ခေါင်လန်ဖူးမြို့နယ်သည် ပြည်နယ်၏ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၆၈၀ ပေတွင်တည်ရှိပြီး ခရိုင်ရုံးစိုက်ရာ ပူတာအိုမြို့နှင့် မိုင်ပေါင်း ၁၃၀ ကျော်ကွာဝေးပြီး မြန်မာနိုင်ငံမြောက်ဘက်အကျဆုံး တောင်ပေါ်မြို့ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့ ကို ရပ်ကွက်လေးခု၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၁၄၂ ရွာ ဖြင့်ဖွဲ့စည်းတည်ထောင်ထားပြီး လူဦးရေ ၁၅၀၀၀ ကျော် နေထိုင်ပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးမြို့လည်းဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့တွင် ကျန်းမာရေးဌာနအနေဖြင့် မြို့ပေါ်တွင် ဆေးရုံတစ်ရုံ၊ ဇံယောကျေးရွာနှင့် ခေါ်ဘူဒဲကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနနှင့် ရိဒန်း၊ ဒိလာဝါဇီ၊ ဖန်တုံ၊ ရှီလာဝါဒီ၊ ထဖုန်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ထားသော်လည်း ဝန်ထမ်းများ မလုံလောက်ခြင်း၊ ဝန်ထမ်းနေအိမ်မရှိခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ ရှိသည့် အဆောက်အအုံများမှာလည်း ရာသီဥတုကြောင့် မိုးများပြီး ဆွေးမြေ့ပျက်စီးနေပါကြောင်း၊
ကျန်းမာရေးဝန်ထမ်း နှင့် ဆေးဝါးမလုံလောက်မှုကြောင့် လူနာများမှ တောတောင်ကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီး ၎င်းတို့နှင့်နီးစပ်သော တရုတ်ပြည်တွင် ဆေးဝါးကုသမှုခံယူနေကြရပါကြောင်း၊ ဆေးဝါးကုသမှုခံယူနေသည့်အချိန်တွင် တခြားနိုင်ငံဖြစ်သည့်အတွက် ခွဲခြားဆက်ဆံခံရခြင်း၊ ငွေကုန်ကြေးကျများခြင်း၊ ဘာသာစကားအခက်အခဲရှိခြင်းစသည့်ဒုက္ခများ တွေ့ကြုံခံစားရပါကြောင်း၊ ပူတာအိုမြို့တွင် ဆေးဝါးကုသမှုခံယူရာတွင်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လမ်းတွင် ဒုက္ခများ ခံစားရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ဆောင်ရွက်နေသည့် မူဝါဒရည်မှန်းချက်များသည် အလွန်ပင်ကောင်းမွန်သော်လည်း တောင်ပေါ်မြို့များသည် ကျန်းမာရေးစောင့်ရှောက်မှုများ ရသင့်သလောက် အားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ အချို့မြို့ကြီးများတွင် ဆေးရုံ၊ ဆေးခန်း အစုံအလင်ရှိသော်လည်း ခေါင်လန်ဖူးမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် အနိမ့်ဆုံးအဆင့်တွင် ရှိပါကြောင်း၊ တောင်ပေါ်ဒေသနှင့်ကိုက်ညီသော ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးပစ္စည်းများ ပြည်စုံစွာရှိရန် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာ ဆေးဝါးကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပေးရန် စီစဉ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။
အရည်အချင်းရှိ ကျန်းမာရေးဝန်ထမ်းများ ဖွဲ့စည်းပုံပြည့်စေလွှတ်ပေးရန်ကိစ္စနှင့်ပတ်သက်၍ ကျေးလက်ကျန်းမာရေးဌာနများတွင် အရည်အချင်းပြည့် ဝန်ထမ်းများဖြစ်ရန်ကိစ္စမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အရေးကြီးသောရည်မှန်းချက်တစ်ခု ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် Workshop များ၊ Seminar ၊ Forum ၊ ကျွမ်းကျင်မှုဆိုင်ရာ Meeting များ၊ လုပ်ငန်းခွင် Training (In Service Training) များကို နည်းမျိုးစုံအသုံးပြုပြီး အရည်အချင်းပြည့် စွမ်းရည်မြှင့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းကိစ္စများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးပညာရှင်များမှ ဦးစီးပြီး WHO ၊ UNCEF ၊ UNFPA စသည့် အဖွဲ့အစည်းများက