မေးခွန်း အကြောင်းအရာ
ဧရာဝတီမြစ်မကြီးမှ ရေခေါ်မြောင်းများ တည်ဆောက်ခြင်းဖြစ်ပါကြောင်း၊ ရေခေါ်မြောင်းများ တည်ဆောက်ပြီး ရေပေးမြောင်းများ ရေတင်နိုင်ရန်အဆင့်ဆင့်နှင့် နောက်စမ်းသပ် ရေပေးခြင်းအဆင့်ထိ ယနေ့ ၉၀ ရာခိုင်နှုန်းထိရရှိ ပြီးဖြစ်ပါကြောင်း၊ နုံးပို့စီမံကိန်းကို ၂၅-၅-၂၀၀၄ ခုနှစ်မှ စတင်ပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တည်ဆောက်ချိန်ကာလသည် ၁၂ နှစ်ကြာမြင့်ခဲ့ပါပြီး ယခု ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင်လည်း ငွေလုံးငွေရင်းနှင့် ၅၄၆.၅၃၄ သန်း အသုံးပြုပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရန် ပင်မမြောင်းအရှည် ၅.၃၇၉ မိုင်လည်း တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ မြစ်ရေတင်နိုင်ရန်အတွက် လိုအပ် သော ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ၁၅.၂၉ မိုင်ရှိသော ဓာတ်အားလိုင်းများ သွယ်တန်းပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေပေးဝေနိုင်မည်ဆိုလျှင် အောက်ပါကျေးရွာများဖြစ်သည့် ညောင်ပင်ကျေးရွာ၊ သရက်တောကျေးရွာ၊ ဘဲကြီးကျေးရွာ၊ မန်ကျည်းကန်ကျေးရွာနှင့် ရှင်ကန်ကျေးရွာရှိ ရွာမြေဧက ၈၀၀၀ ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ ၂၄-၆-၂၀၁၆ ရက်နေ့တွင် ရေပေး မြောင်း တစ်လျှောက်တွင်ရှိသည့် ဒေသခံတောင်သူ များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ခရိုင်အုပ်ချုပ်ရေး၊ ခရိုင်ရေအရင်းအမြစ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်ပွဲတွင် နုံးပို့လျှပ်စစ်မြစ်ရေတင် စီမံကိန်းကို အောင်မြင်မည်ဟုဒေသခံများက မျှော်လင့်ပြီး မိမိတို့၏ ဘဝများ ပြောင်းလဲသွားမည်ကို ဝမ်းသာနေကြပါကြောင်း၊ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ မျှော်လင့်ချက်အဖြစ် နိုင်ငံတော်မှ ငွေကြေးအကုန်အကျခံထားသည့် နုံးပို့စီမံကိန်းတွင် ကျပ်သန်းပေါင်း ၅၀၅၄.၆၈ နှင့် အမေရိကန်ဒေါ်လာ ဝ.၉၇၅၈ သန်း အကုန်အကျခံပြီး ၁၀ နှစ်ကျော်တည်ဆောက်ခဲ့သည့် နုံးပို့လျှပ်စစ်မြစ်ရေတင် စီမံကိန်းကို လျှပ်စစ်ဓာတ်အားပြည့်မီအောင် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ၆၆ ကေဗွီ နုံးပို့လျှပ်စစ်မြစ်ရေတင် စီမံကိန်းသည် ၁၃၂ ကေဗွီ ဗုဒ္ဓကုန်းပင်မ ဓာတ်အားခွဲရုံမှ ၆၆ ကေဗွီဓာတ်အားလိုင်း ၁၅.၂၈ မိုင်အကွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ထားပြီး Main Transformer ၏ တပ်ဆင်အင်အားမှာ ၇.၅ MVA ရှိပါကြောင်း၊ ၎င်း Main Transformer မှ Distribution Transformer လေးလုံးတပ်ဆင်ပြီး မြစ်ရေတင်လုပ်ငန်းများအတွက် ရေတင်ပန့်များအား ဆက်သွယ်အသုံးပြုရန် တည်ဆောက် တပ်ဆင်ထားပါကြောင်း၊ ဖော်ပြထားသည့် ၆၆ ကေဗွီ နုံးပို့လျှပ်စစ်မြစ်ရေတင် စီမံကိန်းသို့ ၁၃၂ ကေဗွီ ဗုဒ္ဓကုန်းပင်မဓာတ်အားခွဲရုံမှ ၁၂-၁၁-၂၀၁၅ ရက်နေ့မှ စတင်၍ ဓာတ်အား ပို့လွှတ်ပေးခဲ့ပြီး ၃၀-၅-၂၀၁၆ ရက်နေ့နှင့် ၃-၆-၂၀၁၆ ရက်နေ့တို့တွင် အောင်မြင်စွာ စမ်းသပ် မောင်းနှင် နိုင်ခဲ့ပါကြောင်း၊ ယခုလို စမ်းသပ်ရာတွင် နုံးပို့လျှပ်စစ်မြစ်ရေတင် စီမံကိန်း၏ ၆၆ ကေဗွီ ဓာတ်အားလိုင်းတွင် ၆၃.၄ ကီလိုဗို့ရှိခဲ့ပြီး နေ့စဉ် ဗို့အားအခြေအနေများအရ ဗို့အားအနည်းဆုံး အချိန်တွင် ၆၂.၃၃ ကီလိုဗို့ရှိပြီး ဗို့အားအများဆုံးအချိန်တွင် ၆၇.၂၁ ကီလိုဗို့ရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊
ထို့ကြာင့် နုံးပို့လျှပ်စစ်မြစ်ရေတင်စီမံကိန်းကို ၃၁-၅-၂၀၁၆ ရက်နေ့မှစ၍ စတင်စမ်းသပ် မောင်းနှင်လျက်ရှိပါကြောင်း၊ သုံးစွဲမည့် ရေမော်တာများအတွက် ထရန်စဖော်မာအင်အား လုံလောက်စွာ တပ်ဆင်ထားသည်ကို တွေ့ရှိရပါကြောင်း၊ သုံးစွဲမည့်ဗို့အားအနေဖြင့်လည်း လက်ရှိတွင် ကောင်းမွန်စွာ အသုံးပြုနိုင်သည့် သတ်မှတ်ချက်အတွင်း ရှိနေပါကြောင်း၊ နုံးပို့လျှပ်စစ်မြစ်ရေတင် စီမံကိန်းအင်အားပြည့် လည်ပတ်မောင်းနှင်ချိန်တွင် လိုအပ်ချက်များ ပေါ်ပေါက်လာပါကလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
