(ဃ)-ကင်းတားရေလွှဲဆည်မှ မိတ္ထီလာ သို့သဘာ ဝအနိမ့်အမြင့်သဘောနှင့်မဟုတ်ဘဲရေစုပ်စက်ကြီး များ နှင့်အဆင့်ဆင့်စက်ရေတင်၍ ရေပေးဝေရေး စီ မံကိန်း ပြီးစီးပါကမူလလျာထားခဲ့သော မြေဧက သုံးသောင်းကျော်ကိုလုံလုံလောက်လောက် ရေပေး နိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

lin kyaw kyawမိမိအနေဖြင့် ယခု ကင်းတားမှ မိတ္ထီလာကို ရေပေးရသည့် စီမံကိန်းကို မေးမြန်းရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ဘဏ္ဍာကို အလေအလွင့်မရှိစေရန်နှင့် အကျိုးရှိရှိ စီစဉ်အသုံးချစေနိုင်ရန်အတွက်လည်း ပြည်သူများ၏ စိုးရိမ်မှုကို ပြေပျောက်စေရန် ရည်ရွယ်ပါကြောင်း၊ ပြီးခဲ့သည့် အစိုးရအဆက်ဆက် လက်ထက်က မိတ္ထီလာလွင်ပြင် ရေရှိရေးဆိုပြီး အလွန်ရှုပ်ထွေးပြီး ခက်ခဲလှသည့် စီမံကိန်းကြီးများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်း စီမံကိန်း၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ကင်းတား မှနေပြီး မိတ္ထီလာကို ရေပေးဝေရာတွင် ပုံမှန်သဘာဝအနိမ့်အမြင့်သဘောမျိုးနှင့် Gravity ဖြင့် မဟုတ်ဘဲ  Pump Station ကြီးများကိုအသုံးပြုပြီး အဆင့်ဆင့်ဆောင်ရွက်ရသည့်အတွက် စီမံကိန်း တည်ဆောက်စရိတ် ထိန်းသိမ်းစရိတ်များ အလွန်များပြားပြီး စီမံကိန်းများ ဆက်လက်ရပ်တည်နိုင်ရန် ခက်ခဲနေသည်ကို လေ့လာသိရှိရပါကြောင်း၊ မူလစီမံကိန်းတွင် လျာထားသည့် ဧက ၃၃၀၀၀ ကျော်ကိုလည်း အမှန်တကယ် ရေပေးဝေနိုင်ခြင်းရှိ/မရှိကို သံသယဖြစ်မိပါကြောင်း၊ ထို့အပြင် ကင်းတားဆည်ကြီး မြို့နယ်လေးမြို့နယ်၏ ဆည်ရေသောက်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့်အဆိုပါ လေးမြို့နယ်မှ ပြည်သူများအနေဖြင့် ရေထပ်ခွဲရန်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မိတ္ထိလာလွင်ပြင်ကို ရေပေးနိုင်သည့် စီမံကိန်းမှာလည်း ခက်ခဲသည့် စီမံကိန်းဖြစ်ပါကြောင်း၊

ထို့ကြောင့် (၁) ကင်းတားရေလွှဲဆည်မှ မိတ္ထီလာသို့ သဘာဝအနိမ့်အမြင့်သဘော (Gravity)နှင့် မဟုတ်ဘဲ ရေစုပ်စက်ကြီးများနှင့် အဆင့်ဆင့်စက်ရေတင်၍ ရေပေးဝေရေး စီမံကိန်းပြီးစီးပါက မူလလျာထားခဲ့သော မြေဧကသုံးသောင်းကျော်ကို အမှန်တကယ် လုံလုံ လောက်လောက် ရေပေးဝေနိုင်ခြင်းရှိ/မရှိ၊ (၂) စီမံကိန်းဆက်လက်ဆောင်ရွက်ရန်စရိတ်၊ ရေပေးဝေရန် စက်ရေတင်ရသောစရိတ်နှင့် အထွေထွေပြုပြင်ထိန်းသိမ်းရန်စရိတ်စသည့် ကုန်ကျစရိတ် များနှင့် ယှဉ်လျှင် ရရှိလာသော အကျိုးအမြတ်က အကျိုးဖြစ်ထွန်းမှု အမှန်တကယ်ဖြစ်ထွန်းမှုရှိ/မရှိ၊ (၃) ဆက်လက်ဆောင်ရွက်ရန် အကျိုးမရှိုပါက စီမံကိန်းကို အမြန်ရပ်ဆိုင်းပြီး မြို့ကြီးမှရေကို ကင်းတားရေသောက်ဧရိယာတွင် ရေလုံလောက်စွာ မရရှိနေသော ဧရိယာ ၄၀၀၀၀ ကျော်ကို အားဖြည့်ရေပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

