အလောင်းတော်ကဿပအမျိုးသာဥယျာဉ်ဟာ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ပထောလုံးကြိုးဝိုင်းနှင့် ကလေးခရိုင်၊ မင်းကင်းမြို့နယ်ရှိ တောင်တွင်းကြိုးဝိုင်းနှစ်ခု ပေါင်းစည်းကြပြီး သစ်တောဝန်ကြီးဌာန၏ ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၁/၈၉ ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အကျယ်အဝန်းမှာ ၃၄၆၆၉၃.၃၉ ဧက၊ စတုရန်းမိုင်အားဖြင့်ဆိုလျှင် ၅၄၁.၆၂ စတုရန်းမိုင်ရှိပါကြောင်း၊ ဥယျာဉ် သက်တမ်းသည် ၃၃ နှစ်ရှိပြီးဖြစ်၍ ဇီဝမျိုးစုံမျိုးကန်းများ ပွားများကြွယ်ဝသည့်အတွက် အာဆီယံအမွေအနှစ် ဥယျာဉ်၊ အာဆီယံ Holiday Park အဖြစ် ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သတ်မှတ်ခံခဲ့ရပါကြောင်း၊ အာဆီယံ ၁၀ နိုင်ငံ၏ အမွေအနှစ်ဥယျာဉ် ၃၈ တွင် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝအခြေခံခရီးသွား စခန်း ၂၁ ခုလည်း ပါဝင်ပါကြောင်းသိရှိရပါသည်။ နှစ်စဉ် ဒီဇင်ဘာလမှ မေလအထိ အလောင်းတော်ကဿပ ဘုရားဖူးရာသီအဖြစ် သတ်မှတ်ပြီးဖြစ်၍ အနယ်နယ်အရပ်ရပ်က ဘုရားဖူးများသည် ဆင်စီးပြီးဘုရားဖူးရသည့် ခရီးကိုစိတ်ဝင်စားသဖြင့် လာရောက်လေ့ရှိကြပါကြောင်း၊ နိုင်ငံခြားသွား ခရီးသွားများအနေဖြင့်လည်း ကျယ်ကျယ်ပြန့်ပြန့်သတင်းရရှိလျှင် အထူးစိတ်ဝင်စားမည့် နယ်မြေဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်၊ ဒေသခံပြည်သူလူထုများအတွက် ဝင်ငွေများစွာ ရှာဖွေပေးနိုင်အောင် ဖွံ့ဖြိုးရေး နယ်မြေအဖြစ် ယခုထက်ပိုမို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးတကြီး လိုအပ်လျက်ရှိပါကြောင်း၊ ဥယျာဉ်တည်ထောင်ခဲ့သည့် ရည်ရွယ်ချက် ခုနစ်ချက်ရှိသည့်အနက် အဓိကအချက်အနေဖြင့် ပါဝင်ခဲ့ပါကြောင်း၊
သဘာဝနယ်မြေခံခရီးသွား နယ်မြေဖြစ်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ကို ကြပ်မတ်ထိန်းသိမ်း ရန်မှာလည်း အရေးကြီးလှပါကြောင်း၊ ပင်ကိုဂေဟစနစ်ကို မထိခိုက်စေဘဲ ဧည့်သည်များ လည်ပတ် သွားလာနိုင်မည့် အခြေအနေများစီစဉ်ပေးရမည်ဖြစ်ပါကြောင်း၊ တောင်ပေါ်လမ်းများ၊ သန့်စင်ခန်းများနှင့် ပတ်ဝန်းကျင်ကို မညစ်နွမ်းစေမည့် စားသောက်ဆိုင်များ စနစ်တကျအမှိုက်စွန့်ပစ်ခြင်း စသည့် လိုအပ်ချက်များဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းကြောင့် နိုင်ငံ့ဝင်ငွေတိုးတက် သကဲ့သို့ ဒေသခံများလည်း ဝင်ငွေတိုးတက်လာမည်ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်လာကြမည်လည်း ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး မိုးတွင်းကာလဆိုလျှင် တောင်ပေါ် တက်ရောက်နိုင်ရန် လုံခြုံမှုမရှိသည့် အားနည်းချက်များကြောင့် ဖြစ်နေပါကြောင်း၊ ယခုလို သွားရောက်ရန် ခက်ခဲသည့်အတွက်လည်း မသမာသည့် လူများအနေဖြင့် သစ်ခိုးထုတ်မှုများရှိနေပြီး သစ်တောဝန်ထမ်းများ အနေဖြင့် အင်အားမလုံလောက်သည့်အတွက်ကြောင့်၊ ရေနှင့်မော်တော်ဆိုင်ကယ်ကဲ့သို့ အထောက်အကူ မလုံလောက်သည့်အတွက်ကြောင့် အခက်အခဲများစွာ တွေ့ရှိရပါကြောင်း၊ ၁၉၉၇ ခုနှစ် ခန့်က မူလတပ်ဆင်လက်နက် အလက် ၂၀ ကို ပြန်လည်အပ်နှံခဲ့ ရသည့်အတွက် ဝန်ထမ်းပြည်သူ့စစ်များအနေဖြင့် လက်နက်ကိုင်ဆောင်ခွင့်မရတော့တာကြောင့် စွန့်စားသွားရောက် ဖမ်းဆီးရန်အတွက်လည်း ခက်ခဲနေခြင်း ဖြစ်ပါကြောင်း၊
