(ဂ)-လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ နိုင် ငံတော်၏အကျိုးအမြတ်၅၁%ကိုတာဝန်လွှဲပြောင်းချိန် အထိ မည်မျှရရှိခဲ့သနည်းနှင့် ၂၀၁၆ ခုနှစ်၊ဧပြီလမှ စ၍မည်သို့ဆောင်ရွက်သွားမည်တို့ကိုသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၄.၂.၂၀၁၇)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းတွင် စီမံကိန်းရပ်နားရန်အတွက် သပိတ်စခန်းဖွင့်ပြီး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြသော သံဃာတော်မျာ းအပါအဝင် ဒေသမှနေရာ သိမ်းဆည်းခံရသူများနှင့် ရဲတပ်ဖွဲ့ဝင် များအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ ပါကြောင်း၊ အစိုးရမှ ဖြစ်စဉ်ကို လေ့လာစုံစမ်းရန် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ကိုဖွဲ့စည်းပေးခဲ့ပြီး အဆိုပါအဖွဲ့၏ အစီရင်ခံစာကိုလည်း ယခင် နိုင်ငံတော်သမ္မတထံ အစီရင်ခံခဲ့ ပြီးဖြစ်ပါကြောင်း၊ ထို့နောက် အစီရင်ခံစာပါကိစ္စရပ်များ အကောင် အထည်ဖော်ရန် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ဟူ၍ အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာပါကြောင်း၊

အစီရင်ခံစာပါ အရေးကြီးအချက်ဖြစ်သည့် ကြေးနီစီမံကိန်းမှအကျိုးအမြတ်ကို နိုင်ငံတော်မှ ၅၁ ရာခိုင်နှုန်း၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ၃၀ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်မှ ၁၉ ရာခိုင်နှုန်း အချိုးကျရရှိရန်ပါရှိသည်အတွက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ နိုင်ငံတော်၏ အကျိုး အမြတ် ၅၁ ရာခိုင်နှုန်းကို (က) မည်သည့်လနှင့် မည်သည့်ကာလမှ စတင်ရရှိခဲ့သည်၊ (ခ) ၂၀၁၆ ခုနှစ် မတ်လကုန်အထိ တာဝန်လွှဲပြောင်းချိန်အထိ မည်မျှရရှိခဲ့သည်၊ (ဂ) ၂၀၁၆ ခုနှစ် တာဝန် လွှဲပြောင်းပြီး နောက်ပိုင်း ဧပြီလမှစ၍ မည်သို့ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏  ၅-၅-၂၀၁၀ ရက်စွဲပါ ခွင့်ပြုမိန့်နှင့် သတ္တုတွင်းဝန်ကြီးဌာန၏ ၅-၃-၂၀၁၀ ရက်စွဲပါ ခွင့်ပြုမိန့်အမှတ်(၀၀၃/၂၀၁၀)တို့အရ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝမ်ပေါင် Mining လီမိတက်တို့ ပူးပေါင်းပြီး မြန်မာ-ဝမ်ပေါင် Mining Copper Ltd. ကို တည်ထောင်ကာ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း  ကတ်သုတ်ကြေးနီ  ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် ကန်ထရိုက်စာချုပ်ကို ၃-၆-၂၀၁၀ ရက်နေ့မှာချုပ်ဆိုခဲ့ပြီး သတ္တုတွင်း ထူထောင်မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊

လက်ပံတောင်းတောင်‌ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးကော်မရှင်ရဲ့အကြံပြုချက်အရ လက်ပံတောင်း တောင် ကြေးနီသတ္တုတွင်း ကတ်သုတ်ကြေးနီ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့ ပြင်ဆင်ချက်စာချုပ်ကို ၂၄-၇-၂၀၁၃ ရက်နေ့တွင် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လုပ်ငန်းနှင့် ဝမ်ပေါင် Mining ကုမ္ပဏီလီမိတက်တို့က လက်မှတ်ရေးထိုး ပြင်ဆင်ချုပ်ဆိုခဲ့ ပါကြောင်း၊ ပြင်ဆင်ချက်စာချုပ်အရ နိုင်ငံတော်က ဓာတ်သတ္တုခွန်(Royalty)၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ ခွဲဝေမှုအချိုးစုစုပေါင်း ၅၁ ရာခိုင်နှုန်း၊ ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း၊ ကြေးနီထုတ်လုပ်မှု အပေါ်မှာ ခွဲဝေခံစားမည်ဖြစ်ပါကြောင်း၊ ယခင်သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုမိန့်အရ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းအတွက် သတ္တုတွင်းထူထောင်မှုကာလသည် ၅-၃-၂၀၁၀ ရက်နေ့က စတင်ပြီး ၄-၃-၂၀၁၃ ရက်နေ့အထိ သုံးနှစ်ဖြစ်သော်လည်း ဒေသခံကျေးရွာပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက် မှုများကြောင့် လုပ်ငန်းနှောင့်နှေးသည့်အတွက်  စုစုပေါင်းထူထောင်မှုကာလသည် ၅-၃-၂၀၁၀ ရက်နေ့မှ ၄-၅-၂၀၁၆ ရက်နေ့အထိ စုစုပေါင်း ခြောက်နှစ်နှင့် နှစ်လ ကြာမြင့်ခဲ့ပါကြောင်း၊

