(က)-နယ်စပ်ဒေသများ၌တိုက်ပွဲများဖြစ်ခြင်းကြောင့် စစ်ရှောင် ဒုက္ခသည်များ အတွက် မည်သို့ ဆောင် ရွက်နေသည်နှင့်တိုက်ပွဲများဖြစ်နေကြသော နှစ်ဖက် လက်နက်ကိုင်အဖွဲ့အကြီးအကဲများထံသို့ညှိနှိုင်းဖြေ ရှင်းပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ (၅.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

in tone khar nawနယ်စပ်ရေးရာဝန်ကြီးဌာန သည် တစ်ဖက်တစ်လမ်းမှ တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ဖွံ့ဖြိုး တိုးတက်မှုကို ကူညီပံ့ပိုးပေးရန်၊ တိုင်းရင်းသားလူမျိုးများအချင်းချင်း ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊ တိုင်းရင်းသားနယ်စပ်ဒေသများ၌ မူးယစ်ဆေးဝါးစိုက်ပျိုးမှု ချုပ်ငြိမ်းစေရန် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နယ်စပ်ဒေသ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးတို့ကို ထိန်းသိမ်းရန်၊ ၎င်းအပြင် ဝန်ကြီး ဌာနသည် နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ၏ ကြုံတွေ့ခံစားနေရသည့် ဒုက္ခပြဿနာများ ကိုလည်း အတတ်နိုင်ဆုံးပါဝင်ကူညီဖြေရှင်း ပေးရန် စသည့်တာဝန်များ ရှိသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် (၁) နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသများ၌ ယနေ့ထက်ထိတိုင် တိုက်ပွဲများဖြစ်ပွားနေဆဲ၊ ယင်းတိုက်ပွဲကြောင့် တိမ်းရှောင်ထွက်ပြေးနေကြရသည့် စစ်ရှောင်ဒုက္ခသည် များအတွက် မည်ကဲ့သို့ ပံ့ပိုးကူညီဆောင်ရွက်နေသည်ကိုလည်းကောင်း၊ (၂) နယ်စပ်ဒေသ တိုင်းရင်း သား လူမျိုးများနေထိုင်ရာဒေသများ၌ နှစ်ဖက်လက်ကိုင်အဖွဲ့များ မကြာခဏ တိုက်ပွဲများသာ ဖြစ်နေကြခြင်းကြောင့် မိမိဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများအားလုပ်ဆောင်ရန် အဟန့်အတားများ ဖြစ်နေခြင်းအပေါ် ဝန်ကြီးတို့အနေဖြင့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အကြီးအကဲများ ထံသို့သွား၍ ညှိနှိုင်းခြင်းမျိုး ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ် မရှိပါက မည်သည့်အတွက် ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen than htutကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန်လက စတင်၍ ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နယ်မြေလုံခြုံရေးအရ စစ်ရှောင်ဒုက္ခသည်မိသားစုများအတွက် မြစ်ကြီးနား၊ ဝိုင်းမော်၊ ကန်ပိုက်တီး၊ ချီဗွေ၊ ပန်ဝါ၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ကာမိုင်း၊ ဗန်းမော်၊ မိုးမောက်၊ လွယ်ဂျယ်၊ မန်စီ၊ ရွှေကူ၊ ဒေါ့ဖုန်းယန်၊ ပူတာအို၊ ဆွမ်ဘရာဘွမ်ဒေသများမှ ၂၀၁၆ ခုနှစ် ဇွန်လအထိ စုစုပေါင်း ကယ်ဆယ်ရေးစခန်း ၉၄ ခု ဖွင့်လှစ်ခဲ့ပြီး အဆိုပါကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု ၈၀၉၈ စု စုစုပေါင်းရွှေ့ပြောင်းနေထိုင်သည့် လူဦးရေ ၃၉၃၇၆ ဦးရှိသည်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်အရ သိရှိရပါကြောင်း၊ အဆိုပါ ကချင်ပြည်နယ်အတွင်း နယ်မြေ လုံခြုံရေးအရ ရွှေ့ပြောင်းနေထိုင်ကြတဲ့ အိမ်ထောင်စု များအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ လိုအပ်သော ထောက်ပံ့ကူညီမှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ပြည်ထောင်စုအစိုးရအနေဖြင့် ပဋိပက္ခများစတင်ဖြစ်ပွားခဲ့သော၂၀၁၁ ခုနှစ်၊ ဇွန်လကနေ စတင်၍ ခေတ္တတိမ်းရှောင်မိသားစုများသို့ ကယ်ဆယ်ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာမှာ ၂၀၁၆ ခုနှစ် မေလအထိ စားဝတ်နေရေးအတွက် လတ်တလောထောက်ပံ့ငွေကျပ် ၃၀၈၃.၆၀၅ သန်းနှင့် ပစ္စည်းတန်ဖိုးငွေကျပ် ၁၅၁၃၀.၅၁၁ သန်း ထောက်ပံ့ဆောင်ရွက်ခဲ့သည့်အနက် နယ်စပ် ရေးရာဝန်ကြီးဌာနမှ ကချင်ပြည်နယ် အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ တိမ်းရှောင်  လာသည့် မိသားစုများကို ပစ္စည်းနှင့်ငွေသား ထောက်ပံ့ငွေကျပ် ၁၇၈.၁၃၆ သန်းကို ထောက်ပံ့ပေးခဲ့ခြင်း၊ ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ၂၀၁၁ ခုနှစ် သြဂုတ်လမှ စတင်ပြီး ၂၀၁၆ ခုနှစ် မေလအထိ စုစုပေါင်း ရိက္ခာဆန် ၈၂၅၀၄.၈၃၂ တန်၊ ဆီ ၅၂၀၁.၁၆၅၆ တန်၊ ပဲ ၁၁၂၀၇.၈၉၈၆ တန်၊ ဆား ၉၁၂.၁၇၅ တန်၊ အာဟာရမှုန့် ၆၁.၅၆၇ တန်၊ အားဖြည့်ဘီစကစ် ၁၅.၇၉၁ တန်တို့အား ဖြန့်ဝေထောက်ပံ့ခဲ့ခြင်း၊ တရုတ်နိုင်ငံနယ်စပ်ကယ်ဆယ်ရေးခစန်းများသို့ နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA)မှ ၂၀၁၂ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ စုစုပေါင်း ရိက္ခာဆန် ၅၇၄.၇၄ တန်၊ ဆီ ၅၉.၆၆၅ တန်၊ ပဲ ၃၃၆.၃၄၈ တန်၊ ဆား ၂၄.၃၈၅ တန်၊ အာဟာရမှုန့် ၁၇.၇၃ တန်တို့ကို ဖြန့်ဝေထောက်ပံ့ပေးခဲ့ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း၊

