မေးခွန်း(၁)အနေဖြင့် မိမိမေးမြန်းခဲ့သော အချိန်နှစ်နှစ်ကြာလစ်လပ်နေသည့် သွားဆရာဝန်သည် ကျွန်းစုမြို့နယ် ဆေးရုံသို့ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အစားထိုးရောက်ရှိလာပြီးဖြစ်၍ ၎င်းမေးခွန်း ကို ပြန်လည် ရုပ်သိမ်းခွင့်ပြုပါရန် ပန်ကြားအပ်ပါကြောင်း၊
မေးခွန်း(၂)အနေဖြင့် ကျွန်းစုမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံနှင့် စပ်လျဉ်း၍ ၅၀ ခုတင်ဆံ့တိုက်နယ်ဆေးရုံ အဖြစ် တိုးမြှင့် ပေးနိုင်ပါရန် သဘောထားမှတ်ချက်တောင်းခံထားပြီး TNO မှလည်း ဆေး ရုံဆောက်လုပ်ရန် အတွက် မြေတိုင်းထွာပေးပါရန် တင်ပြခဲ့ပြီးဖြစ်ပါ၍ မည်သည့်အချိန်တွင် ၎င်းဆေးရုံ၏အင်္ဂါရပ်နှင့် ညီညွတ်သည့် အဆောက်အဦနှင့် ဝန်ထမ်းများကို ခန့်ထားပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း၍ လည်းကောင်း၊
မေးခွန်း(၃)အနေဖြင့် ကျွန်းစုမြို့သည် ကျေးရွာပေါင်း ၁၈၇ ရွာနှင့် လူဦးရေ ၁၇၄၀၃၇ ဦးနေထိုင်လျက် ကျွန်းပေါင်း ၁၁၂ ကျွန်းပေါ်တွင် ရှိခြင်း၊ ရွာများအနက်မှ တိုက်နယ်ဆေး ရုံလေးရုံ ၊ ဆောက်လုပ်ဆဲတစ်ရုံနှင့် ဆောက်လုပ်ရန် ဆေးရုံတစ်ရုံအပြင် ကျန်းမာရေးဌာနလေးခုနှင့် ကျန်းမာရေး ဌာနခွဲ ၄၀ ခုရှိပြီး ဌာနခွဲတစ်ခုလျှင် အနည်းဆုံးကျေးရွာ ငါးရွာမှခြောက်ရွာ အထိ ရေလမ်းခရီးဖြင့်သာ သွားလာရသည့် အပြင် သားဖွားဆရာမခန့်ထားနိုင်သည့်အင်အား ၄၅ ဦးအနက် ၂၉ ဦးသာ ခန့်ထားနိုင်ခဲ့သည့် အတွက် ကျန်ရှိသည့်ကျေးရွာများတွင် လိုအပ်နေသည့် ကျန်းမာရေးမှူးနှင့် သားဖွားဆရာမများကို လုံလောက်စွာ ခန့်ထားပေးနိုင်ခြင်းရှိ/မရှိကို လည်းကောင်း၊
မေးခွန်း(၄)အနေဖြင့် ပထမလွှတ်တော်အစည်းအဝေးတွင် မိမိမှတင်ပြတောင်းခံထားပြီး အလှူရှင် များက မြေ ၅ ဧက ခန့်လှူဒါန်းခဲ့သော ရေကန်တောင် တိုက်နယ်ဆေးရုံကိုဆောက်လုပ်ရန် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ၁၂-၅-၂၀၁၅ ရက်စွဲပါစာအမှတ် ကမဘ/ဃ/၁၄၀၇/၁၆၁ အရ အမှတ်စဉ် ၁၀ ပါ ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံသည် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဘတ်ဂျက်ချ ထားပြီးဖြစ်သော် လည်း ပြန်လည် ဖျက်သိမ်းရန်တောင်းခံလာသည့် ကတိ ကဝတ်စာရင်းတွင် ပါဝင်ခြင်းမရှိဘဲ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုကျန်းမာရေးဝန်ကြီး အား မြိတ်မြို့နယ် ပြည်သူလူထုတွေ့ဆုံပွဲတွင် ၎င်းဆေးရုံဆောက်လုပ်ရေး ကိစ္စကို မေးမြန်းရာ ဆောက်လုပ်ရန်အစီအစဉ်မရှိကြောင်း၊ တင်ဒါအောင်သည့်ကုမ္ပဏီနှင့် ဘတ်ဂျက်လည်းမရှိပါဟု ဖြေဆိုခဲ့သည်ကို ကြားသိရပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေး ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ အမှတ်စဉ် (၁၀)ပါ ရေကန်တောင် ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံအား မည်သည့်အချိန်တွင် ဆောက်လုပ်မည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့နယ်တွင် လူဦးရေ ၁၇၀၀၀၀ ကျော်နေထိုင်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ လေးရုံ စုစုပေါင်းဆေး ရုံငါးရုံဖြင့် ဖွင့်လှစ်ထားရှိပါကြောင်း၊ကျွန်းစုမြို့နယ်ဆေးရုံ၏ စာရင်းဇယားများကို အသေးစိတ်လေ့လာကြည့်ရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တစ်နေ့လျှင် ပျမ်းမျှအတွင်းလူနာများမှာ(၆)ယောက်မှ (၁၈) ယောက်သာ ရှိသည့်ကို တွေ့ရှိရပြီး ဆေးရုံ အညွှန်းကိန်းများသည်လည်း တစ်နှစ်ထက်တစ်နှစ် သိသာစွာတိုးတက်လာခြင်း မရှိပါကြောင်း၊ ထို့အပြင် ပြင်ပလူနာဌာနတွင် ၂၀၁၁ ခုနှစ်က ၂၀၁၆ ခုနှစ် အောက်တိုဘာလအထိ ၁၀ဦးမှ ၂၉ ဦးအထိသာ စိစစ်တွေ့ရှိရပါကြောင်း၊