ထို့ကြောင့် သစ်တောဝန်ထမ်းများ ပြည်သူ့စစ်ဖွဲ့များကို လက်နက်များ ပြန်လည်တပ်ဆင်ပေးရန်အတွက် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ဥပမာတစ်ခုအနေဖြင့် တင်ပြရမည်ဆိုပါက ပုလဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပြီးခဲ့သော ဇန်နဝါရီလ ၁၅ ရက်နေ့ကပင် သစ်ကားများ သွားရောက်ဖမ်းဆီးခဲ့သည့် မြို့နယ်သစ်တော ဦးစီးဌာနနှင့် မြို့နယ်ထွေအုပ်ဝန်ထမ်းများကို သစ်ခိုးထုတ်သည့်သူများမှ ဓား၊ လက်နက်ကိုင်ဆောင်ပြီး ရန်ပြုတိုက်ခိုက်ပြီးမှ သက်သေခံမော်တော်ယာဉ်ကို ပြန်လည်လုယူသွားခြင်း ယနေ့အချိန်အထိ ဖမ်းဆီးရမိမှုမရှိဘဲ ပျောက်ဆုံးသည့် ဖြစ်စဉ်ကိုကြည့်မည်ဆိုပါက ယာဉ်၊ လက်နက်မပြည့်စုံဘဲ တာဝန်ထမ်း ဆောင်နေရသည့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် စိတ်ပူပန်စရာများ ရှိနေပါကြောင်း၊ ၂၀၁၆-၂၇ ဘဏ္ဍာနှစ်တွင် အမျိုးသားဥယျာဉ်နှင့် ပတ်ဝန်းကျင်အဆက်ဆက်မြို့နယ်များမှ ၂-၁၁-၂၀၁၆ ရက်နေ့အထိ ကျွန်း၊ ပိတောက်၊ တမ်မလန်းနှင့် သစ်မာတန်ချိန် ၁၀၁၅.၆၉၃၂ သာ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၎င်းကိုကြည့်ချင်းအားဖြင့် တရားဝင်၊ တရားမဝင်ပါ ခုတ်နေသည့်သစ်ထုတ်လုပ်မှု ပမာဏာကို ခန့်မှန်းတွက်ချက်၍ သိရှိနိုင်ပါကြောင်း၊
ယခုဆိုလျှင် ပြည်သူ့အစိုးရသစ်အနေဖြင့် သစ်ထုတ်လုပ်မှုလုပ်ငန်းများကို အကန့်အသတ်နှင့် ထိန်းချုပ်ပြီး သစ်တောများပြန်လည်ထူထောင်နေကြပြီးဖြစ်သော်လည်း တရားမဝင် သစ်ထုတ်လုပ်မှုများမှာ ဆက်လက်တည်ရှိနေပါကြောင်း၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကဲ့သို့ ထိန်းသိမ်းထားသည့်နယ်မြေ၊ တန်ဖိုးရှိလှသည့် သမိုင်းဝင်နယ်မြေတွင် အယုထက်ပိုမိုကောင်းသည့် ဆက်သွယ်ရေးလမ်းကြောင်းများနှင့် အများပြည်သူအချိန်မရွေး သွားလာလည်ပတ်နိုင်သည့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းချက်ဖြင့် ထူထောင်မည်ဆိုပါက တရားမဝင်သစ်ထုတ်လုပ်မှုများကိုပါ ထိန်းချုပ် သွားနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၏ ပြည်နယ်မြေ ဒေသကြီးကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အစီအမံများကို ပွင့်လင်းမြင်သာစွာ သိရှိလိုသည့်အတွက် မေးမြန်းပါသည်။