ငွေအင်အားနှင့် အခြားကျွမ်းကျင်မှုအင်အားအချို့ကိုယူပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်လာပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လစဉ် Newsletter ထုတ်ပါကြောင်း၊ ၎င်း Newsletter ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံးတွေ့အောင် ဒေါက်တာဦးစံရွှေဝင်းကို အောက်တိုဘာလ အတွက် ၆၅၀ အုပ်၊ နိုဝင်ဘာ ၆၅၀၊ ဒီဇင်ဘာ ၆၅၀ ပေးထားပါကြောင်း၊ ၎င်း Newsletter တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ သင်တန်း၊ မွမ်းမံသင်တန်းများ၊ အရည်အချင်းမြှင့် သင်တန်းများ ကို အသေးစိတ်ဖော်ပြထားပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ အရည် အချင်းပြည့် လုပ်ငန်းတွေကို မည်မျှလုပ်နေသည်ကို သိနိုင်ပါကြောင်း၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေး တိုးတက်ရန်အတွက် အခြေခံ ကျန်းမာရေး လုပ်သားဖြစ်သည့် Health Assistant ၊ ကျန်းမာရေးမှူး (Mid White)၊ ပြည်သူ့ ကျန်းမာရေး(၁)၊ (၂) Public Health Supervisor (1) နှင့် (2) တွေကို မတ်လကစပြီးမှ တစ်ပြည်လုံး အတိုင်းအတာအနေဖြင့် တိုင်းနှင့် ဒေသကြီးအလိုက် မွမ်းမံသင်တန်းများပေးရန် စီစဉ်ထားပြီးဖြစ်ပါ ကြောင်း၊ ကျန်းမာရေးမှူးများကို တစ်ပတ်၊ PHS (1) ၊ (2) တစ်ပတ်လုပ်ရန် အစီအစဉ် လုပ်ထားပါကြောင်း၊ သို့မှသာ တောနေခက်ခဲဝေးလံဒေသများမှာ တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ အရည်အချင်းပြည့်မည်ဖြစ်ပါကြောင်း၊ အရည်အချင်းပြည့်မှ ပြည်သူလူထုကို Service ကို ကောင်းကောင်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းကို မိမိတို့မှဦးစားပေးဖြင့် လုပ်နေပါကြောင်း၊
ဒုတိယအပိုင်းငယ်ဖြစ်သည့် ဖွဲ့စည်းပုံပြည့်စေလွှတ်ရန်ကိစ္စမှာ မိမိတို့တွင်ရှိသည့် Human Resources ပေါ်မူတည်ပြီး ဆေးရုံ၊ ဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနများကို ချပေးသည့်အခါတွင် Royal Health Center ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများကို အထူးဦးစားပေးပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဝန်ထမ်းအိမ်ရာကိစ္စနှင့်ပတ်သက်၍ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်းပေါင်း ၉၀၀၀ ကိုအဆိုပြုထားပါကြောင်း ရရန်လည်း ရှိပါကြောင်း၊ ၎င်းငွေဖြင့် ဝန်ထမ်းအိမ်ရာပေါင်း ငါးထောင်ကျော်ကို လာမည့် ၂၀၁၇-၁၈ မှာ ဆောက်လုပ်မည်ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း ဝန်ထမ်းအိမ်ရာကိစ္စနှင့် ပတ်သက်ပြီး ဘတ်ဂျက်ငွေကို တိုးတောင်းမည်ဖြစ်သော်လည်း Over All စုစုပေါင်း ဘတ်ဂျက်ကိုတော့ မကျော်ပါဘူးကြောင်း၊ ကျန်သည့်နေရာများတွင်လျှော့ပြီး ဝန်ထမ်းအိမ်ရာများကို တိုးတောင်းဖို့ အစီအစဉ်ရှိပါကြောင်း၊
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ဆေးရုံသည် ၂၅ ခုတင်ဆံ့ဆေးရုံဖြစ်ပြီး အဆောက်အဦအားဖြင့် ပင်မအဆောက်အဦ သစ်သားပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးတစ်ခုနှင့် ဝန်ထမ်းအိမ်ရာ သစ်သားပျဉ်ခင်း၊ ပျဉ်ကာနှစ်လုံးသာ ရှိပါကြောင်း၊ ၎င်းအဆောက်အဦမှ ရာသီဥတု အခြေအနေ၊ ပထဝီအနေအထားအရ နှစ်ကာလကြာရှည်ပြီး ယိုယွင်းလျက်ရှိပါကြောင်း၊ လက်ရှိအဆောက်အဦများကို တောင့်တင်း ခိုင်မာသောအနေအထား တည်ဆောက်ပေးရန် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေ သန်း ၂၅၀ အား ပြည်နယ်ကုသရေးဦးစီးဌာနမှူးမှ တောင်းခံသည့်အတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ရှိ ထလားလော် ကျေးရွာအုပ်စု နှင့် ရမန်ချီကျေးရွာအုပ်စုတို့တွင် ကျေးလက်ကျန်းမာရေးဌာနများ ဖွင့်လှစ်ရန် ကိစ္စနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ မြို့နယ်ဆေးရုံ ၂၅ ခုတင်ဆံ့တစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာန (Royal Health Center) နှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (Self Center) ငါးခု၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတစ်ခု ရှိပါကြောင်း၊ မြို့နယ်ဆေးရုံဝန်ထမ်းအင်အား မှာ လက်ထောက်ဆရာဝန်တစ်ဦး၊ သူနာပြုလေးဦး အပါအဝင် ဝန်ထမ်း ၁၄ ဦးနှင့် လုပ်ကိုင်လျက် ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျန်းမာရေးမှူးနှစ်ဦး၊ သားဖွားဆရာမငါးဦး တို့ဖြင့် ခေါင်လန်ဖူးမြို့နယ်ရှိ စုစုပေါင်းလူဦးရေ ၁၁၆၅၅ ဦးတို့အား ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ ထလားလော်ကျေးရွာအုပ်စုနှင့် ရမန်ချီကျေးရွာအုပ်စု၏ လူဦးရေသည် အလွန်နည်းပါကြောင်း၊ အခြေခံမူအရ ကျေးလက်ကျန်းမာရေးဌာနခွဲလုပ်မည်ဆိုပါက ၃၀၀၀ မှ ၅၀၀၀ လောက့် ရှိရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဌာနတွင် ပြသသူဦးရေအနေဖြင့် နည်းပါးပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့်လည်း သိပ်ပြီး မဝေးပါကြောင်း၊ ၎င်းနေရာတွင် လုပ်ကိုင်နေသော ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးမှလည်း လတ်တလောအခြေအနေအရ လိုအပ်မှုမရှိသေးကြောင်းကို Fax နှင့် အကြောင်းကြားထားပါကြောင်း၊ ထို့ကြောင့် အဆိုပါကျေးရွာအုပ်စုများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ဖွင့်လှစ်ရန် အစီအစဉ်မရှိပါကြောင်း၊ သို့သော် အနီးဆုံးဖြစ်သည့် ခေါ်ဘူဒဲကျေးလက်ကျန်းမာရေးဌာနတွင် လစ်လပ်လျက်ရှိသော သားဖွားဆရာမတစ်ဦးနှင့် ကျန်းမာရေးကြီးကြပ်(၂) လေးဦး၊ ဇံယောကျေးလက်ကျန်းမာရေး ဌာနတွင် လစ်လပ်လျက်ရှိသော သားဖွားဆရာမနှစ်ဦးနှင့် ကျန်းမာရေးကြီးကြပ်(၂) ငါးဦးနှင့် ရှီလာဝါဒီ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် လစ်လပ်လျက်ရှိသော သားဖွားဆရာမတစ်ဦး ခန့်ထားပေးရန်အတွက် ကချင်ပြည်နည် ခွဲတမ်းအနေဖြင့် ယခု သားဖွားဆရာမ ၁၉၅၉ ယောက် ခန့်ရန်ရှိပါကြောင်း၊ ယခုလ သို့မဟုတ် မတ်လ တွင် ခန့်မည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင် သားဖွားဆရာမ ၇၆ ဦး၊ ကျန်းမာရေး ကြီးကြပ်(၂) ၉၀ ဦး ပါပါကြောင်း၊ ဦးစားပေး ခန့်ထားရန်အတွက် ပြည်နယ်ဦးစီးမှူးကို အကြောင်းကြားပေးမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ကျေးလက်ကျန်းမာရေးဌာနမှာရှိသည့် ပစ္စည်း၊ ဆေးများကို လုံလောက်စွာ ဖြည့်ဆည်းပေးရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးကို တိုက်ရိုက်ဖုန်းဆက်ပြီး ပြောကြားထားပြီး ဖြစ်ပါကြောင်း လိုအပ်သည့်ဆေးများကို ထပ်ဖြည့်ရန်ရှိပါကြောင်း၊
ခေါင်လန်ဖူးမြို့နယ်ဆေးရုံ၌ ၂၀၁၆ ခုနှစ်တွင် တစ်နေ့ ပျမ်းမျှ အပြင်လူနာဦးရေ ၁၂ ယောက်၊ ၁၃ ယောက်ရှိပြီး၊ အတွင်းလူနာမှ ပျမ်းမျှ တစ်ယောက်မှမရှိပါကြောင်း၊ ဝ.၇၅ ပဲရှိပါကြောင်း၊ ဆေးရုံခွင့်ပြုခုတင် အသုံးပြုနှုန်းမှ ၃ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရှိရပါကြောင်း၊ လူနာအသုံးပြု အပေါ်မူတည်ပြီး လစ်လပ်လျက်ရှိသော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ကို ခန့်ပေးရန် စဉ်းစားပေးမည် ဖြစ်ပါကြောင်း၊ အခြားဝန်ထမ်းများမှလည်း ၎င်း ၂၅ ခုတင်ဆံ့ဖွဲ့စည်းပုံအရ ပြည်နယ်ဦးစီးမှူးကို သွားရောက်ပြီး အသေးစိတ်လေ့လာ၍ Location မှအစ ၎င်းကိစ္စများအားလုံး လုပ်ပေးမည့်အပြင် အဓိကလိုသည့် ဆေးပစ္စည်းများ၊ သားဖွားဆရာမ၊ Health Assistant များကို အမြန်ဆုံးခန့်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