တိုက်ပွဲများဖြစ်နေကြသော နှစ်ဖက်လက်နက်ကိုင်အဖွဲ့အကြီးအကဲများထံသို့ဝန်ကြီးတို့ အနေဖြင့် ညှိနှိုင်းကူညီဖြေရှင်းပေးခြင်း မျိုး ဆောင်ရွက်ရန်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် လိုအပ်သောမူဝါဒများချမှတ်ပေးခြင်းနှင့် ဦးဆောင် လမ်းညွှန်မှုပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်သမ္မတရုံး၏ ၁၁-၇-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊(၅၀/၂၀၁၆)ဖြင့် ထုတ်ပြန်ခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်း ခဲ့ပြီး အဆိုပါကော်မတီသည် လုပ်ငန်းတာဝန်များကို ချမှတ်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို ကျင်းပသွားမည်ဖြစ်ရာ ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နိုင်ရန် နိုင်ငံတော်သမ္မတရုံးမှ ၃၁-၅-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊(၂၆/၂၀၁၆)ဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ ကို စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုအဆင့်အဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း ၁၆  ဦးဖြင့် ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်း၊ တစ်နိုင်ငံလုံး ပတ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးတဲ့အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၁)ကိုလည်းကောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း မပြုရသေးသော အဖွဲ့များ နှင့်တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) အကြိုပြင်ဆင် ရေးဆပ်ကော်မတီ(၂)ကိုလည်းကောင်း ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။

ဦးအင်ထုံးခါးနော်ဆမ်(မြစ်ကြီးနား) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ကချင်ပြည်နယ်ဘက်ကို စားဝတ် နေရေး၊ စားနပ်ရိက္ခာတွေ၊ နေရေးထိုင်ရေးပံ့ပိုးမှုများကို ကြောင်း ၂၀၁၁ ခုနှစ်မှ  ၂၀၁၄ ခုနှစ်အထိ ပံ့ပိုးဆောင်ရွက်များရှိခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ခုနှစ်ပိုင်းတွင် နယ်စပ်ဒေသဝန်ကြီးဌာန၏ အားနည်းလာသည်ကို သိရှိရပါကြောင်း၊ ထု့ိကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်သာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြောင်း အမျိုးမျိုးကြောင့် စစ်ဘေးရှောင် ဒုက္ခရောက်နေသည်များကို ဆက်လက် ဆက်လက်ပြီး ပံ့ပိုးနိုင်ရန်အတွက် တင်ပြမေးမြန်းပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

မိမိတို့အနေဖြင့် စားနပ်ရိက္ခာထောက်ပံ့ရန်  WFPနှင့် ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ထောက်ပံ့မှုများပြုလုပ်ရန်အတွက် MOU ရေးထိုးထားပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်။