u tun winနိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေကို Long Term တွင် Sustainable ရှိ/မရှိ ဒီ Gravity ဖြင့် သွားရမည့် သဘာဝ Gravity  နှင့် သွားရမည့် ရေလမ်းကြောင်းကို မိမိတို့က ဆန့်ကျင်ပြီး လျှပ်စစ်နှင့် ရေတင်စီမံကိန်း ၂၆ ခုဖြင့်  ပြုလုပ်ပြီးသွားရသည့် အနေအထားတွင် ဖြေကြားထားသည်ကို ပြန်ပြီးပြောပြီးလျှင် မန္တလေးတိုင်းဒေသကြီး အတွင်းတွင်ရှိသည့် မိတ္ထီလာလွင်ပြင်ဒေသဖြစ်သော ဝမ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ်များတွင် မိုးနည်းရေရှားပြီး ပူပြင်းခြောက်သွေ့သော ဒေသဖြစ်သဖြင့် ၂၀၀၄-၀၅ ခုနှစ်မှစတင်ပြီး မိတ္ထီလာလွင်ပြင် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊  စိမ်းလန်းစိုပြည်ရေးစီမံကိန်းတွင်  အပိုင်း သုံးပိုင်းပါဝင်ပါကြောင်း-၎င်းတို့မှာ

(၁)     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်အတွင်းရှိ မြို့ကြီးရေလှောင်တမံဘက်စုံစီမံကိန်း ဆောင်ရွက်ခြင်း၊

(၂)     ကင်းတားရေလွှဲဆည်မှ လျှပ်စစ်ရေတင်စီမံကိန်းဆောင်ရွက်ခြင်း၊

(၃)     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း၊

          ဇော်ဂျီမြစ်ပေါ်ရှိ ဇော်ဂျီရေလှောင်တမံကို ၁၉၉၇-၁၉၉၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ရေအားလျှပ်စစ် ၁၂ မဂ္ဂါဝပ်ထုတ်လုပ်ပြီး ဆည်ရေသောက်ဧရိယာ ၈၂၀၀၀ ဧကခန့်အား ဆည်ရေပေးဝေခဲ့ပါကြောင်း၊ ဇော်ဂျီရေလှောင်တမံမှ ပိုလျှံလာသည့် စီးဝင်ရေများကို ပိုမိုထိန်းညှိသိုလှောင်ပြီး ဇော်ဂျီမြစ် ရေကြီးရေလျှံမှုမှ ကာကွယ်ရန်၊ ဇော်ဂျီရေသောက်စနစ်သို့ ရေကူဖြည့်တင်းရန်၊ ရေအားလျှပ်စစ် ၃၀ မဂ္ဂါဝပ်ထုတ်လွှတ်ရန် ကင်းတားဆည်ရေသောက်စနစ်သို့ ရေကူဖြည့်တင်းရန်နှင့် ကင်းတား ရေလွှဲဆည်မှတစ်ဆင့် လျှပ်စစ်ရေတင်စနစ်ဖြင့် မိတ္ထီလာလွင်ပြင်ရှိ စိုက်ပျိုးမြေများအား ဆည်ရေပေးဝေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဇော်ဂျီတမံ၏ အောက်ဘက်တွင် မြို့ကြီးရေလှောင်တမံကို ၂၀၁၅ ခုနှစ်၌ တည်ဆောက်ပြီးစီးခဲ့ပါကြောင်း၊ ဇော်ဂျီရေလှောင်တမံ၏ အထက်ဘက်ရှိ တည်ဆောက်ဆဲဖြစ်သော ကျိုင်းခမ်းရေလှောင်တမံကိုလည်း နှစ်အလိုက်လိုအပ်ချက် ရန်ပုံငွေတင်ပြတောင်းခံပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊

          ကျိုင်းခမ်း၊ ဇော်ဂျီနှင့် မြို့ကြီးရေလှောင်တမံများ၏ စုစုပေါင်း ရေသိုလှောင်နိုင်သည့် ပမာဏသည် ၁၁.၅ သိန်းရေဧကပေ သိုလှောင်နိုင်မည်ဖြစ်ခြင်းကြောင့် မူလရှိပြီး ဇော်ဂျီဆည်ရေသောက်စနစ်သို့ ရေပိုမိုဖြည့်တင်းပေးဝေ နိုင်မည့်အပြင် မြို့ကြီးမြောင်းမတော်အမှတ်(၁) မှတစ်ဆင့် ကင်းတားလက်ယာမြောင်းမကြီးထဲသို့ ရေကူဖြည့်တင်းပေးနိုင်ပြီး ပြောင်းပြာနှင့်ငလိုင်းဇင် ရေသောက်ဧရိယာအဖျားပိုင်းရှိ ၁၄၀၀၀ ဧကခန့်အား ရေပိုမိုတိုးချဲ့ပေးဝေနိုင်မည်ဖြစ်ပါကြောင်း၊ ကင်းတားရေလွှဲဆည်မှ ကင်းတားလက်ယာ မြောင်းသို့ ရေခွဲဝေပေးရန် မလိုအပ်သည့်အတွက် ကင်းတားလက်ဝဲမြောင်းနှင့် ပန်းလောင် ရေသောက်စနစ်တို့ရှိ ရေသောက်ဧရိယာအဖျားပိုင်း ၂၆၅၀၀ ဧကခန့်အား ပိုမိုတိုးချဲ့ရေပေးဝေ နိုင်မည်ဖြစ်သည့်အတွက် ကင်းတားဆည်ရေသောက်ဧရိယာအတွင်းရှိ မူလကရေပေးဝေနိုင် ခြင်းမရှိခဲ့သော မြောင်းဖျားပိုင်း စိုက်ပျိုးမြေဧရိယာ ဧက ၄၀၀၀၀ ကျော်ခန့်အား ပိုမိုတိုးချဲ့၍ ရေပေး ဝေနိုင်မည်ဖြစ်ပါကြောင်း၊

