(င)-လက်ပံတန်းမြို့နယ်နှင့်မင်းလှမြို့နယ်သို့ဆက် သွယ်ထားသည့် အရှည်(၇)မိုင်ရှိသောတောင်ကြို့ ကုန်းလမ်းအားဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်း အဖြစ်မူလကတ္တရာလမ်းအဆင့်သို့တိုးမြှင့်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၃.၂.၂၀၁၇)

မိမိတို့ လက်ပံတန်းမြို့နယ်ဘက်အပိုင်းထဲတွင် ၇ မိုင် ၂ ဖာလုံရှိပြီး မင်းလှမြို့နယ်ထဲတွင် ၇ မိုင်ခန့်ရှိပါကြောင်း၊ စုစုပေါင်း ၁၄ မိုင်ခန့်ရှိပါကြောင်း၊ ၎င်းလမ်းမှာ မိမိတို့ မြို့နယ်အပိုင်းဖြစ်ပြီး ကျေးရွာအုပ်စုက ၈ အုပ်စုနှင့် ကျေးရွာပေါင်း ၇၃ ရွာမှ အသုံးပြုပြီး မင်းလှအပိုင်းမှာ ကျေးရွာအုပ်စု ၁၂ ခုနှင့် ကျေးရွာပေါင်း ၅၂ ရွာ အသုံးပြုနေသည့်လမ်းဖြစ်ပါကြောင်း၊ မိုးရာသီတွင် အသုံးပြု၍မရသည့် လမ်းဖြစ်ပြီး နွေရာသီတွင်သာ အသုံးပြု၍ရသည့် လမ်းဖြစ်ပါကြောင်း၊ ဒေသခံများမှ ၎င်းလမ်းကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြင်ဆင်ပြီးမှ အသုံးပြုနေရခြင်း ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် မိမိတို့ မြို့နယ်ချင်းဆက်လမ်း ဖြစ်သည့်အတွက်ကြောင့် ကျေးလက်ဦးစီးဌာနကလည်း တာဝန်ယူမည် မဟုတ်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ကျေးလက်ဦးစီး ဌာနကတာဝန်ယူသည့် လမ်းပိုင်းများက ယခုလို မြို့နယ်ချင်းဆက်လမ်းများကို ချိတ်ဆက်သည့် ကျေးရွာအုပ်စုများကနေပြီး လူဦးရေ ၁၀၀၀ ခန့်အသုံးပြုသည့် လမ်းများကို ဦးစားပေး(က) အဆင့်အဖြစ် သတ်မှတ်ထားသည့် လမ်များက ကျေးလက်ဦးစီးဌာနပိုင် လမ်းဖြစ်ပြီး ၎င်းလမ်းက မြို့နယ်ချင်းဆက်လမ်း ဖြစ်သည့်အတွက်ကြောင့် ဆောက်လုပ်ရေးဌာနမှ တာဝန်ယူပေးစေချင်ပါကြောင်း၊ ဆောက်လုပ်ရေးဌာနက တာဝန်ယူပေးမည်ဆိုပါကလည်း ၎င်း လမ်းမြေနေရာ အကျယ်အဝန်းလည်းရှိပါကြောင်း၊ ဒေသခံများလည်း လိုအပ်သည့် လမ်းအကျယ်အဝန်းကို ပေးပါမည်ဟူ၍လည်း မိမိတို့ ကတိပြုထားခြင်းရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဘတ်ဂျက်အနေအထားအရ လောလောဆယ် ကတ္တရာလမ်းကို အဆင့်မတိုးမြှင့်နိုင်ပါက ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေပြီး ဂဝံကျောက်စလစ်ရောမြေ၊ အင်းမာကျောက်မြေတို့ဖြင့် စက်ယန္တရားများဖြင့် အသုံးပြုပြီး အဆင့်မီမီ လုပ်ပေးမည်ဆိုပါက အများကြီးအဆင်ပြေပါကြောင်း၊ နှစ်စဉ်ဘတ်ဂျက်အနေအထားအရ ကတ္တရာလမ်းအဆင့်ကို တဖြည်းဖြည်းတိုးပေးလျှင် အဆင်ပြေမည် ဖြစ်ပါကြောင်း၊ လက်ပံတန်းကျွန်းကလေး မှော်အင်းလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၂ ပထမအကြိမ်လွှတ်တော်တွင် တင်ပြခဲ့သောကြောင့် ဆောက်လုပ်ရေးဌာနက အပိုင်သိမ်းပြီး ယခု ၂၀၁၆-၁၇ ဘတ်ဂျက်တွင် အပြီးသတ် ကတ္တရာလမ်း ခင်းပေးပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အပိုင်သိမ်းပြီး နှစ်အလိုက်ဘတ်ဂျက်အရ ကတ္တရာလမ်းအဆင့်အဖြစ် တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ်တို့ကို ဆက်သွယ်ထားသည့် တောင်ကြို့ကုန်း-သနာပိုလမ်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင်လမ်းဖြစ်ပြီး လက်ပံတန်းမြို့နယ် အပိုင်းတွင် ၆ မိုင် ၄ ဖာလုံနှင့် မင်းလှမြို့နယ်အပိုင်းတွင် ၈ မိုင် ၂ ဖာလုံ စုစုပေါင်း ၁၄ မိုင် ၆ ဖာလုံရှိသည့် လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်သည့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲနေသော လက်ပံတန်း-လမ်းမတော်-ကန်ကြီးလမ်း၏ မိုင်တိုင်အမှတ်(၂/၇)နှင့် ရှမ်းတော- မင်းလှ-အင်းဘုတ်ကုန်း-မိုးညိုလမ်း၏ မိုင်တိုင်အမှတ် (၄/ဝ) တို့ကို ဆက်သွယ်ထားသည့် လမ်းဖြစ်ပါကြောင်း၊ သို့သော်လည်း  လမ်းနယ်နိမိတ်အကျယ် ရရှိနိုင်မှုက ပေ ၂၀ မှ ပေ ၄၀ ကြားရှိသည်ကို တွေ့ရှိရပါကြောင်း၊

လမ်းဦးစီးဌာနအနေဖြင့် လမ်းတစ်လမ်းကို လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတ်မှတ်လမ်း နယ်နိမိတ်များ အကျယ်ရရှိမှသာ လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်လမ်း နယ်နိမိတ်အကျယ် ရရှိစေရေးကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ တောင်ကြို့ကုန်း-သနာပိုလမ်းသည် လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ်တို့ကို ဆက်သွယ်ထားသည့် မြို့နယ်ချင်းဆက်လမ်းဖြစ်သဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနှင့် လမ်းနယ်နိမိတ်အကျယ် ပေ ၁၀၀ ရရှိမည်ဆိုလျှင် လမ်းဦးစီးဌာနပိုင် လမ်းအဖြစ် လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းလက်ခံ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းအနေဖြင့်  လွှဲပြောင်းလက်ခံ ဆောင်ရွက်ရာတွင် ပထမဦးစွာ သက်ဆိုင်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က အဆိုပါလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းအဖြစ် လွှဲပြောင်းဆောင်ရွက်ခွင့်ပြုပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အဆိုပြုတင်ပြရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က  သဘောထား မှတ်ချက်တောင်းခံလာသည့် အချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်းကိုလွှဲပြောင်းလက်ခံနိုင် ကြောင်း သဘောထားပြန်လည်တင်ပြခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးကော်မတီသို့ တင်ပြခြင်းစသည့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ဆောင်ရွက်ပြီးစီးမှသာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် စီမံခန့်ခွဲသည့် လမ်းအဖြစ်လွှဲပြောင်းလက်ခံ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။