ပင်လောင်းမြို့နယ်သည် ပင်လယ်အမြင့်ပေ ၄၈၂၀ ခန့်တည်ရှိပြီး မြို့နယ်အတွင်း တော/ တောင် ထူထပ်ပြီး ဆောင်းရာသီတွင် အအေးဓာတ်လွန်ကဲသည့် မြို့နယ်တစ်နြယ်ဖစ်ပါကြောင်း၊ တောင်-မြောက်မိုင် ၅၀၊ အရှေ့-အနောက် မိုင် ၇၀ ကျော်ရှည်လျားသော မြို့နယ်တစ်မြို့နယ် လည်းဖြစ်ပါကြောင်း၊ ပင်လောင်းမြို့နယ်ကို မြို့သုံးမြို့၊ ရပ်ကွက် ၁၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ ကျေးရွာပေါင်း ၄၃၂ ရွာ ဖြင့်ဖွဲ့စည်းထားပြီး လူဦးရေ နှစ်သိန်းနီးပါး နေထိုင် နေပါကြောင်း၊ မြို့နယ်တွ (၂၅)ခုတင်ဆံ့ မြို့နယ်ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံလေးရုံ၊ ကျန်းမာရေးဌာနသုံးခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ ၃၂ ခုရှိပြီး ကျန်းမာရေးဌာနအသီးသီးသို့ နှစ်စဉ်လူနာပျမ်းမျှ ၃၁၀၀၀ ကျော်ခန့် တက်ရောက်ကုသလျက်ရှိသည်ကို ကျန်းမာရေးဦးစီးဌာန မှတ်တမ်းအရ သိရှိရပါကြောင်း၊ ဆရာဝန်နှင့် လူနာအချိုးသည် ၁၇၈၈၇ ဦးရှိပြီးအရေးပေါ်လူနာရှိပါက မိုင် ၄၀ ကျော်ဝေးသည့် ကလောမြို့နယ်သို့လည်းကောင်း၊ ၆၀ ကျော်ဝေးသည့် လွိုင်ကော်မြို့နယ်သို့ လည်းကောင်း၊ သွားရောက်ကုသရသဖြင့် အခက်အခဲများစွာရှိသည်ကိုတွေ့ရပါကြောင်း၊ကျန်းမာရေးဝန်ကြီး ပင်လောင်းမြို့ ကိုရောက်ရှိသည့်အချိန်တွင် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအကောင်အထည် ဖော်မှု ကော်မတီ၊ ရပ်မိရပ်ဖ၊ ဆေးရုံကြီးကြပ်မှုကော် မတီ၏ တင်ပြချက် အရလည်းကောင်း၊ ဝန်ကြီးများ၏ လေ့လာတွေ့ ရှိချက်အရလည်းကောင်း၊ ပင်လောင်းမြို့တွင် ခုတင် (၅၀) ဆံ့ဆေးရုံ ရသင့်သည် ဖြစ်ကြောင်း သဘာထား မှတ်ယူပါဟု ကတိပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊မိမိသိလိုသည်မှ ပင်လောင်းမြို့ရှိ (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို (၅၀)ခုတင်ဆံ့ ပြည်သူ့ဆေးရုံအဖြစ်သို့
ဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင်တင်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့မှာ (၂၅)ခုတင်ဆံ့မြို့နယ်ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ လေးရုံ စုစုပေါင်း ၅ ရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန များရှိသဖြင့် မိမိတို့ ဝန်ဆောင်မှုများပေး နေပါကြောင်း၊ တစ်နေ့လျှင် အတွင်းလူနာ ၂၆ ဦးခန့်သာရှိသည်ကိုတွေ့ရပါကြောင်း၊ ဆေးရုံခုတင် အသုံးပြုမှုသည် ၂၀၁၅ တွင် အလွန်ဆုံး ၁၀၈ ရာခိုင်နှုန်းဖြစ်သည့်အတွက် ခုတင် ၅၀ တိုးရန်အတွက် ၁၅၀ ရာခိုင်နှုန်းလိုပါကြောင်း၊ ၂၅ ခုတင် မှ ခုတင် ၅၀ တိုးရန်အတွက် အဖက်ဖက်မှ စဉ်းစားရပါ ကြောင်း၊ လူဦးရေသိပ်သည်းမှု၊ ကာကွယ်မှု၊ ဆေးရုံသို့လာသည့် အတွင်းလူနာ၊ အပြင်လူနာ၊ ခုတင်သုံးမှု၊ အနီးအနားတွင် မည်သည့် ဆေးရုံများနှင့် Roil Hard Centre ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ လွယ်ကူမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့သည့် ချင်းတောင် ကိစ္စများတွင် ၁၀ မိုင်ဖြင့်လည်း လုပ်ပေးရပါကြောင်း၊ ထို့ပြင် ပင်လောင်း မြို့နယ်စု၏ ဝန်ထမ်းခန့်ထားမှုကိုကြည့်ပါက ၆၀ ရာခိုင်နှုန်း အပြည့်ခန့် ထားပါကြောင်း၊ လက်ထောက်ဆရာဝန် လေးဦးတွင် သုံးဦးရှိပါကြောင်း၊ သွားဆရာဝန် တစ်ဦးခန့်ရန် ရှိပါကြောင်း၊ သူနာပြု ၁၆ ဦးတွင် ၁၄ ဦးရှိပါကြောင်း၊ ပင်လောင်းဆေးရုံတွင် လိုအပ် သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ဆေးများ ကို သေချာပိုပြီး ပေးရန်ရည်ရွယ်ထားပါကြောင်း၊ ထို့ကြောင့် လောလောဆယ်ဆယ် (၂၅) ခုတင် မှခုတင် (၅၀) တိုးပေးရန် ယခုနှစ်တွင် အစီအစဉ်မရှိ သေးပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးခွန်မောင်သောင်း(ပင်လောင်း)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိ တင်ပြခဲ့သည့် ခုတင် ၅၀ ကိစ္စသည် အမှန်တကယ်လိုအပ်၍ တင်ပြခြင်းဖြစ်ပါကြောင်း၊ ပင်လောင်း မြို့နယ်သည် နေရာကျယ်ပြန့်သည့် မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး ထူးခြားသည့် ရာသီဥတု ရှိသည့်အပြင် တော တောင်များနှင့် ပတ်သက်ပြီး ဆက်နွယ်သည့်ရောဂါများ ရာသီဥတုပြောင်းလဲတိုင်း၊ ပုံမှန်အနေ အထားမျိုး ရှိသည့် ရာသီဥတုသာယာသည့် အချိန်များတွင် လူနာနည်းခြင်းဖြစ်ပါကြောင်း၊ သို့သော် ရာသီဥတု ပြောင်းလဲမှုဖြစ်လာသည့် အချိန်တွင် ဆေးရုံမှာ လူနာနှင့်ခုတင်မဆံ့သဖြင့် ကြမ်းပြင်တွင် အိပ်ရသည့်အခါလည်းရှိပါကြောင်း၊ ၎င်းဆေးရုံကို လွန်ခဲ့သော်နှစ်ပေါင်း ၅၀ ကတည်းက ရရှိထားခြင်းဖြစ်ပါကြောင်း၊ တောင်ပေါ်ရှိတိုင်းရင်းသားများနှင့် မြို့နယ်ရှိ ပြည်သူပြည်သားများ အတွက် လိုအပ်နေသည် အနေအထားမျိုးဖြစ်ပါကြောင်း၊ ယခင် ဝန်ကြီးများ လာရောက် လေ့လာခဲ့ပါ ကြောင်း၊ ဖြစ်ရပ်မှန်ကို တင်ပြခြင်းဖြစ်သည့်အတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် ယခင်သက်တမ်းများ အတိုင်း ကတိကဝတ်ကိုပယ်ဖျက်သည့် အနေအထားမျိုးမဟုတ်ဘဲ တကယ်ဖြစ်ရပ်မှန်ကို ဆောင်ရွက် ပေးရန် မိမိအနေဖြင့်သိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
မိမိအနေဖြင့် အရင်ဝန်ကြီးလက်ထက် ကပေးသွားသည်မှ ဘယ်လိုပုံစံဖြင့်ပေးသွားသည်ကို မသိပါ ကြောင်း၊ စာရင်းဇယားများကိုသာ သိသည့်အတွက် တစ်ပတ်အတွင်းဗဟိုနှင့် တိုင်းဦးစီးမှူးကို လွှတ်၍ အသေးစိတ်လေ့လာမည်ဖြစ်ပါကြောင်း၊ လိုအပ်မည်ဆိုပါကတိုးပေးရန် ဝန်မလေးပါကြောင်း၊ အမြန် ဆုံး လိုအပ်သည့်ဆေး နှင့် ပစ္စည်းကိရိယာများကို ပံ့ပိုးပေးပါမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းအင်အား အနေဖြင့် ကြည့်မယ်ဆိုပါက ၆၀ ရာခိုင်နှုန်းရှိပါကြောင်း၊ သို့သော် တင်ပြသည့် အတိုင်း ဆရာဝန် တစ်ဦးသည် လူ ၁၇၀၀၀ လောက်ကြည့်ရမည်ဆိုပါက တစ်ပတ်အတွင်း စုံစမ်းပြီး ရရှိသည့် အဖြေအပေါ်မူ တည်ပြီး ဆက်လက် ဆောင် ရွက်ပေးပါမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
