(စ)-ဆိပ်ဖြူမြို့နယ်၊အနောက်ကမ်းဖြူ ကျေးရွာရှိ ကျေး လက်ကျန်းမာရေးဌာန(ခွဲ)မှကျေးလက်ကျန်းမာရေး ဌာနသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်းရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၅.၁၂.၂၀၁၆)

ဦးအောင်သိုက် (ဆိပ်ဖြူ)ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသည် ဆိပ်ဖြူမြို့နယ်မှ ကျေးရွာ ၃၂ ရွာနှင့် ပခုက္ကူမြို့နယ်မှ ကျေးရွာ ၈ ရွာ စုစုပေါင်း ၄၀ ရွာမှ ကျောင်းသားကျောင်းသူများ လာရောက်ပညာသင်ကြားနေသော ကျောင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်စာမေးပွဲ စာစစ်ဌာနရှိပါသောကြောင့် စာမေးပွဲရက်များတွင် ကျန်းမာရေး မကောင်းသော ကျောင်းသားကျောင်းသူများ ဆေးရုံတက်စာဖြေရန်နှင့် ကျောင်း သားကျောင်းသူ ၈၀၀ ကျော်တို့၏ ကျန်းမာရေးကိုလည်း အနီးကပ်စောင့်ရှောက်ပြုစုရန်လည်း လိုအပ်ပါကြောင်း။

အနောက်ကမ်းဖြူကျေးရွာသည် ဆိပ်ဖြူမြို့နယ်ဆေးရုံနှင့် ၂၇ မိုင်ကွာဝေးပြီး ပခုက္ကူဆေးရုံနှင့် ၃၆ မိုင် ကွာဝေးပါသောကြောင့် အရေးပေါ်လူနာများနှင့် သားဖွား၊ မြွေကိုက်၊ ထိခိုက်ရှနာ၊ မမျှော်လင့်သော Accident များ၊ အခြားကူးစက်ရောဂါများ ဖြစ်ပွားပါက ခရီးကြမ်းနှင့် တောင်ကျ ချောင်းသုံးချောင်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရပါသဖြင့် လူနာများမှာလည်း မဆုံးရှုံးသင့်ဘဲ နှစ်စဉ် ဆုံးရှုံးနေရပါကြောင်း၊ ရွာ ၁၆ ရွာ၊ အိမ်ထောင်စု ၂၄၆၄၊ လူဦးရေက ၁၂၅၉၀ နှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများမှာလည်း ပခုက္ကူဆေးရုံနှင့် မိုင် ၃၀ ကွာဝေးသောကြောင့် ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာ ကျေးလက် ကျန်းမာရေးဌာန(ခွဲ)သို့ မှီခိုအားထားပြီး လာရောက်ဆေးကုသမှုများ ပြုလုပ်ကြရပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ကျေးလက်ကျန်းမာရေးဌာနသို့ တိုးမြှင့်ပေးမည် ဆိုပါက မြေနေရာ ၂.၅၉ ဧက လျာထားပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)သို့ လာရောက်ကုသမှုများမှာ ဆိပ်ဖြူမှ ၁၆ ရွာ၊ ပခုက္ကူမှ ၈ ရွာစုရှိပါကြောင်း၊ စာစစ်ဌာနရှိသော ရွာဖြစ်သောကြောင့် ကျောင်းသားများ၏ အနီးကပ် ကြီးကြပ်ကုသမှု ပြုခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကိုလည်း လျှော့ချနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ၊ ရှိပါက မည်သည့် အချိန်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါ၍ မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး5မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)သည် အင်းကန်ကျေးလက် ကျန်းမာရေးဌာနအပိုင် ဌာနခွဲတစ်ခုဖြစ်ပါကြောင်း၊ အနောက်ကမ်းဖြူကျေးရွာသည် အင်းကန်ကျေးရွာ ကျန်းမာရေးဌာနနှင့် ၁၈ မိုင်၊ ဆိပ်ဖြူမြို့နယ်ဆေးရုံနှင့် ၂၇ မိုင်ကွာဝေးပါကြောင်း၊ ယောချောင်းဘေးတွင်တည်ရှိပြီး မိုးတွင်းကာလတွင် လည်း ယောချောင်းကို ဖြတ်သွားရသည့်အတွက် အရေးပေါ် လူနာများနှင့် အခြားကူးစက်ရောဂါများ ဖြစ်ပွားလာပါက သွားလာရေး အလွန်ခက်ခဲပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ရှိသောရွာ ဖြစ်သောကြောင့်လည်း ကျောင်းသားကျောင်းသူများကို အနီးကပ် ကြီးကြပ်ကုသပေးရန် လိုအပ်ပါကြောင်း၊ အနောက်ကမ်းဖြူ ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ရန် အဆောက်အဦဆောက်လုပ်ရန်မြေနေရာ တစ်ဧကလည်း ရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ခွင့်ရမည်ဆိုပါက အနောက်ကမ်းဖြူကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၆ ရွာ၊ အိမ်ခြေ ၂၅၀၀၊ လူဦးရေ ၁၃၀၀၀ ကျော်၊ တစ်နှစ်အောက်ကလေး ၂၃၀ ကျော်၊ သုံးနှစ်အောက်ကလေး ၆၅၀၊ ငါးနှစ်အောက်ကလေး ၂၀၀၁ ဦးနှင့် ကိုယ်ဝန်ဆောင် ၂၄၁ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှုပေးနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အနောက်ကမ်းဖြူ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာန (Rural Health Center) အဆင့်သို့ တိုးမြှင့်ရန်လိုအပ်ပါကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူးမှလည်း တင်ပြထားသည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အနောက်ကမ်းဖြူ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေး ဌာနအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ဖွင့်ပြီးလျှင်ပြီးချင်း ကျန်းမာရေးဝန်ထမ်းများကို  ချက်ချင်းခန့်ရန် အစီအစဉ် လုပ်ထားသည့်အပြင် လိုအပ်သော ပစ္စည်းကိရိယာများလည်း ပံ့ပိုးဖို့ အဆင်သင့်လုပ်ထားမည်ဖြစ်ပါကြောင်း။

တစ်နှစ်ပျမ်းမျှ လူနာဦးရေလည်း အလွန်နည်းပြီး တစ်နေ့လျှင် တစ်ဦး၊ နှစ်ဦးခန့်သာ ရှိပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ စာရင်းဇယားမှား၍လား၊ ဆရာဝန်ကြောင့်လားဆိုသည်ကို အခြေအနေသုံးသပ်ရန် ဦးစီးမှူးကို အကြောင်းကြားထားပါကြောင်း၊ မိမိတို့အနေဖြင့် အသေးစိတ် လေ့လာပြီး လွှတ်တော်ကိုယ်စားလှယ်ကို မိမိကိုယ်တိုင် တိုက်ရိုက်ဆက်သွယ်ပြီး တင်ပြပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်