(င)-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန၊ဆေး ဘက်ဆိုင်ရာဓာတ်ခွဲကျွမ်းကျင်များရာထူးတိုးမြှင့်ခြင်း ဆိုင်ရာကိုမည်ကဲ့သို့သောနည်းဥပဒေလုပ်ထုံးလုပ် နည်းများထားရှိသည်ကိုသိလိုကြောင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒသမနေ့ (၁၆.၂.၂၀၁၇)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ကုသရေးဦးစီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော ဆေးဘက်ဆိုင်ရာဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများ ခန့်ထားရန်အတွက် ပထမဦးစွာ တင်ပြလိုပါကြောင်း၊ ယခင်အခြေခံပညာအလယ်တန်း ရှစ်တန်းစာမေးပွဲ အောင်မြင်ပြီးသူများကို အရည်အချင်းစစ်စာမေးပွဲကိုဖြေဆိုပြီး အောင်မြင်သူများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှာ၊ ရန်ကုန်တွင် တစ်နှစ်သင်တန်းတက်ပြီး အောင်မြင်သည့်သူများကို ဓာတ်ခွဲကျွမ်းကျင်အဆင့် (၄)ဆိုပြီး ခန့်ထားပါကြောင်း၊ လုပ်သက်သုံးနှစ်ပြည့်သည့်အခါ ဝင်ခွင့်စာမေးပွဲ၊ အရည်အချင်းစစ်စာမေးပွဲကို ထပ်မံဖြေဆိုပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် စာတွေ့၊ လက်တွေ့ နှစ်နှစ်သင်တန်းတက်ပြီး အောင်မြင်သည့်အခါ ဓာတ်ခွဲကျွမ်းကျင်အဆင့်(၄)အဖြစ် ကုသရေးဌာနတွင် ခန့်ထားပါကြောင်း၊  သို့သော် ယခုအခါ ၁၀ တန်းစာမေးပွဲအောင်မြင်ပြီးမှသာ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်သည့်သူများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် စာတွေ့လက်တွေ့ နှစ်နှစ်သင်တန်းတက်ပြီး အောင်မြင်သည့်သူများကို ဓာတ်ခွဲကျွမ်းကျင်အဆင့်(၃) အဖြစ် ကုသရေးဦးစီးဌာနများတွင် ခန့်ထားပါကြောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ဓာတ်ခွဲကျွမ်းကျင်အဆင့်(၃)များသည် ရာထူးတိုးပေးခြင်းမရှိသည်မှာ ကြာပြီဖြစ်ပါကြောင်း၊ သို့သော် ယခုအခါတွင် ဓာတ်ခွဲကျွမ်းကျင်(၄)များကို ရာထူးတိုးပေးခြင်းမရှိတော့ပါကြောင်း၊ ယခုအခါတွင် ရာထူးတိုးမှုသည် ရပ်ဆိုင်းနေသလို ဖြစ်နေပါကြောင်း၊ ရာထူးတစ်ခုတွင် ဝန်ထမ်းတစ်ယောက်သည် ရှေ့လည်းမတိုး၊ ရာထူးတိုးမြှင့်ပေးမှုလည်းမရှိသည့် အတွက် ဝန်ထမ်းများသည် မည်ကဲ့သို့ ဆက်လက်ပြီး ဆောင်ရွက်ရမည်မသိ ဖြစ်နေပါကြောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးသုတေသနဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့  တာဝန်ကျသည့် ဓာတ်ခွဲကျွမ်းကျင်များသည် ဓာတ်ခွဲကျွမ်းကျင် အဆင့်(၃)၊  ၎င်းမှတစ်ဆင့်ဓာတ်ခွဲကျွမ်းကျင်အဆင့် (၂)၊ ၎င်းမှတစ်ဆင့် ဓာတ်ခွဲကျွမ်းကျင်အဆင့် (၁) ဦးစီးအရာရှိများဖြင့် ရာထူးတိုးမြှင့်သွားကြပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲကျွမ်းကျင်များ၏ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာကိစ္စများကို မည်ကဲ့သို့သော နည်းဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းများထားရှိသည်ကို သိလိုပါကြောင်းနှင့်စပ်လျဉ်း၍ မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဓာတ်ခွဲကျွမ်းကျင်အရင်ဆုံးဝင်တာက (၄)၊ (၃)၊ (၂) ဆိုပြီးရှိပါကြောင်း၊ (၂)ပြီးပါက ဦးစီးအရာရှိ ဖြစ်သွားပါကြောင်း၊ ဆေးသုတေသနနှင့်  FDA ကိုရောက်သွားသည့် လူတိုင်း career Service Life  ၎င်းတို့မှ အသစ်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် ကုသရေးတွင်ရှိသည့်သူများမှ တစ်နေပါကြောင်း၊ ၎င်းတစ်ခုလုံးကို မိမိအနေဖြင့် Review လုပ်နေပါကြောင်း၊ ပထမဆုံး၎င်းတို့မှဝင်ဝင်ချင်း ဓာတ်ခွဲကျွမ်းကျင် (၄)ဖြစ်ပါကြောင်း၊ ၎င်းသည် ကျွမ်းကျင်(၄)တွင် သုံးနှစ်လုပ်ရပါကြောင်း၊ သုံးနှစ်လုပ်ပြီး ပါက နှစ်နှစ် သင်တန်းတက်ရပါကြောင်း၊ နှစ်နှစ်သင်တန်းတက်ပြီး အရည်အချင်းစစ်စာမေးပွဲ အောင်မြင်မှသာ ကျွမ်းကျင် (၃)ဖြစ်သွားပါကြောင်း၊ (၃)မှ (၂)ဖြစ်ရန်အတွက် တော်တော်ကြာပါကြောင်း၊ (၃)တွင် လုပ်သက်ခုနစ်နှစ်ရှိမှသာလျှင် ပေါင်းကူးသင်တန်း(Bachelor of Medical Tech) ကို သုံးနှစ်တက်ရပါကြောင်း၊ နှစ်နှစ်နေပြီး ဒုတိယနှစ်မှ စတက်တယ်ဆိုသော်လည်း လုပ်သက်ခုနစ်နှစ်နှင့် သင်တန်းသုံးနှစ်ပေါင်းရင် ၎င်းသည် ၁၀ နှစ်ကြာမှသာလျှင် ဓာတ်ခွဲကျွမ်းကျင်(၂)ဖြစ်ပါကြောင်း၊ ၎င်းသည် မဖြစ်သင့်သည့်ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ၎င်းလုပ်သက်ခုနစ်နှစ်ကို လျှော့ပေးမည်ဖြစ်ပါကြောင်း၊ ထို့နောက် ဓာတ်ခွဲကျွမ်းကျင်(၂)မှ ဦးစီးအရာရှိဖြစ်ရန် အလွန်ကြာပါကြောင်း၊  ခုနစ်နှစ်အနည်းဆုံး လုပ်ရပါကြောင်း၊

၎င်းတို့၏ career Ladder ကိုတက်နိုင်သမျှ Short တိုအောင်လုပ်မည်ဖြစ်ပါကြောင်း၊ ဓာတ်ခွဲကျွမ်းကျင်သာမက သူနာပြုများ၊ သားဖွားဆရာမများ၊ ဓာတ်ခွဲ၊ ဓာတ်မှန် ၎င်းတို့လေးခုလုံးကို ကြည့်နေပါကြောင်း၊ University of Med.Tech မှထွက်သည့် ဝန်ထမ်းများ၊ သင်တန်းအောင်သည့်လူတွေကိုလည်း ၎င်းတို့၏ career Ladder ကိုသေချာပြန်ကြည့်နေပါကြောင်း၊ ၎င်းတို့ ကောင်းကောင်းလုပ်မှသာလျှင် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းပြီးမည်ဖြစ်ပါကြောင်း၊

သင်တန်းပေးပြီးအောင်နိုင်သည့် ဓာတ်ခွဲကျွမ်းကျင်နှင့် University of Med.Tech  မှထွက်သည့် Bachelor of Medical Tech တို့ နှစ်ယောက်မှ Conflict ဖြစ်နေပါကြောင်း၊ ဥပမာ ဓာတ်ခွဲကျွမ်းကျင်(၃) ဝန်ထမ်းစုစုပေါင်း ၁၀၆ ဦး မှနေပြီး  ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်း(၂)ရာထူးသို့ တိုးမြှင့်ပေးရန် အသနားခံစာကို၊ အမျိုးသားကျန်းမာရေးကော်မတီကို ၁၂-၇-၂၀၁၅ တွင်တင်ပြထားပါကြောင်း၊ ထို့အတူ Bachelor of Medical Tech ဘွဲ့ရသည့်လူများမှ စုစုပေါင်း ၁၄၁ ဦးမှလည်း ဓာတ်ခွဲကျွမ်းကျင် (၃) များအား ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်တက်ရောက်ခြင်းမရှိဘဲ အရည်အချင်းစစ်စာမေးပွဲဖြေဆိုပြီး တိုက်ရိုက်ရာထူးပေးရန်အစီအစဉ်ကို  Bachelor of Medical Tech  ကိုနစ်နာသည့်အတွက် မထောက်ခံဘူးဖြစ်နေပါကြောင်း၊ Medical Technology တွင် နှစ်ခုထွက်ပါကြောင်း၊ သင်တန်းပြီးသည့်  Med.Tech များရှိပါကြောင်း၊  ဥပမာ- University of Med.Tech ရန်ကုန်မှာ တစ်ခုရှိပါကြောင်း၊ ၎င်းတို့မှ Bachelor များထွက်ပါကြောင်း၊ ၎င်းနှစ်ခုမှ နည်းနည်းလေး Conflict ဖြစ်နေပါကြောင်း၊ Conflict  ကိုလျော့ရန်အတွက် Training ပေးသည့် Med.Tech များကို လျော့ရန်အတွက် ခုနကတင်ပြထားသည့်အတိုင်း လုပ်သက်များကိုလျှော့ပြီး ရာထူးတိုးလုပ်မည် ဖြစ်ကြောင်း၊ သို့သော်၎င်းနေရာတွင် ဦးစီးအရာရှိ ဖြစ်ရန်အတွက် ဘွဲ့ရရန် လိုပါကြောင်း၊ ဘွဲ့ရဆိုပါက Bachelor of Medical Tech ရမှသာ ဦးစီးအရာရှိဖြစ်မည်ဖြစ်ပါကြောင်း၊  လုပ်သက်များလျှော့သည် ဆိုသော်လည်း ၎င်းတို့၏အရည်အချင်းစစ်စာမေးပွဲကို မိမိတို့မလျှော့ပါကြောင်း၊ အရည်အချင်းပြည့်မီသည့်သူကိုသာ ရာထူးတိုးပေးမည်ဖြစ်ပါကြောင်း၊  အကုန်လုံးကို Review လုပ်ပြီး ၎င်းတို့၏ ရာထူးတက်လမ်းများကို ပြန်ပြီး အမြန်ဆုံးဖြစ်အောင်လုပ်ခြင်းအားဖြင့် စိတ်ဓာတ်ကိုလည်းမြှင့်ရာ ရောက်သည့်အပြင် ပြုပြင်ခြင်းအားဖြင့် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် များစွာအကျိုးရှိကြောင်း  ဖြေကြားပါသည်။