တစ်ချိန်က မြန်မာ့ဘောလုံးအားကစားနှင့် ပြေးခုန်ပစ်အားကစားတို့အား အာရှအဆင့်တွင် ရွှေတံဆိပ်ဆု များစွာရရှိခဲ့ပြီး အောင်မြင်မှုသရဖူဆောင်းခဲ့ပါကြောင်း၊ ယခုအခါတွင် ဘောလုံးအားကစားနှင့် ပြေးခုန်ပစ်အားကစား နှစ်ခုလုံး ကျဆင်းနေသည်ကို တွေ့မြင်ရပါကြောင်း၊ မကြာသေးမီက ပြီးသွားသော ဘောလုံးပွဲကို သုံးသပ်ရမည်ဆိုပါက မြန်မာအသင်းသည် ထိုင်းအသင်းကို အဖက်ဖက်က မယှဉ်နိုင်ခဲ့ပါကြောင်း၊ ယခင်က မြန်မာအသင်းသည် ထိုင်းအသင်းကို ငယ်နိုင်ဖြစ်ခဲ့ပါကြောင်း၊ ၁၉၅၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ ၂၆ နှစ်တာကာလအတွင်း ထိုင်းနှင့် မြန်မာ တွေ့ဆုံသည့်ပွဲစဉ်အားလုံး၌ မြန်မာက ခြေအသာဂိုးအပြတ်ဖြင့် အမြဲတမ်းနိုင်ခဲ့ပါကြောင်း၊ ထိုအချိန်များက မြန်မာ၏ ပြိုင်ဘက်သည် ထိုင်းမဟုတ်ပါဘဲ ယခုအာရှတွင် ထိပ်သီးဖြစ်နေသော တောင်ကိုရီးယား၊ အီရန်တို့ဖြစ်နေပါကြောင်း၊ ယင်းအချက်ကို ကြည့်ခြင်းအားဖြင့် မိမိတို့၏ ဘောလုံးအားကစားသည် ကျဆင်းနေသည်မှာ ထင်ရှားပါကြောင်း၊ ဘောလုံးအားကစား ကျဆင်းရခြင်း အကြောင်းအရင်းများထဲမှ အဓိကအချက်တစ်ချက်မှာ မိမိတို့ သိရသလောက် အားကစားကွင်း၊ ဘောလုံးကွင်း လုံလုံလောက်လောက် မရှိ၍ဖြစ်သည်ဟု သုံးသပ်မိပါကြောင်း၊
ယခင်ကရော ဘောလုံးကွင်းများ လုံလုံလောက်လောက် ရှိခဲ့လားဟု မေးလာပါက မိမိမဲဆန္ဒနယ်ကို အခြေခံ၍ ပြောရမည်ဆိုလျှင် ယခင်က ဘောလုံးကွင်း လုံလုံလောက်လောက် ရှိခဲ့ပါကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယခင်က ရပ်ကွက်တိုင်းနီးပါး ဘောလုံးကွင်းရှိခဲ့သော်လည်း ယခုအချိန်တွင် ဘောလုံးကွင်းများသည် ပုံစံအမျိုးမျိုးနှင့် ပျောက်ကွယ်သွားပါကြောင်း၊ ဥပမာအားဖြင့် မြို့နယ် အားကစားကွင်းအဖြစ် အသုံးပြုခဲ့သော ကျိုက္ကဆံ ဘုရားအနီးက ဘောလုံးကွင်းကြီးသည် ယခုအချိန်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီး ဖြစ်နေပါကြောင်း၊ လက်ရွေးစင်များပါ ဖိတ်ခေါ်ပြိုင်ပွဲ မကြာခဏကျင်းပလေ့ရှိသော ဘဝမြင့်ဘောလုံးကွင်းကြီးသည် ယခုအချိန်တွင် မလိခအိမ်ရာအဖြစ် အဆောက်အဦများ ဖြစ်နေပါကြောင်း၊ ရန်ကုန်တိုင်းလက်ရွေးစင်များ၊ မြန်မာ့လက်ရွေးစင်များ၊ မွေးထုတ်ပေးခဲ့သည့် ၁၆/၃ ဘောလုံးကွင်းတွင်လည်း ယခု မြေငှားဂရန်ချထားသူများက တရားဝင်ဆောက်ထားပါကြောင်း၊ ဘောလုံးကွင်းပြန်လည်ရရှိရန် ကြိုးပမ်းသည့် ရပ်ကွက်သားတချို့တရားစွဲခံရပြီး တရားခံအဖြစ် ရင်ဆိုင်နေရပါကြောင်း၊ ငမိုးရိပ်ရပ်ကွက်ဘောလုံးကွင်းသည်လည်း ယခုအချိန်တွင် အ.