 ၅-၅-၂၀၁၆ ရက်နေ့မှ စတင်ကာ  စီးပွားဖြစ်ထုတ်လုပ်မှုအဖြစ် သတ်မှတ်ခဲ့ပြီး ထွက်လာသည့် ကတ်သုတ်ကြေးနီများကို ပြင်ဆင်ချက်စာချုပ်ပါ ခွဲဝေမှုများနှင့်အညီ ခွဲဝေဆောင်ရွက်ရမည်ဖြစ်သည့် အတွက် နိုင်ငံတော်၏ အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းကို ၂၀၁၆ ခုနှစ်၊ မေလ ၅ ရက်နေ့ နောက်ပိုင်းကစပြီး ရရှိမည်ဖြစ်ပါကြောင်း၊

 လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း  စီမံကိန်း၏ ထုတ်လုပ်မှုစတင်သည့် ၁၁-၃-၂၀၁၆ ရက်နေ့မှ ၃၁-၁-၂၀၁၇ ရက်နေ့အထိ ကတ်သုတ်ကြေးနီထုတ်လုပ်မှုစုစုပေါင်းသည် မက်ထရစ်တန် ၂၄၅၉၃.၈၉၅ တန်ရှိပါကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ လစဉ် ထုတ်လုပ်ရရှိသည့် ကတ်သုတ်ကြေးနီများအပေါ် အဆိုပါလ၏ ပျမ်းမျှ LME- London Metal Exchange Market ၏ ဈေးနှုန်း အပေါ်မှာအခြေခံပြီး စာချုပ်ပါသတ်မှတ်ချက်များနှင့်အညီ လစဉ်ခွဲဝေလျက်ရှိပါကြောင်းနှင့် ဝန်ကြီးဌာနမှ ရရှိသည့် သတ္တုခွန်နှင့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းဝေစု အချိုးကို In Kind ပစ္စည်း အနေဖြင့် လက်ခံရရှိခဲ့ပါကြောင်း၊ ကုမ္ပဏီများက အမှန်ရောင်းရသည့် ငွေ၏ အပေါ်မှ ကုန်သွယ် လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်များကို သက်ဆိုင်ရာဦးစီးဌာနကတစ်ဆင့် နိုင်ငံတော်ကို ပေးသွင်းသွား မည်ဖြစ်ပါကြောင်း၊

၂၀၁၆ ခုနှစ် တာဝန်လွှဲပြောင်းပြီးနောက်ပိုင်း ဧပြီလမှစတင်၍ စီမံကိန်း၏ သဘောသဘာဝအရ အနီးစပ်ဆုံးကာလဖြစ်သော စီးပွားရေး စတင်ထုတ်လုပ်တဲ့နေ့ရက်မတိုင်မီ ၁၁-၃-၂၀၁၆ ရက်နေ့မှ  ၄-၅-၂၀၁၆ ရက်နေ့အထိ ကတ်သုတ်ကြေးနီအားလုံး မက်ထရစ်တန် ၁၃၂၇.၃၉ တန်ထုတ်လုပ်ခဲ့ပြီး ဓာတ်သတ္တုခွန်၊ အမှတ်(၁) သတ္တုတွင်းထုတ်လုပ်မှုခွဲဝေမှုအချိုးနှင့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၉၀၇၄၉.၀၈၈ ရရှိမည်ဖြစ်ပါကြောင်း၊  စီးပွားဖြစ်ထုတ်လုပ်သည် ၅-၅-၂၀၁၆ ရက်နေ့မှ  ၃၁-၁-၂၀၁၇ ရက်နေ့အထိက ကတ်သုတ်ကြေးနီမက်ထရစ်တန် ၂၃၂၆၆.၅၀၄ တန် ထုတ်လုပ်ခဲ့ပြီး  ဓာတ်သတ္တုခွန်၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းခွဲဝေမှုအချိုး၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉၉၉၀၈၇၆.၉၁ ရရှိမည်ဖြစ်ပါကြောင်း၊ In Kind ပစ္စည်းအနေနှင့် ရရှိသည့် စုစုပေါင်း ဓာတ်သတ္တုခွန် ကတ်သုတ်ကြေးနီ ၉၈၃.၇၅၆ မက်ထရစ်တန်နှင့် အမှတ်(၁)သတ္တုတွင်းဝင်ငွေလုပ်ငန်းခွဲဝေမှုအချိုး ၁၆၈၂.၄၁၇ မက်ထရစ်တန်တို့ကို အခါအားလျော်စွာ တင်ဒါခေါ်ယူရောင်းဝယ်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးအောင်ခင်ဝင်း(မြိုင်မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် စုံစမ်းရေးကော်မရှင်ရ၏ အကြံပြုချက်အရ ပြင်ဆင်စာချုပ် ချုပ်ဆိုသည့်အတွက် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် ပြင်ဆင်ချက်အတိုင်းရမည်ထင်သော်လည်း ထူထောင်ရေးကာလ တစ်နှစ်ခွဲ နှစ်ကြိမ်တိုးသည်ဟု ဆိုပါကြောင်း၊  ထို့ကြောင့် ထူထောင်ရေး ကာလ တစ်နှစ်ခွဲ နှစ်ကြိမ်တိုးခြင်းသည် မည်သည့်စည်းမျဉ်း၊ မည်သို့မူများဖြင့် ကာလထပ်တိုးသည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန  ဦးအုန်းဝင်း၊

မိမိတို့အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသခံများနှင့် ပြေလည်ခြင်း မရှိဘဲ သတ္တုတွင်း ဝန်ကြီးဌာနမှ လုပ်ငန်းအခြေအနေသွားရောက် စစ်ဆေးခဲ့ရာတွင်လည်း ပြီးဆုံးနိုင်ခြင်းမရှိသည့် အတွက် ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့်သာ ထူထောင်ရေးကာလကို ထပ်မံတိုးမြှင့်ခြင်းဖြစ်သည်ကို သိရှိရပါကြောင်း ပြန်လည်ဖြေကြားပါသည်။