၁၉၈၀ ခုနှစ် အစောပိုင်းတွင် သစ်တောဦးစီးဌာနများနှင့် UNDP တို့ပူးပေါင်းပြီး သဘာဝဝန်းကျင် ထိန်းသိမ်းရေးနှင့် အမျိုးသားဥယျာဉ်များ စီမံကိန်းကို ဆောင်ရွက်ခဲ့ပြီး သဘာဝနယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းသင့်သည့် နယ်မြေများကို ဖော်ထုတ်မှတ်တမ်းတင်ခဲ့သည့် နေရာတွင် ၁၈၉၈ ခုနှစ် သတ်မှတ်ဖွဲ့စည်းခဲ့သည့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်လည်း အပါအဝင်ဖြစ်ပါကြောင်း၊ ၁၉၉၄ ခုနှစ် ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့သည့် ကမ္ဘာ့လှည့်ခရီးသည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲရေးကော်မတီက အထောက်အကူပြု ဆောင်ရွက်နိုင်ရေးအတွက် သဘာဝအခြေခံခရီးသွား လုပ်ငန်းများကို ၁၂-၇-၁၉၉၆ ရက်နေ့တွင် စတင်ဖော်ဆောင်ပြီး အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အပါအဝင် သဘာဝ အခြေခံခရီးသွားလုပ်ငန်းနေရာ ၁၅ နေရာကိုသတ်မှတ်ပြီး သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ ခရီးသွား လုပ်ငန်းရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်သည့် နေရာတွင် (၁) ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရေး၊ (၂) ခရီးသွားလုပ်ငန်းကြောင့် ဒေသခံပြည်သူ၏ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ သွင်ပြင် လက္ခဏာများကို ထိခိုက်မှုမရှိစေရေး၊ (၃) ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် အချက်သုံးချက်ကို အဓိကထားပြီး ဆောင်ရွက်ရပါကြောင်း၊ အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်ကိုလည်း သဘောဝအခြေခံ ခရီးသွားနယ်မြေလုပ်ငန်းအဖြစ် သတ်မှတ်ပြီး သဘာဝ အခြေပြုအမျိုးသား ဥယျာဉ်အသွင် ပြီပြင်စွာဖြစ်တည်ရေးအတွက် အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ထိန်းသိမ်းရေး လုပ်ငန်းကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ တင်ပြရမည်ဆိုလျှင် David Shepherd Wildlife Foundation နှင့် FREDA ဖွဲ့ခြင်း၊ နောက်တစ်ခါ FREDA အဖွဲ့ဖြင့် WCS အဖွဲ့များကနေပြီး နောက်တစ်ခါက( ASEAN Centre For Biodiversity-ACB) အစရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဥယျာဉ်ကို ချဉ်းကပ်လမ်းများနှင့် ဥယျာဉ်အတွင်းကို သွားသည့်လမ်းများဖြစ်သည့် ယင်းမာပင်ကပိုင်လမ်း၊ ကပိုင်-သပိတ်ဆေး တောင်ဆင်းဆောင် တက်လမ်းနှင့် တရော်ကျင်း-ကပိုင် မြေပြန့်လမ်းများကို နှစ်စဉ်ပြုပြင်ပြီး ထိန်းသိမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တက်နိုင်သမျှ ပျက်စီးမှုအနည်းဆုံးဖြစ်ရန်အတွက် လမ်းများကို ပြုပြင်ရန်ဖြစ်သည့်အတွက်ကြောင့် ခရီးသွားရာသီမှသာ သွားလာနိုင်သည့်လမ်းများအဖြစ် ပြုပြင်နိုင်သည့် အနေအထားလည်း ရှိပါကြောင်း၊ ရာသီမရွေးသွားလာနိုင်သော အဆင့်မြင့်လမ်းများအဖြစ် အဆင့်မြင့်တင်ရန်အတွက် ဥယျာဉ်၏အလားအလာကို လေ့လာသုံးသပ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီနှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၏ ဇီဝမျိုးစုံမျိုးကွဲများသည် ၎င်းတို့၏ဂေဟစနစ်များကို ရေရှည်ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် ဥယျာဉ်ဘေးမဲ့တော ဧရိယာကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ကာကွယ်ထားပြီး သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဘေးမဲ့တောအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သစ်တောဌာနတို့ ပူးပေါင်းအင်အားဖြင့် ကင်းလှည့်ထိန်းသိမ်းခြင်းများကိုလည်း လစဉ်စီမံချက်ရေးဆွဲပြီး ဆောင်ရွက်ရန်ရှိပါကြောင်း၊ သစ်တောမူဝါဒမှာပါရှိသည့်အတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် ဒေသခံပြည်သူလူထု၏ အသိနှင့်ယှဉ်၍ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသည့်အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးဟောပြောပွဲ၊ ဆွေးနွေးပွဲများကိုလည်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အနီး ရွာများတွင် လစဉ်ကျင်းပလျက်ရှိပါကြောင်း၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အပါအဝင် နယ်မြေ ၃၉ ဦးတွင် ဂေဟစနစ်ပြန်လည်ကောင်းမွန်လာရေး၊ ဂေဟစနစ်ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ရရှိပြီး ဒေသခံများလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တောရိုင်းတိရစ္ဆာန်များ ပြန်လည်ကျက်စားလာရေး၊ ထိန်းသိမ်းရေးဆိုင်ရာ သိမြင်နိုးကြားမှုမြင့်တင်ရေး၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုနှင့် ထိန်းသိမ်းကာကွယ်မှု မြင့်တင်ရေးနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း အခွင့်အလမ်းများကို လေ့လာဖော်ထုတ်အသုံးချရေးအတွက် နေရင်းဒေသပြန်လည်တည်ထောင်ရေးစီမံချက် (Habitat Restoration Programme) ကို ၂၀၁၇-၁၈ မှ ၂၀၂၆-၂၀၂၇ (၁၀) နှစ် စီမံကိန်းကို ရေးဆွဲလျက်ရှိပါကြောင်း၊ ယခုစီမံချက်ထဲတွင် နယ်မြေဇုံသတ်မှတ်ခြင်း၊ လုံးဝထိန်းသိမ်းကာကွယ်မည့် (Core Zone) ပတ်ဝန်းကျင်ရှိ ကြိုးဝိုင်းဧရိယာများနှင့် ဆက်စပ်ပြီး ကြားခံနယ်မြေဇုံ၊ ဖွံ့ဖြိုးရေးဇုံ၊ ဘာသာရေးနယ်မြေဇုံ၊ ဆင်စခန်းဇုံအစရှိသည်များပါပါကြောင်း၊
ဝန်ထမ်းအင်အားများကိုလည်း ဖွဲ့စည်းပုံအတိုင်း ဖြည့်တင်းပေးခြင်း၊ အခြေခံ လိုအပ်သည့်အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ဥယျာဉ်အတွင်းမှာရှိသည့် အပင်မျိုးစိတ်၊ တိရစ္ဆာန်မျိုးစိတ်နှင့် ဂေဟစနစ်တို့ကို ကွင်းဆင်းစာရင်း ကောက်ယူ၍ သုသေတနပြုလုပ်ခြင်း၊ လိုအပ်သည့်သဘာဝအပင်နှင့် တိရစ္ဆာန်များစားသုံးသည့်အပင်များ ပြန်လည် စိုက်ပျိုးခြင်း၊ ဆားကျင်းများကို ပြန်လည်ဖြည့်တင်းပေးခြင်း၊ ဒေသမျိုးရင်းများ စိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥယျာဉ်၏ ကြားခံနယ်မြေဖြစ်သည့် ပတ်ဝန်းကျင်ဒေသတွင်ရှိသည့် ပြည်သူများနှင့် ပူးပေါင်းပြီး သဘာဝတောထိန်းသိမ်းခြင်းကို အခြေခံသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ခြင်း လုပ်ငန်းများကိုလည်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ် ရေရှည်တည်တံ့နိုင်ရန် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစေရန်အတွက် ဒေသခံပြည်သူများ၏ လူမှုစနစ်များဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
