(က)-မြစ်သား မြို့နယ်ရှိ ကူမဲတိုက်နယ် ၁၆ ခုတင် ဆံ့ဆေးရုံအား ၂၅ ခုတင်ဆံ့ စံကိုက် ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၅.၁၂.၂၀၁၆)

ဒေါက်တာဦးလင်းလင်းကျော် (မြစ်သား)ကူမဲမြို့အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနတွင် ရွာနာမည်သာပေါက်သော်လည်း အိမ်ထောင်စု ၂၂၃၁ စု၊ လူဦးရေ ၁၂၀၀၀ ခန့် နေထိုင်သော မြို့နီးနီးကြီးသည့် ရွာကြီးတစ်ရွာဖြစ်ပါကြောင်း၊ ကူမဲတွင် ကူမဲတိုက်နယ်အပြင် မြစ်သားမြို့ တခြားတိုက်နယ်ကလူများပါ ကူမဲသို့ လာရောက် ရောင်းဝယ်ဖောက်ကားကြပါကြောင်း၊ ကူမဲဆေးရုံသို့ ကူမဲတိုက်နယ်ရှိ ရွာပေါင်း ၃၄ ရွာ၊ ရခိုင်ကြီးတိုက်နယ်က ရွာပေါင်း ၁၇ ရွာ၊ မိုင်းမောက ရွာပေါင်း ၂၄ ရွာ၊ မြစ်သား၏ တခြားတိုက်နယ်က ၃၄ ရွာအပါအဝင် ရှမ်းပြည်နယ်၊ ရွာငံက ရွာသုံးရွာ၊  ဝမ်းတွင်းရှိ ရွာပေါင်း ၂၈ ရွာ စုစုပေါင်း ရွာပေါင်း ၁၄၀ ခန့်က လူနာများ လာပြကြပါကြောင်း၊ ဆေးရုံညွှန်းကိန်းများလည်း အလွန်ကောင်းမွန်သည့် အပြင် ပြင်ပလူနာဦးရေက ၅၀၀၀ ကျော်၊ အတွင်းလူနာဦးရေ ၂၇၀၀ ကျော်တက်ရောက်လျက်ရှိပြီး မွေးလူနာဦးရေက ၂၀၁၅ တွင် ၅၄၁ တက်ရောက်အထိ တိုးလာသည့်ပြင် တစ်ရက်လျှင် ပျမ်းမျှပြင်ပလူနာ ၂၂.၆ ယောက်နှင့် တစ်ရက်လျှင် ဆေးရုံ တက်လူနာ ၃၀ ခန့် တက်ရောက်ပါကြောင်းနှင့် ပျမ်းမျှလူနာနေရက်က ၃.၉ ရက်သာရှိပါကြောင်း၊

အဆိုပါဆေးရုံ၏ ခုတင်လွှမ်းခြုံမှုကို တွက်ချက်ရာတွင် ၁၈၂.၃ ရာခိုင်နှုန်းသာရှိသည့်အတွက် Upgrade လုပ်ရန်အတွက်ကောင်းမွန်သော Indicator များဖြစ်ပါကြောင်း၊

မည်သည့်ကျန်းမာရေးစောင်‌့ရှောက်မှုစနစ်တွင်မဆို အရေးကြီးသည်မှာ အခြေခံကျသော Primary Setterများဖြစ်ပါကြောင်း၊ ကူမဲက လူနာမဆံ့၍ လွှဲပြောင်းမည်ဆိုပါက မြစ်သားသို့ သွားရောက်ခြင်း မရှိဘဲ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သော ကျောက်ဆည်ဆေးရုံ၊ မန္တလေးဆေးရုံကြီးတို့ကို သွားရောက်ပြသကြသည့်အတွက်  Secondary၊  Tarchi Hospital ကြီးများတွင် လူနာပြည့် ကြပ်မှုများ   လူနာပြည့်ကြပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ကူမဲဆေးရုံကို Upgrade လုပ်ပေးမည် ဆိုပါက လူနာများအတွက်သာမက နိုင်ငံတော်နှင့် ကျန်းမာရေးစောင်‌့ရှောက်သော ကျန်းမာရေးဝန်ထမ်းများအတွက်ပါ အကျိုးရှိမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် ပြင်ပလူနာများနှင့် အတွင်းလူနာလာရောက်မှု အဆမတန် များပြားနေသော မြစ်သားမြို့နယ်ရှိ ကူမဲတိုက်နယ် ၁၆ ခုတင်ဆံ့ဆေးရုံအား ၂၅ ခုတင်ဆံ့ စံကိုက်ဆေးရုံ အဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေး မည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် လူဦးရေ နှစ်သိန်းနီးပါးရှိပြီး ကျန်းမာ ရေး စောင့်ရှောက်မှုအားဖြင့် ခုတင် ၅၀ ဆံ့ပြည်သူ့ဆေးရုံတစ်ရုံနှင့် တိုက်နယ် ဆေးရုံးလေးရုံ စုစုပေါင်း ငါးရုံ၊ မိခင်နှင့် ကလေးကျန်းမာရေးကုသမှုတစ်ခု၊ ကျေးလက်ကျန်းမာရေး ဌာန(Royal Health Center) ခုနစ်ခု၊ Sub Center ဌာနခွဲ ၃၆ ခုနှင့် ကျန်းမာရေးမှူးငါးဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ ရှစ်ဦး၊ ကြီးကြပ်ရေးမှူးတစ်ဦး၊ သားဖွားဆရာမ ၅၇ ဦး၊ ကြီးကြပ်ရေး(၂) ၄၁ ဦးဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ အဆိုပါဆေးရုံ၏ Hospital Preferment indicator သည် လွှတ်တော်ကိုယ်စားလှယ်တင်ပြသည့်အတိုင်း မှန်ကန်ပါကြောင်း၊  အဆိုပါဆေးရုံအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဖွဲ့စည်းပုံတင်ပြီး ၂၀၁၇-၂၀၁၈ အတွင်း လိုအပ်သည်များ ဆက်လက်ဆောင်ရွက်၍ ဘတ်ဂျတ်ပါ တစ်ပါတည်းချပေးပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဆေးရုံကို ကူမဲမြို့နယ်နှင့် အနီးပတ်ဝန်းကျင်က အတော်ပင်အားကိုးရသည်ဆိုသည်ကို တွေ့ရှိရပါကြောင်း၊ ခုတင်တိုးပေးရန်နှင့် စပ်လျဉ်း၍လည်း အဖက်ဖက်က စဉ်းစားပြီး ဆောင်ရွက်ပေးရန် ဆုံးဖြတ်ထားပါကြောင်းနှင့် ယခုအချိန်တွင်  လူနာများသည့်အတွက် လိုအပ်သည့်ဆေးနှင့် Equipment များကို ပိုမို ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။