ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာအုပ်စုတွင် စာစစ်ဌာနရရှိရေးအတွက်ကို ခရိုင်နှင့်မြို့နယ် ပညာရေးမှူးတို့မှာ အချက် (၁၁) ချက်ဖြင့် စီစစ်၍ ပြည့်စုံသဖြင့်၊ မြန်မာနိုင်ငံစာစစ်ဌာန (ရန်ကုန်) မြို့သို့ ခရိုင်ပညာရေးဌာန၏ စိတ်/၆၃၀ (စာစစ်) ၁၀-၂၀၁၆ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၅-၁၀-၂၀၁၆ ရက်စွဲပါစာအမှတ် ၉၀၀/၅-၂ ဦး-၆ အရ မြို့နယ်ပညာရေးမှူး၏ စိတ် ၄၅၅၆/ (စာစစ်) ၁၀-၂၀၁၆ အရလည်းကောင်း အမှုတွဲတင်ပြတောင်းခံ ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ညောင်ဘီးကျေးရွာအုပ်စုသည် ကျွန်းစုမြို့နယ်စာစစ်ဌာနသို့ ရေမိုင်အားဖြင့် ၄၂ မိုင်ကွာဝေး၍ နေ့စဉ် စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ရေလမ်းခရီးဖြင့် လှိုင်းဒဏ်၊ လေဒဏ် ကြမ်းတမ်းခက်ခဲစွာဖြင့် စာမေးပွဲသို့ သွားရောက်ဖြေဆိုရာတွင် ကြီးကြပ်သူ၊ အုပ်ချုပ်သူများပါ လိုက်ပါလျှင် လူဦးရေစုစုပေါင်း ၅၀၀ ကျော်က လှေငါးစီးဖြင့် သွားရောက်ဖြေဆို ဆောင်ရွက်နေကြသည့်အတွက် ခရီးအနည်းငယ် ပင်ပန်းခြင်း၊ အလုပ်အကိုင်ပျက်၍ သွားလာနေရခြင်း၊ တည်းခိုနေထိုင်ရေးအခက် အခဲနှင့် ငွေရေးကြေးရေး အခက်အခဲများကို ရင်ဆိုင်နေရပါကြောင်း၊
အဆိုပါညောင်ဘီးကျေးရွာတွင် အထက်တန်းစာစစ်ဌာန ရရှိမည်ဆိုပါက ညောင်ဘီးကျေးရွာ အုပ်စုမှ ကျောင်းသားဦးရေ အတွင်းဖြေ ၁၅၀၊ အပြင်ဖြေ ၁၅ ဦး၊ မောင်းတော်ကျေးရွာအုပ်စုတွင် ၂၇ ဦး၊ သဇင်ကျေးရွာ (အ.ထ.က) တွင် ၆၉ ဦး၊ ပန်းစင်ကျေးရွာအုပ်စုတွင် အတွင်းဖြေ ၄၆ ဦးနှင့် အပြင်ဖြေ ၁၀ ဦး စုစုပေါင်း ကျောင်းသားကျေးရွာအုပ်စု လေးအုပ်စုမှ ကျောင်းသား ၃၁၇ ဦးတို့သည် ၎င်းစာစစ် ဌာနတွင် သွားရောက်၍ စိတ်အေးချမ်းချမ်းသာစွာဖြင့် စာမေးပွဲကို ဖြေဆိုနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ညောင်ဘီးကျေးရွာ (အ.ထ.က) စာစစ်ဌာနအား ၂၀၁၆-၁၇ ခုနှစ်တွင် အထက်တန်းစာစစ်ဌာန အဖြစ် ချပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် ယခုနှစ်အတွက် တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စားမေးပွဲ စာစစ်ဌာနပေါင်းအသစ် ၁၄၂ ခုဖွင့်လှစ်ခွင့်ပြုရန် ၂၇-၁၂-၂၀၁၆ ရက်နေ့ ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြခဲ့ပါကြောင်း၊ ထိုသို့ တင်ပြမှုတွင် အဆင့်ဆင့်သော စိစစ်မှုများအရ တင်ပြပါစာစစ်ဌာနအသစ် ၁၄၂ ခုအနက်မှ မေးခွန်းလွှာများ အဖြေလွှာများအတွက် လုံခြုံမှုရှိရန် လိုအပ်ချက်ရှိနေသော စာစစ်ဌာနအဖြစ် အဆင့်သတ်မှတ်ပေးရန် မပြည့်စုံသောစာစစ်ဌာန ၆၅ ခု ရှိပြီး စာစစ်ဌာနအဖြစ် ဖွင့်လှစ်ခွင့်ပြုရန် လုံခြုံမှုရှိကြောင်း ထောက်ခံတင်ပြသည့် စာစစ်ဌာန ၇၇ ခုရှိပါကြောင်း၊ သို့သော် ၎င်း ၇၇ ခုကို ပြန်စစ်သည့်အခါ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ခံချက်မပေးသည့်အတွက် ကျောင်းသုံးကျောင်းမှာ ပယ်ဖျက်ခဲ့ရပြီး နောက်ဆုံးအတည်ပြုချက် အနေဖြင့် ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် ယခုလာမည့် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအသစ်များဖြင့် ထပ်မံဖွင့်လှစ်ခွင့်ပြုရန် ၇၄ ခု ရှိပါကြောင်း၊ ညောင်ဘီးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းသည် မူလစိစစ်ချက်အရ လုံခြုံမှုလိုအပ်ချက် ရှိနေသည့် စာစစ်ဌာန ၁၅ ခုစာရင်းတွင် ပါနေသည့်အတွက် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအသစ်အဖြစ် ဖွင့်လှစ်ခွင့်မရရှိပါကြောင်း၊ ၎င်း စာစစ်ဌာနများသည် တစ်ပြည်လုံးတွင် မည်သည့်စာစစ်ဌာနကဖြစ်စေ၊ လုံခြုံမှုတစ်စုံတစ်ခု ကျိုးပါက်ခဲ့လျှင် တစ်ပြည်လုံးတွင် စာဖြေသူ ခုနစ်သိန်းခန့်အတွက် အများကြီးထိခိုက်စေသော အကြောင်းတရား ဖြစ်သည့်အတွက် လုံခြုံမှုကို အထူးဂရုပြုရပါကြောင်းနှင့် လွှတ်တော်အစည်းအဝေးမစခင် လွှတ်တော် ကိုယ်စားလှယ်ကြီးကို ရှင်းပြပြီး နောက်နှစ်တွင်ပါဝင်ခွင့် ရရှိနိုင်ရေးကို လုံခြုံမှုအတွက် လိုအပ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စာခန်းချစခန်းရရှိရေး ညှိနှိုင်းဆောင်ရွက် သင့်ပါကြောင်း၊ မိမိတို့ မြေပုံတွင်လည်း စာစစ်ဌာနတစ်ဝိုက်ရှိ စာစစ်ဌာနနှင့်ကျောင်းများ တည်နေရာကို တင်ပြထားပါကြောင်း၊
အချုပ်အားဖြင့် ယခုနှစ်အတွက် စာစစ်ဌာနဖွင့်လှစ်ပေးရန် အစီအစဉ်မရှိပါကြောင်း နှင့် နောင်လာမည့် နှစ်များတွင် သတ်မှတ်ချက်ပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက်ညှိနှိုင်းပေးမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
