(ခ)-မိုင်းပျဉ်းမြို့နယ်၏ ကျေးလက်ကျန်းမာရေးဌာ န၊ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ကျန်းမာရေး ဝန်ထမ်းများအား ဌာန၏ ဘဏ္ဍာရေးနှစ်အလိုက် အမြန်ဆုံးတိုးချဲ့ ဆောင်ရွက်ပေးရန် အစီအစဉ်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒသမနေ့ (၁၆.၂.၂၀၁၇)

မိုင်းပျဉ်းမြို့နယ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်တွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်း ၂၃၃၁ စတုရန်းမိုင်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် လူဦးရေစာရင်းအရ စုစုပေါင်း ၆၉၁၂၅ ဦးရှိပြီး လမ်းပန်းဆက်သွယ်ရေး တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများပြီး မြေနိမ့်လွင်ပြင်ရှားပါး ဝေးလံခက်ခဲကာ ကျေးရွာအုပ်စု တစ်ခုနှင့်တစ်ခု သွားလာရာတွင်လည်း ခက်ခဲလှပါကြောင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးကဏ္ဍအတွက် လေ့လာချက်အရ ကျေးလက်ကျန်းမာရေးဌာန ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၉ ခုရှိရာ ကျေးရွာအုပ်စုပေါင်း ၃၃ အုပ်စု၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးမှုမှာ အလွန်အားနည်းလျက်ရှိပါကြောင်း၊တစ်မြို့နယ်လုံးရှိ အခြေခံဘက်စုံ သားဖွားဆရာမ ၆ ဦးသာရှိပြီး ကျန်းမာရေးမှူး၊ လက်ထောက်ကျန်းမာရေးမှူးများမှာလည်း တစ်ဦးမျှမရှိဘဲ လစ်လပ်လျက်ရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများမှာ ဖွဲ့စည်းပုံအရ အလွန်နည်းပါးနေသောကြောင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းများ၊ ကျန်းမာရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းအောင်မြင်ထိရောက်မှုမှာ လွန်စွာအားနည်းနေသေးပါကြောင်း၊ဝန်ထမ်းဖွဲ့စည်းပုံ နည်းပါးခြင်းကြောင့် လက်လှမ်းမမှီသည့် ကျေးရွာပေါင်း ၁၀၀ ရွာခန့်သည် ကျန်းမာရေးလုပ်ငန်းများ လွှမ်းခြုံမှုမပေးနိုင်ဘဲ ဖြစ်နေပါကြောင်း၊

ထို့ကြောင့် မိုင်းပျဉ်းမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုကောင်းလာစေရန် တိုးချဲ့လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်လာစေရန် ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရောဂါဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ကုသခြင်း၊ သတင်းပို့ခြင်းလုပ်ငန်းများ ပိုမိုလွယ်ကူဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ဖွဲ့စည်းပုံပြင်ဆင်တိုးချဲ့ဆောင်ရွက်ပေးပါရန်နှင့် ကျေးလက်ကျန်းမားရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ကျန်းမာရေးဝန်ထမ်းများအား ဌာန၏ဘဏ္ဍာရေးနှစ်အလိုက် အမြန်ဆုံးတိုးချဲ့ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မေးခွန်း၌ လွှမ်းခြုံမှုနှင့်ပတ်သက်ပြီး ပိုမိုကောင်းရန်အတွက် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ Public Activity ၏ တိုးချဲ့ကာကွယ်ရေး Expands  Programed Feminization ကိစ္စများ၊ ကျန်းမာရေးပညာပေးလုပ်ငန်း၊ ရောဂါကာကွယ်ရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ ရောဂါဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ခြင်းကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံပြင်ဆင် တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောထားပါကြောင်း၊ ဤလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မိုင်းပျဉ်းမြို့နယ်တစ်ခုတည်းသာမကဘဲ တစ်ပြည်လုံး အတိုင်းအတာဖြင့် လုပ်ကိုင်လျက်ရှိပါကြောင်း၊

မိမိတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် လူအင်အား အများကြီးမရှိပါသဖြင့် အဖွဲ့အစည်းများနှင့် ပေါင်းစည်းပြီးမှသာလျှင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ငန်းများသည် ပိုမိုပီပြင်မည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်တွင် လူဦးရေအားဖြင့် ၆၈၀၀၀ ဦး၊ ကျေးရွာအုပ်စုပေါင်း ၃၅၀၊ အိမ်ခြေစုစုပေါင်း ၁၀၆၉၀ အိမ်၊ ၅ နှစ်အောက် ကလေးစုစုပေါင်း ၈၂၀၀၊ ကိုယ်ဝန်ဆောင်မိခင် ၇၅၅ ဦးရှိပြီး ကျန်းမာရေးဌာနများအနေဖြင့် မိမိတို့က ၂၅ ခုတင်ဆံ့ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၁ ရုံ၊ မိခင်ကလေးကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၃ ခု၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ ၉ ခုတို့ဖြင့် ဆေးရုံဝန်ထမ်းအင်အားလည်း မြို့နယ်ဦးစီးမှူး ၁ ဦး၊ လက်ထောက်ဆရာဝန် ၂ ဦး၊ အထက်တန်းသူနာပြု ၇ ဦး၊ သူနာပြု(၃) ၉ ဦးနှင့်  ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှာ အမျိုးသမီး ကျန်းမာရေးဆရာမ ၃ ဦး၊ သားဖွားဆရာမ ၁၆ ဦး၊ ကျန်းမာရေးကြီးကြပ် ၆ ဦးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးလျက်ရှိပါသဖြင့် မိမိတို့အနေဖြင့် သင့်တင့်သော လူ့စွမ်းအားအရင်းအမြစ်ရှိသည်ဟု သုံးသပ်၍ ရပါကြောင်း၊

သို့သော်လည်း ဆရာဝန် ၉ ဦးရှိရမည့်နေရာတွင် ၃ ဦး၊ သူနာပြု ၈ ဦးရှိရမည့်နေရာတွင် ၇ ဦး၊ သူနာပြု Train Nurse ၁၄ ရှိရမည့်နေရာတွင် ၉ ဦးရှိပါသဖြင့် အခြားမြို့နယ်နှင့် နှိုင်းယှဉ်ပါက အခြေအနေ မဆိုးလှပါကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး မိမိတို့က ဗဟိုတွင်နေသည့်သူများ ဖြစ်သည့်အတွက် တွေ့ရှိသည့် စာရင်းဇယားပေါ်တွင် မူတည်ပြီး သုံးသပ်ခြင်းဖြစ်ပါကြောင်း၊ သို့သော် ယင်းကိစ္စကို အသေးစိတ် သုံးသပ်၍ရစေရန် ပြည်နယ်ဦးစီးမှူးကို သူ့အဖွဲ့နှင့် ဗဟိုကလည်း အဖွဲ့တစ်ယောက်ထည့်ပြီး အသေးစိတ်သုံးသပ်ရန် လုပ်ခိုင်းပါကြောင်း၊

မိုင်းပျဉ်းမြို့နယ် ကျေးလက်ကျန်းမာရေးဌာန၏ လူဦးရေအချိုးမှာ ၁း၂၂၈၃၅ ဦးရှိသည့်အတွက် တစ်နိုင်ငံလုံးရှိ National Average သည် ၁း၂၈၉၂၀ ဖြစ်ရာ National Average ထက် ပိုကောင်းနေသည်ကို တွေ့ရပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် လူဦးရေအချိုးကို ကြည့်ရာတွင် မိုင်းပျဉ်းသည် ၁း၇၆၁၁ ရှိပြီး လက်ရှိတစ်နိုင်ငံလုံးပျမ်းမျှအချိုးသည် ၁း၆၈၁၀ ဖြစ်သည့်အတွက် အနည်းငယ်သာလျော့သဖြင့် အခြေအနေမဆိုးပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနတစ်ခုတွင် ကုသပေးသည့် လူဦးရေသည် ၂၀၁၅ ခုနှစ်တွင် ၆၇၈၀ ခန့်ရှိပြီး ပျမ်းမျှတစ်လလျှင် ၅၆၅ ရှိသည့်အတွက် မိုင်းပျဉ်းရှိ ပြည်သူများသည် ကျေးလက်ကျန်းမာရေးဌာနကို အားကိုးနေပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်ပြီး အသစ်တိုးချဲ့ရန် မြေပြင်လိုအပ်ချက်ကို အခြေခံ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပြီး မိမိတို့ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ကျန်းမာရေးဝန်ထမ်းများအား ဌာန၏ ဘဏ္ဍာနှစ်အလိုက် အမြန်ဆုံးတိုးချဲ့ဖွဲ့စည်းရန်နှင့် ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ကျန်းမာရေးမှူး လုပ်သက် ၃ နှစ်ပြည်‌့သူကို ကျန်းမာရေးမှူးအဆင်‌့(၁) ကို ရှမ်းပြည်နယ်တွင် ရာထူးခန့်ရန် ခေါ်ထားရာ လာရောက်ဖြေဆိုသူ ၈၄ ဦးရှိသော်လည်း ရှမ်းပြည်နယ်ဘက်က  လာရောက်ဖြေဆိုသူ တစ်ယောက်မှမတွေ့ပါသဖြင့် ရာထူးတိုးပေး၍ မရပါကြောင်း၊

