(င)-မြဝတီမြို့နယ်၊ထီးချားရားဒေသတွင်ရေနံစမ်း သပ်ရှာဖွေတူးဖော်ခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့(၂၅. ၇.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

sein boကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထီးချားရားဒေသတွင် အင်္ဂလိပ်ခေတ်ကပင် ရေနံစမ်းသပ် တူးဖော်ခဲ့ သည်ကို သိရှိရပါကြောင်း၊  ယခုအခါ ၂၀၁၂ ခုနှစ်ကစတင်၍ ထီးချားရာဒေသတွင် ရေနံစမ်းသပ် ရှာဖွေ တူးဖော်နေသည်ကို သိရှိရပါကြောင်း၊ အဆိုပါရေနံတူးဖော်မှုကို အကြောင်း ပြုပြီး မိမိတို့၏ လယ်ယာ၊ ခြံမြေများကို သိမ်းဆည်းမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိပြီး ထီးချားရားဒေသရှိ ကျေးရွာ ၁၇ ရွာက ပြည်သူလူထု ၄၀၀၀ ကျော်သည် ရေနံစမ်းသပ်တူးဖော် ရှာဖွေမှုကို လက်မှတ်ရေးထိုး ကန့်ကွက်ခြင်း၊ Vinyl ပိုစတာစိုက်ထူကန့်ကွက်မှုများ ပြုလုပ်ခြင်း များကို တွေ့ရှိရပါကြောင်း၊  ထို့ကြောင့် (က) ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထီးချားရားဒေသတွင် ရေနံစမ်းသပ်ရှာဖွေတူးဖော်ခွင့်ကို မည်သည့် ကုမ္ပဏီအား ဆောင်ရွက်ခွင့်ပြုထားသည်၊ မည်သည့်အချိန်ကာလအထိ သတ်မှတ်ခွင့်ပြုထားသည်၊ (ခ) နှစ်ဦးနှစ်ဖက် သဘောတူညီချက် များကိုဒေသခံ ပြည်သူများသိရှိစေရန် ဖော်ပြပေးပါရန်နှင့်(ဂ) ထီးချားရားဒေသ စီးပွားဖြစ်ရေနံ ထုတ်လုပ် နိုင်မှုအခြေအနေကို သမိုင်းဖြစ်စဉ် အကျဉ်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

      pe zin tun    မြဝတီမြို့နယ်၊ ထီးချားရားဒေသ MOGE အနေဖြင့် (PSC-R) ဟု သတ်မှတ်ထား ပါတယ်။ (PSC-R) လုပ်ကွက်မှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ခြင်းလုပ်ငန်းများကို အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန်အတွက် ဤဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် Synergy National Oil and Gas(SNOG Pte. Ltd) ကုမ္ပဏီတို့သည် ထုပ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် Production Sharing Contract(PSC) စာချုပ်ကို ၁၈-၁-၂၀၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါကြောင်း၊  ယင်းဒေသအတွင်း စီးပွားဖြစ်ရေနံ ထုတ်လုပ်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့(GIS)မှ ၁၉၂၁ ခုနှစ်တွင် ထီးချားရား ဒေသ၊ မဲ့ပလဲချိုင့်ဝှမ်း၌ ဘူမိဗေဒလေ့လာမှုများကို လည်းကောင်း၊ Moller ကုမ္ပဏီမှ ၁၉၂၂ ခုနှစ်မှ ၁၉၂၄ ခုနှစ်အထိ လွန်တွင်း(၃၆)တွင်း စမ်းသပ် တူးