မေးခွန်း အကြောင်းအရာ
တောင်သူလယ်သမားများအတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်များနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ မကြာခဏလိုဖြစ်နေကြပါကြောင်း၊ ယခုလိုဖြစ်သည့်နေရာတွင် လယ်ယာမြေဥပဒေအရ ကျေးရွာ၊ ရပ်ကွက်များတွင် စတင်ပြီး ဖျက်မည်ဆိုပါက အမှုလက်ခံသည့် နေ့မှစပြီး ၁၅ ရက်အတွင်း အပြီးအပြတ် စစ်ဆေးရပါကြောင်း၊ ၎င်းစစ်ဆေး ဆောင်ရွက်ချက်အပေါ် မကျေနပ်သည့် သူများမှ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို ရက်ပေါင်း ၃၀ အတွင်း အယူခံတက်ရပါကြောင်း၊ အယူခံလက်ခံရရှိသည့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ရက်ပေါင်း ၃၀ အတွင်း ၎င်းအမှုကို ဆုံးဖြတ်ချက်ချရခြင်း ဖြစ်ပါကြောင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်သူများမှ ဆုံးဖြတ်သည့် နေ့မှစပြီး ရက်ပေါင်း ၃၀ အတွင်း ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို အယူခံဆက်လက် တက်ရခြင်းဖြစ်ပါကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်သူမှ ရက်ပေါင်း ၆၀ အတွင်း တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို အယူခံတက်ရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှလည်း မိမိအမှုလက်ခံရရှိသည့် ရက်မှစပြီး ရက်ပေါင်း ၆၀ အတွင်းအမှုကို အပြီးအပြတ်ဆုံးဖြတ်ရမည်ဟု ၂၀၁၂ ခုနှစ်၊ လယ်ယာမြေစီမံခန့်ခွဲမှု လယ်ယာမြေ ဥပဒေပါအတိုင်း အတိအကျပြဋ္ဌာန်းထားခြင်းရှိပါကြောင်း၊ သို့သော်လည်း လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အသီးသီးမှ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲနှင့် ရက်ပိုင်း၊ လပိုင်း ကန့်သတ်ထားပါလျက်နှင့် မိမိတို့မှာ လပေါင်း၊ နှစ်ပေါင်းမြောက်မြားစွာ ကြာခဲ့ရပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မ ၂၃ ပုဒ်မခွဲ(က)၊ ပုဒ်မ ၂၄ ပုဒ်မခွဲ(က)နဲ့ ပုဒ်မ ၂၅ ပုဒ်မခွဲ(က)တွင် အတိအကျပြဋ္ဌာန်းထားပါလျက်နှင့် ၎င်း ပြဋ္ဌာန်းချက်အပေါ်တွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ တာဝန်အပေါ် လုံးလုံးကျရောက်နေခြင်းဖြစ်ပါကြောင်း၊ လယ်ယာမြေနည်းဥပဒေ ၆၃ တွင်လည်း လယ်ယာမြေ နည်းဥပဒေ ၆၀ နည်းဥပဒေခွဲ(က)၊ (ခ)၊ (ဃ) အရ ဥပဒေနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့များမှ ဆောင်ရွက်ပေးခြင်းမရှိလျှင် ၎င်းတို့သည် မည်သည့်အတွက်ကြောင့် ကြန့်ကြာရသည်ဆိုသည့်အကြောင်း နှင့်ပတ်သက်ပြီး အထောက်အထား မခိုင်လုံပါက ဥပဒေအရ ဆောင်ရွက်ပေးရမည်ဆိုသည့် ပြဋ္ဌာန်းချက်လည်းရှိပါကြောင်း၊ သို့သော်လည်း ယနေ့အထိ လယ်ယာမြေ မှုခင်းများကို သတ်မှတ်သည့် ကာလအတွင်း မပြီးသည့်အတွက် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်ကဲ့သို့ စီမံဆောင်ရွက်မည်နှင့် ပတ်သက်ပြီး သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားမှုများဖြေရှင်းရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် သတ်မှတ်ကာလအတွင်း အမှုများပြီးပြတ်အောင်ဆောင်ရွက် ရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်းထားသည့် နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်မှ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ၂၀၁၂ ခုနှစ်၊ လယ်ယာ မြေဥပဒေ၊ နည်းဥပဒေများပါဋ္ဌာန်းချက်များနှင့်အညီ ပကတိအခြေအနေမှန်နှင့် တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်တရားမျှတစွာ သတ်မှတ်ကာလအတွင်း ဖြေရှင်းဆောင်ရွက်သွားရ မည် ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များမှ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လစဉ်တင်ပြလာချက်များအပေါ် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ကြီးကြပ်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