သို့သော်လည်း တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လက်ထောက်ကျန်းမာရေးမှူးနေရာကို ယခုလ သို့မဟုတ် နောက်လတွင် ကျန်းမာရေးမှူး ၃၀၀ ခန့်ရန် အစိုးရအဖွဲ့ကလည်း သဘောတူပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ခွဲတမ်း ၁၂ ယောက်ရှိပြီး မိုင်းပျဉ်းကို  ဦးစားပေးပြီး တာဝန်ချထားရန်အတွက် ပြည်နယ်ဦးစီးမှူးကို မိမိတို့ အကြောင်းကြားမည် ဖြစ်ပါကြောင်း၊ ယခု တစ်ရက်နှစ်ရက်အတွင်း အကြောင်းကြားထားမည်ဖြစ်ပါကြောင်း၊ လစ်လပ်လျက်ရှိသော အမျိုးသမီးကျန်းမာရေးဆရာမ ၄ ဦးခန့်ရေးနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေတွင် အမျိုးသမီးကျန်းမာရေးဆရာမ ၄၄ ဦး တက်ရောက်နေပြီး ၂၀၁၇ ခုနှစ် နိုင်ဝင်ဘာလတွင် သင်တန်းပြီးဆုံးမည် ဖြစ်သည့်အတွက် ၎င်းတို့ကို ဦးစားပေးပြီး မိုင်းပျဉ်းတွင် တစ်ယောက် သို့မဟုတ် နှစ်ယောက် ရရှိရန် မိမိတို့ စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ လစ်လပ်လျက်ရှိသော သားဖွားဆရာမ ၂ ဦး ခန့်ထားရန်အတွက် သစ်လွင်သားဖွားဆရာမ ၁၉၅၉ ယောက် ခန့်အပ်ရန် အစိုးရကသဘောတူပြီးဖြစ်သည့်အတွက် ဘတ်ဂျက်နှစ်မကုန်မီ ခန့်ထားမည်ဖြစ်သည့်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကို ၄၇ ဦး ရပါကြောင်း၊

ထို့အပြင် လစ်လပ်လျက်ရှိသော ကျန်းမာရေးကြီးကြပ်(၂) ၂၀ လစ်လပ်သည်ကို ခန့်ထားရန်နှင့် ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်၌ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၃၀၀၀ ခန့်ရန် အစိုးရအဖွဲ့က သဘောတူခဲ့ပြီဖြစ်ပါကြောင်း၊ စာမေးပွဲလည်း ဖြေပြီး၍ အင်တာဗျူးများ ပြုလုပ်နေပါကြောင်း၊ ရှမ်းပြည်အရှေ့ပိုင်းကို ခွဲတမ်း ၁၆၀ ဦး ရရှိပြီး သင်တန်းများပေးပြီးပါက နေရာအကုန် ချထားပေးမည်ဖြစ်ပါကြောင်း၊ အလားတူ (၃၉) ကြိမ်မြောက် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁) သင်တန်းပြီးစီးလျှင်  ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁) များကိုလည်း လစ်လပ်နေရာများ၌ ဦးစားပေးခန့်ထားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အမျိုးသားကျန်းမာရေးစီမံကိန်း ၂၀၁၇-၂၀၂၁ တွင်လည်း ကျန်းမာရေးအခြေခံ အဆောက်အအုံ (Health Infrastructure)၊ လူ့စွမ်းအားအရင်းအမြစ် (Human Resources for Health) ကို ဦးစားပေးပြီး လုပ်ကိုင်မည်ဖြစ်သည့်အတွက် မကြာခင် ၂ နှစ်၊ ၃ နှစ်လောက်အတွင်း ကျန်းမာရေးအခြေအနေများ အလွန်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။