ထ.က ကျောင်းခွဲအဖြစ် ရောက်ရှိနေပါကြောင်း၊ အလားတူပင် အခြားသောဘောလုံးကွင်းများ၊ ကလေးကစားကွင်းများမှာလည်း ပျောက်ကွယ်နေကြပြီဖြစ်ပါကြောင်း၊အခြားသောမြို့နယ်များတွင်လည်း အားကစားကွင်းများသည် ပုံစံအမျိုးမျိုးဖြင့် ပျောက်ကွယ်သွားပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားကစားလောက တိုးတက်ရန်အတွက် ဘောလုံးကွင်းများ၊ အားကစားကွင်းများကို ပြန်လည်ဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊မိမိတို့မြို့နယ်တွင် သုဝဏ္ဏဘောလုံးကွင်းကြီးရှိပြီး မြက်ခင်းအတုဘောလုံးကွင်းများ၊ လေ့ကျင့်ရေးကွင်းများ ရှိသော်လည်း မိမိတို့မြို့နယ်က ပါဝင်ကစား၍ မရပါကြောင်း၊ ထို့ကြောင့် အားကစားကွင်းများ တည်ဆောက်ရန်အတွက် မိမိတို့မြို့နယ်က ရပ်ကွက်တချို့ဖျက်ပေးခဲ့ရပါကြောင်း၊ ပြည်သူများ၏ အိုးအိမ်များ၊ဘုန်းကြီးကျောင်းများ ပြောင်းရွှေ့ပေးခဲ့ရသော်လည်း သင်္ဃန်းကျွန်းအတွက် ဘောလုံးကွင်း တစ်ကွင်းတောင် မရခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့နယ်များတွင် ဘောလုံးကွင်းများ အသီးသီးရှိသော်လည်း မိမိတို့ မြို့နယ်တွင် လက်ညှိုးထိုးပြစရာ မြို့နယ်အားကစားကွင်းမရှိသည့်အတွက် သင်္ဃန်းကျွန်းမြို့နယ်တွင် မြိုနယ်အားကစားကွင်းတစ်ခု ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် မြို့နယ်အားကစားကွင်းတစ်ခု တည်ဆောက်ဖော်ဆောင်ရေးနှင့် ပတ်သက်ပြီး စံချိန်မီ မြို့နယ်အားကစားကွင်းတစ်ခုဖြစ်ရန်အတွက် မြေအားဖြင့် အလျားပေ ၆၀၀ x အနံပေ ၄၀၀ ရှိသော မြေအကျယ်အဝန်း လိုအပ်မည်ဖြစ်ပါကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မြို့နယ်အားကစားကွင်း တည်ဆောက်နိုင်ရန်အတွက် အဆိုပါလိုအပ်သည့် မြေဧရိယာရရှိရန် အရေးကြီးပါကြောင်း၊
ယခုလက်ရှိအခြေအနေအရ သင်္ဃန်းကျွန်းမြို့နယ်တွင် အားကစားကွင်းတစ်ခု ဖော်ထုတ်ရန်အတွက် အားကစားကွင်းမြေအဖြစ် သတ်သတ်မှတ်မှတ် မြေမရှိသေးပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့်လည်း သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပရဟိတစိတ်နှင့် အားကစားစိတ်ဓာတ်ရှိသော မြေယာပိုင်ဆိုင်သည့် ပုဂ္ဂိုလ်ကြီးများထံမှ အခမဲ့ရရှိရန် ပံ့ပိုးစေချင်ပါကြောင်း၊ စုံစမ်းထောက်လှမ်းစေချင်ပါကြောင်း၊ အကယ်၍ မြေရရှိပါက မြေကို အားကစားနှင့် ကာယပညာဦးစီးဌာနပိုင်မြေအဖြစ် ပြောင်းလဲလျှောက်ထားပြီး သင်္ဃန်းကျွန်းမြို့နယ်အားကစားကွင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးနှင့် ဘဏ္ဍာရေးခွင့်ပြုရန်ပုံငွေတွင် ထည့်သွင်းတောင်းခံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အားကစားကွင်းရရှိပါက ကိုယ်စားလှယ်ကြီးဖြစ်စေလိုသည့် ဘောလုံးကွင်းမှာလည်း ဆုတံဆိပ်များ များစွာရမည့်အပြင် ပြည်သူများကလည်း ပိုမိုကျန်းမာလာမည်ဖြစ်ပါကြောင်း၊
သင်္ဃန်းကျွန်းမြို့နယ်တွင် နိုင်ငံတကာအဆင့်မီ သုဝဏ္ဏဘောလုံးကွင်းကြီး၊ သုဝဏ္ဏအားကစားရုံကြီး၊ မြက်ခင်းအတုဘောလုံးကွင်းများ၊ လေ့ကျင့်ရေး ဘောလုံးကွင်းများ၊ စက်ဘီးလေ့ကျင့်ရေးကွင်းများကို မြို့နယ်အားကစားအဖွဲ့အစည်းများမှ အသုံးပြုမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို တောင်းဆိုပါက မိမိတို့စီစဉ်ပေးပါမည်ဖြစ်ပါကြောင်း၊ တချို့ကွင်းများမှာ အဖွဲ့ချုပ်များကို ငှားထားသည့်အတွက် တောင်းဆိုပါက အဖွဲ့ချုပ်များနှင့် ညှိပြီး မိမိတို့လုပ်ပေးမည်ဖြစ်ပါကြောင်း၊ အားကစားကွင်းကြီးကို လူတိုင်းကိုမပေးသည်မှာ အားကစားကွင်းကြီးကို ထိန်းသိမ်းစောင့်ရှောက်ရသည့် ကုန်ကျစရိတ် အလွန်များပြီး မိမိတို့အနေဖြင့် အားကစားကွင်းကြီး မပျက်စီးအောင် အမြဲတမ်းထိန်းသိမ်းလျက်ရှိသည့်အတွက် အကုန်လုံး မိမိတို့က မလုပ်ပါကြောင်း၊ သို့သော်လည်း တချို့အားကစာကွင်းများကိုတော့ ပေးမည်ဖြစ်ပြီး ပေးပါက ပြည်သူလူထုသိစေရန် ဆိုင်းဘုတ်များကို ကပ်ရန် စီစဉ်ပါကြောင်း၊ မည်သူမဆို အချိန်မရွေး လာရောက်ကစားနိုင်ပါကြောင်း၊
ကိုယ်စားလှယ်ကြီးတင်ပြသည့် ဘောလုံးအားကစားလောက ကျဆင်းရသည့်အချက်များထဲတွင် အဓိကအချက်မှာ ဘောလုံးကွင်းလုံလောက်စွာမရှိခြင်းမှာ မှန်သော်လည်း ယင်းတစ်ချက်တည်းနှင့်ပင် မရပါကြောင်း၊ အဓိကမှာ လေ့ကျင့်မှုစနစ်ပီပြင်မှု (Scientific) ဖြစ်မှု၊ နည်းပြဆရာကျွမ်းကျင်မှု၊ အတွေ့အကြုံရှိမှု၊ အာဟာရပြည့်ဝခြင်းရှိ/မရှိ၊ ဘောလုံး အားကစားသမား၏ ဘဝလုံခြုံမှု၊ အလုပ်အကိုင်၊ ကစားပြီးပါက မည်သည့်ဌာနတွင် မည်သို့ဆက်လုပ်ရမည်၊ ကျောင်းများ၌ ဘောလုံးအားကစားကို အားပေးမှုရှိ/မရှိ၊ ကျောင်းသားအားကစားပွဲတော်များ လုပ်ပေးမှုရှိ/မရှိ၊ တက္ကသိုလ်များအလိုက် အားကစားပြိုင်ပွဲများ လုပ်ပေးမှုရှိ/မရှိ အားလုံးပေါင်းမှ အားကစားလောကကြီး သို့မဟုတ် ဘောလုံးလောကကြီး တစ်ခုလုံး တိုးတက်လာမည်ဖြစ်ပါကြောင်း၊
ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း မြေနေရာ အတော်များများသည် အိမ်ရာအဆောက်အဦများ၊ အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးများ ဖြစ်သွားခြင်းတို့မှာ ရှေးယခင်ကဖြစ်သွားသည့်အတွက် ယခုကာလ၌ ဖြစ်သွားခြင်းမဟုတ်ပါကြောင်း၊ မိမိ တာဝန်ထမ်းဆောင်သည့်အချိန်တွင် ထိုကဲ့သို့မဖြစ်ပွားစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ တစ်ပြည်လုံးရှိ အားကစားကွင်းများ၏ အခြေအနေ မြို့နယ်အားကစားကို စာရင်းကောက်ခိုင်းထားပါကြောင်း၊ ပြင်ဆင်စရာရှိသော မြို့နယ်အားကစားကွင်းများ အားလုံးပြင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူလူထုက ကစားပြီး မြို့နယ်အားကစားကွင်းကို လူတိုင်းကစား၍ ရပါကြောင်း၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်တွင် အားကစားကွင်း/အားကစားရုံနှင့် ရေကူးကန် စုစုပေါင်း ၈၄၇ ခု၊ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းစုစုပေါင်း ၂၂၈ ကွင်း၊ ရိုးရိုးဘောလုံးကွင်း ၂၂၅ ပေ x ၃၅၄ ပေက စုစုပေါင်း ၁၅၂ ကွင်း၊ အခြားအားကစားကွင်းပေါင်း အားကစား ၁၂ မျိုးလုပ်နိုင်သော အားကစားကွင်း ၁၄၄ ကွင်း၊ အားကစားမျိုး ၂၀ လုပ်နိုင်သော အားကစားကွင်း ၁၃၉ ကွင်း၊ ရေကူးကန် ၉ ကန်၊ အားကစားလေ့ကျင့်ရေးစခန်း ၆ ခု၊ အားကစားနှင့် ကာယသိပ္ပံ ၆ ခု ရှိပါကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်သူ/ရပ်ကွက်သားများသည် ယခုပြောကြားသည့် အားကစားကွင်းအချို့တွင်လည်း သွားရောက်ပြီး ကစား၍ရပါကြောင်း၊ သင်္ဃန်းကျွန်းတွင် နေသောသူက သင်္ဃန်းကျွန်းတွင်သာ ကစားရခြင်း မဟုတ်ပါကြောင်း၊ သင်္ဃန်းကျွန်းအနီးနားရှိ မြို့နယ်များတွင် သွားရောက်ကစား၍ရပါကြောင်း၊ လူအများ အားကစားစိတ်ဓာတ်ရှိရန် လှုံ့ဆော်မှု၊ ပံ့ပိုးမှုကိုလည်း မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပံ့ပိုးမည်ဖြစ်ပါကြောင်း၊ ပြည်သူပြည်သားအားလုံးသည် အားကစားစိတ်ဓာတ်ရှိမှု၊ အားကစား ဝါသနာပါမှု၊ ကျန်းမာမှုကို ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
