(ဆ)-မြစ်မခမြစ်ရေတိုက်စားခြင်းကြောင့်၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြစ်ကြောင်းဖြောင့်ခြင်း၊ ရေကာ ရိုက်ခြင်းများ ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒသမနေ့ (၁၆.၂.၂၀၁၇)

ဧရာဝတီမြစ်နှင့် မြစ်မခမြစ်သည် မိမိတို့ မြို့နယ်ထဲက ဖြတ်သန်းစီးဆင်းသော မြစ်နှစ်စင်းဖြစ်ပါကြောင်း၊ မြစ်နှစ်စင်းတွင် မြစ်မခမြစ်သည် ဧရာဝတီမြစ်ထဲကို စီးဝင်ခြင်းမပြုဘဲ သူ့လမ်းကြောင်းနှင့်သူ လှိုင်မြစ်ထဲကို စီးဝင်သည့်အတွက်ကြောင့် မြစ်မခမြစ်ဟု အမည်တွင်ပါကြောင်း၊ ထူးခြားသည်မှာ မြစ်နှစ်စင်းသည် အပြိုင်စီးဆင်းသော်လည်း မိုးညိုမြို့နယ် အပိုင်ထဲတွင် ဒုတ်ပေါက်၊ မြစ်သာပေါက်၊ ဆင်ခေါင်းပေါက် ဟုခေါ်သော ရိုးပေါက်သုံးပေါက်မှ ဧရာဝတီမြစ်ထဲကရေများသည် မြစ်မခမြစ်ထဲကို စီးဆင်းသည်ကို တွေ့ရပါကြောင်း၊ ဧရာဝတီမြစ်ရေ ကြီးလာပါက ဧရာဝတီမြစ်ရေကို မျှဝေပြီး မြစ်မခမြစ်ထဲကို စီးဆင်းသည့် သဘောဖြစ်ပါကြောင်း၊ထို့ကြောင့် နှစ်စဉ်နှစ်စဉ် ဧရာဝတီမြစ်ရေကြီးပါက မြစ်မခမြစ်သည် ဧရာဝတီမြစ်ကဲ့သို့ မြစ်ရေကြီးရေလျှံမှုကို နှစ်စဉ်ခံရပါကြောင်း၊ထို့ကြောင့် ကျေးရွာများသည် နှစ်စဉ် ရေနစ်မြုပ်သကဲ့သို့ မြစ်ရေကျသွားပြီဆိုပါက မြစ်ကမ်းပါးပြိုမှုများ ဆက်တိုက် ကြုံတွေ့နေရပါကြောင်း၊

ထို့ကြောင့် မြစ်မခမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများသည် နှစ်စဉ်မြစ်ရေတိုက်စားသည့် ဒဏ်ခံနေရသည့်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြစ်ကြောင်းဖြောင့်ခြင်း၊ ရေကာရိုက်ခြင်းများ ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်
အဖြေ

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရေတိုက်စားခြင်း၊ ကမ်းပါးပြိုခြင်းများကို ကာကွယ်ထိန်းသိမ်းရန်အတွက် ရန်ပုံငွေ ၁၂၀၂.၄၅ သန်းရရှိခဲ့ပါကြောင်း၊ မူလခွင့်ပြုငွေကို လုပ်ငန်း ၈ ခုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြည့်စွက်ရန်ပုံငွေ ၇၁.၄ သန်းဖြင့် လုပ်ငန်း ၁ ခု စုစုပေါင်း လုပ်ငန်း ၉ ခုကို လုပ်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုခဲ့ပါကြောင်း၊ ယင်းတို့အထဲမှ ဦးစားပေး အစီအစဉ်အလိုက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးရပါကြောင်း၊ ဆောင်ရွက်ခွင့်ရ လုပ်ငန်း ၉ ခုတွင် လက်ပံတန်းမြို့နယ်အတွက် တစ်ခုပါပါကြောင်း၊ ၎င်းမှာ တော်လသကျေးရွာ ကမ်းပြိုကာကွယ်ရေးအတွက် ၁၃၇.၈၈ သန်းကို နှစ်တန်း သွားမျောတိုင်တန်း ကျောက်ဖြည့်ရေကာတာ ၉ ခုနှင့် စုစုပေါင်း အလျား ၃၆၀ မီတာကို ဆောင်ရွက်‌ခဲ့ပါကြောင်း၊

လက်ပံတန်းမြို့နယ် မြင်ကဝကျေးရွာအုပ်စုနှင့် တမာကျေးရွာအုပ်စု၊ လယ်တီကျေးရွာအုပ်စုများကို ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ကုန်ကျစရိတ်များကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့ပါကြောင်း၊ မြင်ကဝကျေးရွာအုပ်စု၊လယ်တီကျေးရွာတွင် ရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေးအတွက် နှစ်တန်းသွား မျောတိုင်တန်းကျောက်ဖြည့်ရေကာတာနှင့် Soda Mattress စတုရန်းပေ ၃၆၀၀၀ ပြုလုပ်ရန် ၂၀၃.၈၅ သန်းကုန်ကျမည်ဖြစ်ပါကြောင်း၊

တမာကျေးရွာအတွက် မြစ်မခမြစ်ရေတိုက်စားမှုအတွက် ကမ်းပြိုကာကွယ်ရန် ၂၃၃.၉ သန်း ကုန်ကျမည်ဟု ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြခဲ့ပါကြောင်း၊ ၎င်းတို့မှာ ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်တွင် မပါဝင်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း BE ၌ မူလခွင့်ပြုငွေထဲတွင် မပါသည့်အတွက် ၂၀၁၇-၁၈ ဖြည့်စွက်တွင် တောင်းပေးရန်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြတောင်းခံထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။