွားရန်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းကြောင့် နေပြည်တော် ကောင်စီ၊ မြို့နယ်ရှစ်မြို့နယ်တွင်ရှိသည့် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း ကျူးကျော်ရွာစုနှင့် အိမ်ထောင်စုများကို စာရင်းကောက်ယူခြင်း လုပ်ငန်းကို ခေတ္တရပ်ဆိုင်းခဲ့ရပြီး ကျူးကျော်ဝင်ရောက် အခြေချ စာရင်းများကိုလည်း  ပယ်ဖျက်ပေးပြီး ရပ်ဆိုင်းခဲ့ပါကြောင်း၊ လက်ရှိအစိုးရသစ်လက်ထက်တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျူးကျော်နေထိုင်အခြေချ နေသူများအတွက် ၂၀၁၃ ခုနှစ်တွင် စာရင်းကောက်ယူခဲ့ရာ ပြည်ထဲရေးအမည်ပေါက်အိမ်ခြေ ၅၀ နှင့် အထက်ကျေးရွာ၏ ရွာမြေ၊ လယ်မြေနှင့် သာသနာ/အများပိုင်မြေများကို ပယ်ဖျက်ပေးရန် နေပြည်တော်ကောင်စီ၏ ၁၆-၆-၂၀၁၆ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၆) ဆုံးဖြတ်ချက် အပိုဒ် ၁၁ အရ ဥတ္တရသီရိမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာအပါအဝင် နေပြည်တော်ကောင်စီနယ်မြေ သစ်တောနယ်မြေအတွင်း ပြည်ထဲရေးအမည်ပေါက် ၄၉ ရွာ ပယ်ဖျက်ခွင့်ရရှိရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

ယာမြေများအတွက် သစ်တောမြေမှပယ်ဖျက်ခြင်းမပြုဘဲ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့်ပြုခြင်း၊ ဥယျာဉ်ခြံမြေများအတွင်း၌ နှစ်ရှည်ငှားရမ်း စနစ်ဖြင့် ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ကိုင်ခွင့်ကို မိမိတို့မှပေးမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီအတွင်းရှိသည့် အိမ်ခြေ ၅၀ နှင့်အထက် ကောက်ယူသည့်စာရင်းတွင် စုစုပေါင်း ၁၆၂၄၈.၄၄ ဧကပါဝင်ပါကြောင်း၊ ၎င်း နယ်မြေတွင် ကျေးရွာ၊ အိမ်ခြေ၊ ရွာမြေ၊ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ၊ သာသနာ/အများပိုင်မြေ စုစုပေါင်း ၂၄၉၇.၂၃၈ ဧက ပါဝင်ပါကြောင်း၊

အထက်ဖော်ပြပါ ဥတ္တရသီရိမြို့နယ်အတွင်းရှိ စာရင်းများအနက် ကျေးရွာပေါင်း ၁၂ ရွာ၏ ရွာမြေ၊ လယ်မြေ၊ သာသနာပိုင်/အများပိုင်မြေ ၈၇၅.၉၃၁ ဧကအပါအဝင် ကျူးကျော်အခြေချနေထိုင်သည့် အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည်ပေါက်ကျေးရွာ ၄၉ ရွာ၏ ရွာမြေ၊ လယ်မြေနှင့် သာသနာ/အများပိုင်မြေ ၆၈၃၈.၄၈၃ ဧကကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခွင့်ရရှိရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လုံခြုံ‌ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၆)က ၁၀-၁၀-၂၀၁၆ ရက်စွဲပါစာအမှတ်၊ ပထရ/ကော်မတီ(၂၅၁)/ဦး ၁ နှင့် အကြောင်းကြားချက်အရ ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးရုံးမှ ၂၀-၁၀-၂၀၁၆ ရက်စွဲပါစာအမှတ်၊ (သစ်တော)၃/၀၆(ခ)/၃(၁၉၈၇/၂၀၁၆)နှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးသို့ ညွှန်ကြားခဲ့ရာ အဆိုပါမြေ ၆၈၃၈.၄၈၃ ဧကကို လုပ်ထုံးလုပ်နည်းနှင့်အညီ သစ်တောဦးစီးဌာနမှ ကြိုးဝိုင်းပယ်ဖျက်အမိန့် ကြော်ငြာစာမူကြမ်းများကို ပြုစုတင်ပြလျက်ရှိပါကြောင်း၊