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၏ ခွင့်ပြုခုတင်အသုံးပြုမှုရာခိုင်နှုန်းကိုလည်း ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ပြန်လည်လေ့လာရာတွင် ကျန်းမာရေးဝန်ကြီးဌာန ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄)၂၀၁၆ ခုနှစ်ဆုံးဖြတ်ချက်အရ ၂၅ ခုတင်ကနေ ခုတင် ၅၀ သို့တိုးမြှင့်ရန် ဆေးရုံခုတင်အသုံးပြုမှုနှုန်းဟာ ၁၅၀ ရှိရန်လိုအပ်သည်ကိုတွေ့ရှိရပြီး အဆိုပါအချက်များနှင့် ပြည့်စုံခြင်းမရှိသည်ကို စိစစ်တွေ့ရှိရသည့်အတွက် ယခုအချိန်တွင် ခုတင် ၅၀ သို့ တိုးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်း၊
ယခုအချိန်တွင် ကျွန်းစုမြို့နယ်(၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံသည် မြို့နယ်ကျန်းမာရေးဦးစီးမှူးနှင့် လက်ထောက်ဆရာဝန်တစ်ဦး၊ အထက်တန်းသူနာပြု ခွင့်ပြု(၅)တွင် (၄)ဦး၊ သူနာပြု အဆင့်(၃) သူနာပြုခွင့်ပြု ၁၀ ဦးတွင် ငါးဦးရှိပါကြောင်းနှင့် လစ်လပ်လျက်ရှိသာ ဆေးဘက်ကျွမ်းကျင်(၄)နှင့် ဆေးစပ်ဝန်ထမ်းတစ်ဦးကို ခန့်ထားနိုင်ရေးအတွက်လည်း သစ်လွင်များခေါ်ယူပြီး ခြောက်လ သင်တန်းပြီးဆုံးသည်နှင့် ခန့်အပ်မည်ဖြစ်သကဲ့သို့ လစ်လပ်ဓာတ်ခွဲ စစ်ဆေးသူ(ပထမ)တန်း ရာထူးအတွက် ၂၀၁၇ ခုနှစ် (၄၇)ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးသူသင်တန်းများ ဆင်းပါက ခန့်ထားပေးပါမည်ဖြစ်ပါကြောင်း၊
ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်လည်း တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာန ၅ ခု၊ တိုက်နယ်ကျန်းမာရေးဌာန ၁ ခုနှင့် ကျေးလက် ကျန်းမာရေး ဌာနခွဲ ၃၃ ခု ရှိပြီး အဆိုပါ ကျေးလက် ကျန်းမာရေးဌာနတွက် လက်ထောက်ကျန်းမာရေးမှူး လစ်လပ်မှုမရှိပါကြောင်းနှင့် ကျန်းမာရေးမှူးများနှင့် ဆောင်ရွက်နေပါကြောင်း၊ သားဖွားသူနာပြု ရာထူး ၄ နေရာနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) ၁၉ နေရာတွင် လစ်လပ်မှု များရှိနေခြင်း အပေါ် အမြန်ဆုံးခန့်အပ်နိုင်ရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ယခုအချိန် အခြေအနေတွင် သားဖွား ဆရာမလစ်လပ်မှုအတွက် ဌာနအစီအစဉ်ဖြင့် ယာယီတွဲဖက်တာဝန်ချထားပြီး ကျန်းမာရေး စောင့်ရှောက်မှု များ ပေးလျက်ရှိပါကြောင်းနှင့် သစ်လွင်သားဖွားဆရာမများ ခန့်ထားခွင့်ရပါက လစ်လပ်လျက်ရှိသော သားဖွားဆရာမရာထူးနေရာများတွင်လည်း ဦးစားပေးခန့်အပ်မည်ဖြစ်ပါ ကြောင်း၊ ၂၀၁၆-၁၇ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂)များကို ဦးရေ၃၀၀၀ ခန့်အပ်ရန်ရှိသည့်အတွက် လစ်လပ်သောနေရာ အကုန်လုံးနီးပါးကို ခန့်ပေးမည်ဖြစ်ပါကြောင်း၊
ကျွန်းစုမြို့နယ်၊ ရေကန်တောင်တိုက်နယ်ဆေးရုံ ဆောက်လုပ်ရေးအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်တွင် ကုသရေးဦးစီးဌာန၏ ရန်ပုံငွေခွင့်ပြုချက်ရရှိခဲ့ခြင်းမရှိဘဲ ဖွဲ့စည်းပုံခွင့်ပြုမိန့်သာ ရခဲ့ပါကြောင်း၊ တိုက်နယ်ဆေး ရုံဆောက်လုပ်နိုင်ရေးအတွက် ကုသဦးစီးဌာန၏ ၂၀၁၇-၁၈ ဘတ်ဂျက်တွင် အဆိုပြုကျပ်သန်း ၂၀၀ တောင်းခံထားပါကြောင်း၊ ရန်ပုံငွေခွင့်ပြုချက် ရရှိမည်ဆိုပါက အမြန်ဆုံး ဆောက်ပေး မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
