(ဆ)-မြောက်ဥက္ကလာပမြို့နယ်သို့အဓိကဝင်ရောက် ရာခုံးကျော်တံတားကိုပါရမီခုံးကျော်တံတားကဲ့သို့ခိုင် ခံ့ကောင်းမွန် ပြေပြစ်သော တံတားအသစ်တစ်စင်း တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၃.၂.၂၀၁၇)

မြောက်ဥက္ကလာပမြို့နယ်သို့ ဝင်/ထွက်သွားလာရာတွင် အသုံးပြုသည့် အဓိကခုံးကျော်တံတားဖြစ်သော အုတ်ပုံစိမ့်မီးရထား ခုံးကျော်တံတားကို လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်ခန့်က တည်ဆောက်ထားရှိခဲ့သည်ဟု သိရှိရပါကြောင်း၊ ၎င်းတံတားကို မူလတည်ဆောက်စဉ်ကပင် ပါရမီခုံးကျော်တံတားကဲ့သို့သော အခြား ခုံးကျော်တံတားများကဲ့သို့ ပုံသဏ္ဌာန်စနစ်တကျမရှိသဖြင့် တည်ဆောက်ပြီးစ အချိန်ကပင် မီးသတ်ယာဉ်တစ်စီး ပြုတ်ကျလုမတတ်ဖြစ်ခဲ့ရပါကြောင်း၊ ၎င်းခုံးကျော်တံတားကို အသုံးပြုပြီး ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသည့် အခြားမြို့နယ်များက လိုင်းကားများအပါအဝင် မော်တော်ယာဉ်မျိုးစုံသည် မြောက်ဥက္ကလာပမြို့နယ်အတွင်းသို့ နိစ္စဓူဝ ဖြတ်သန်းသွားလာနေကြရသော ရန်ကုန်ဆေးတက္ကသိုလ် (၂) ၏ သင်ကြားရေးဆေးရုံကြီးဖြစ်ပြီး အထွေထွေရောဂါကုဆေးရုံကြီးဖြစ်သည့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်၊ အမှတ်(၃) လမ်းမကြီးနှင့် ရေဝေးသုဿ     န်များသို့ သွားလာအသုံးပြုနေကြပါကြောင်း၊ ဤအချက်များကို ထောက်ခြင်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အုတ်ပုံစိမ့် မီးရထားလမ်းကူး ခုံးကျော်တံတားသည် ယိုယွင်းပြီး ကြံ့ခိုင်မှုနည်းပါးနေပါသဖြင့် နေ့စဉ်အသုံးပြု နေရသော ပြည်သူများအတွက် လုံခြုံစိတ်ချမှု မရှိဖြစ်နေပါကြောင်း၊ တံတားပေါ်မှာလည်း ယာဉ်ပြုတ်ကျမှု များလည်း ရှိပါကြောင်း၊

မြောက်ဥက္ကလာပမြို့နယ်သို့ အဓိကဝင်ရောက်ရာ ခုံးကျော်တံတားကို ပါရမီခုံးကျော်တံတားကဲ့သို့ ခိုင်ခံ့ကောင်းမွန် ပြေပြစ်သော တံတားအသစ်တစ်စင်းအဖြစ် ပြုပြင်တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် တည်ဆောက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြောက်ဥက္ကလာပမြို့နယ်သို့ အဓိကဝင်ရောက်ရသည့် ခုံးကျော်တံတားသည် မြန်မာ့မီးရထားကနေပြီး ၁၉၇၆ ခုနှစ်တွင် တာဝန်ယူတည်ဆောက်ခဲ့သည့် တံတားဖြစ်ပါကြောင်း၊ ခုံးကျော်တံတားပေအရှည် ၄၅၄ ပေ နှစ်လမ်းသွားတံတားဖြစ်ပြီးတော့ ချဉ်းကပ်လမ်းအပါအဝင် ၇၉၈ ပေ ဖြစ်ပါတယ်။ အဆိုပါ ခုံးကျော်တံတားကို မြန်မာ့မီးရထားမှ ကြံ့ခိုင်မှုစစ်ဆေးပြီး လိုအပ်သည်များကို ပြင်ဆင်ထိန်းသိမ်း လျက်ရှိပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်တွင် ဖော်ပြထားချက်အရ အဆိုပါ မြောက်ဥက္ကလာပမြို့နယ်သို့ အဓိကဝင်ရောက်ရာ ခုံးကျော်တံတားကို ပါရမီခုံးကျော်တံတားကဲ့သို့ ခိုင်ခံ့ကောင်းမွန်ပြေပြစ်သော တံတားအသစ်တစ်စင်းအဖြစ် တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော် ဘတ်ဂျက်မှကျခံပြီး တည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း။ သို့သော်လည်း  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် မဖြစ်မနေလိုအပ်သော အဓိကလုပ်ငန်းများဆောင်ရွက်ရန်နှင့် ပေးချေရန် ကျန်ရှိသည့်လုပ်ငန်းများအတွက်သာ ဘဏ္ဍာငွေလုံလောက်မှုရှိပါသဖြင့် ယခု မေးမြန်းလာ သည့်ကားလမ်းကူးခုံးကျော်တံတားကို တည်ဆောက်ပေးနိုင်ရန် အစီအစဉ်မရှိသေးပါကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာသန်းဝင်း (မြောက်ဥက္ကလာပမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မြောက်ဥက္ကလာပ ခုံးကျော်တံတားက ကြံ့ခိုင်မှုနည်းပြီး ယိုယွင်းမှုရှိနေသည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအတွက် လုံခြုံစိတ်ချမှုမရှိဖြစ်နေသည့် ၎င်း ခုံးကျော်တံတားဖြစ်သည့် တံတား၏ လုံခြုံမှုနှင့်စိတ်ချရမှု၊ ကြံ့ခိုင်မှုများအတွက်ကို မည်သို့သက်ဆိုင်ရာက တာဝန်ယူဆောင်ရွက် ပေးမည်ကို သိရှိလိုပါ၍ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်

လွှတ်တော် ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့်မေးမြန်းချက်ကို မိမိအနေဖြင့် မှတ်သားပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီးရရှိလာသည့် အဖြေကို ဥက္ကဋ္ဌမှတစ်ဆင့် ပြန်လည်ဖြေကြားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။