ထို့ကြောင့် နေပြည်တော်ကောင်စီ သစ်တောနယ်မြေအတွင်းရှိ ပယ်ဖျက်ပေးမည့် ဧရိယာ ၆၈၃၈.၄၈၃ ဧကအနက် ဥတ္တရသီရိမြို့နယ် သစ်တောနယ်မြေအတွင်းမှ အမှန်ပယ်ဖျက်နိုင်ရန် ထပ်မံစိစစ်ချက်အရ ရွာမြေ၊ လယ်မြေ၊ သာသနာပိုင်/အများပိုင်မြေ ၈၀၇.၇၃၆ ဧကကို လုပ်ထုံးလုပ်နည်းနှင့်အညီ ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အမိန့်ကြော်ငြာစာမူကြမ်းကို စိစစ်ပြီးပါက သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေး မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဥတ္တရသီရိမြို့နယ်အတွင်း ကျန်ရှိသည့် ယာမြေ ၁၅၇၀.၃၆၇ ဧကကို သီးနှံသစ်တောရောနှော စိုက်ပျိုးနည်းစနစ်ဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့်ပြုမည် ဖြစ်ပါကြောင်းနှင့် ဥယျာဉ်ခြံမြေ ၅၀.၉၄ ဧကကို နှစ်ရှည်မြေငှားရမ်းစနစ်နှင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးကျော်မင်းလှိုင် (ဥတ္တရသီရိ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးဖြေသွားသည့်အထဲတွင် မိမိတို့ ၁၈၉၁ ခုနှစ်ကတည်းက သစ်တောကြိုးဝိုင်းသတ်မှတ်ထားသည်မှာ မှန်ပါကြောင်း၊ တကယ်တမ်းပြောရမည်ဆိုလျှင် ဝန်ကြီး၏ရုံးသည်လည်း မိမိတို့မဲဆန္ဒနယ်ထဲတွင် ပါဝင်ပါကြောင်း၊ ၂၀၀၆-၂၀၀၇ ခုနှစ်ခန့်မှ ရောက်လာခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက် (၁၁/၂၀၀၃) အပိုဒ် ၂၅ အရ ရပ်ဆိုင်းလိုက်သည်ကိုလည်း မိမိတို့သိရှိရပါကြောင်း၊ မိမိတို့မြို့နယ်တွင်ရှိသည့် တောင်သူလယ်သမားအများစုသည် ဒေသခံပြည်သူစစ်စစ်များသာဖြစ်ပါကြောင်း၊ တစ်မြို့နယ်လုံးအနေဖြင့် မေးထားခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီကိုလည်း မိမိမေးထားပါကြောင်း၊ မေးခဲ့သည့်အချိန်တွင် ကျေးရွာ ၁၂ ရွာနှင့် ဆက်စပ်လယ်မြေ၊ ယာမြေ၊ ဥယာဉ်ခြံမြေ၊ သာသနာမြေ ၎င်းအချက်များကိုသာ ပြန်လည်ဖြေကြားထားသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့မြို့နယ်အတွင်း လယ်စိုက်ပျိုးဧရိယာ ၁၁၁၇၈ ဧကရှိသည်ဟုပြောထားပါကြောင်း၊ တကယ်တမ်းအမှန်တကယ် ကွင်းသားလယ်မြေက ၆၂၄၈ ဧကပဲရှိပါကြောင်း၊ ကျန်အားလုံးက ၎င်း သစ်တောအတွင်း စိုက်ပျိုးနေကြသည့် ရွာအများစုကလည်း သစ်တောနှင့်ထိစပ်နေသည့်အတွက် သစ်တောနယ်နိမိတ်က ရွာဘေးများအထိ ရောက်နေပါကြောင်း၊ ကျန်သည့်ရွာများတွင် လုပ်ကိုင်စားသောက်နေသည့် သစ်တောနယ်နိမိတ်အတွင်း လယ်မြေအများစု၊ နောက်ယာမြေများကို သစ်တောသီးနှံရောနှောစိုက်ခင်းများ၊ (CF)များနှင့် နှစ် ၃၀ ဂရမ် ထုတ်ပေးမည် ဆိုသည်ကိုလည်း မိမိတို့ကြားပါကြောင်း၊ လက်ရှိရှိနေသည့် ကျန်သည့်ကျေးရွာများကို အမှန်တကယ် လုပ်ကိုင်စားသောက်နေသည့် လယ်ယာမြေများကို ကွင်းဆင်းစစ်ဆေးပြီး တိကျမှန်ကန်စွာ စာရင်းကောက်ယူရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း

မိမိတို့ စာရင်းကောက်ယူသည့်နေရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြေစာရင်း ဌာနနှင့် စိုက်ပျိုးရေးဌာနတို့ ပါပါကြောင်း၊ ၎င်း ဌာနလေးခု ညှိနှိုင်းပြီးကျန်ရှိသည့် လယ်ယာမြေများကို စာရင်းကောက်ယူပါမည် သို့သော် ပို၍တိကျအောင် ကျေးရွာများ၏ နာမည်အတိအကျ ပြောမည်ဆိုပါက စာရင်းကောက်ယူရသည်မှာ ပိုမိုလွယ်ကူပါကြောင်း၊ အစည်းအဝေးပြီးသည့်အခါတွင် မိမိကိုစာရင်း အတိအကျ ပေးမည်ဆိုလျှင် မြန်မြန်ဆန်ဆန်နှင့် ဆောင်ရွက်ပေးနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။