          ထို့နောက် ကင်းတားရေလွှဲဆည်မှတစ်ဆင့် အမှတ်(၂) ရေမြောင်းသို့  လျှပ်စစ်ရေတင်စနစ်ဖြင့် မိုင်းမောဒေသရှိ စိုက်ပျိုးမြေဧက ၃၀၀၀ အား ရေပေးဝေနိုင်ရေးအတွက် ရေသောက်စနစ်များ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ မြောင်းမတော်အမှတ်(၂) ကင်းတားလက်ဝဲမြောင်းထဲသို့ ပေါင်းစုံစီးဝင်စေပြီး စမုံချောင်းအတွင်းရှိ ရာဘာရေလွှဲဆည်ထဲသို့ ဆက်လက်စီးဝင်စေ၍ မိတ္ထီလာလွင်ပြင်ဒေသအတွင်းရှိ စိုက်ပျိုးမြေဧရိယာ ၃၀၀၀၀ ဧကခန့်အား လျှပ်စစ်ရေတင်စနစ်ဖြင့် ရေပေးဝေနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊

          သို့ဖြစ်ပါ၍ မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းလုပ်ငန်းများသည် မိတ္ထီလာလွင်ပြင်ဒေသ စိမ်းလန်းစိုပြည်စေမည့်အပြင် ကင်းတားဆည်ရေသောက်ဧရိယာအတွင်း မူလက မြောင်းဖျားပိုင်းဧရိယာရှိ ရေပေးဝေနိုင်ခြင်းမရှိခဲ့သည့် မြောင်းဖျားပိုင်းစိုက်ပျိုးမြေဧက ၄၀၀၀၀ ကျော်အားလည်း စိုက်ပျိုးရေတိုးချဲ့ပေးဝေနိုင်မည်ဖြစ်ပါသဖြင့် အမှန်တကယ် အကျိုးဖြစ်စေနိုင်မည့် လုပ်ငန်းများဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာလင်းလင်းကျော် (မြစ်သား)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အဆိုပါ စီမံကိန်းသည် လုပ်သင့်၍ အကျိုးရှိမည်ဆိုပါက တွက်ချက်ထားခြင်း တစ်ဧကလျှင် ကုန်ကျစရိတ်အတွက် တွက်ချက်ထားခြင်းရှိ/မရှိ၊ တွက်ချက်ထားပါကလည်း အရင်းကျေမည့်နှစ်ကိုလည်း တွက်ချက်ထားခြင်းရှိ/မရှိ မရှိပါက စီမံကိန်းလည်ပတ်သည့် စရိတ်များကို နိုင်ငံတော်မှ နှစ်စဉ်/နှစ်တိုင်း အရှုံးခံကျခံပေးနေရမည်လား စသည်တို့ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း

အဆိုပါစီမံကိန်းသည် EIA, SIA ကိုသာ တိုင်းတာပြီး Social Impact, Enviromental Impact  များကိုတိုင်းတာခဲ့ခြင်းမရှိဘဲ ဒေသ၏ရေလိုအပ်ချက် သောက်သုံးရေနှင့် စိုက်ပျိုးရေ လိုအပ်ချက်ကိုသာ ထည့်သွင်းစဉ်းစား၍ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် အဆိုပါစီမံကိန်းအပြင် အခြားသောဆည်များကိုလည်း Cost Effective မဖြစ်ခြင်း ရေရှည်မခံခြင်း Sustainable ဖြစ်ခြင်း၊ တိုင်းပြည်အတွက်အကျိုးအရှိခြင်းစသည့် အချက်များနှင့်ပတ်သက်၍ မိမိတို့က Terms ဖွဲ့ပြီး Survey ဆင်းကာအရှုံးခံပြီး တိုင်းပြည်အတွက် ကုန်ကျစရိတ်သက်သာသည့် နည်းလမ်းများဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လည်း ကတိပြုပါကြောင်း ရှင်းလင်းဖြေကြားပါသည်။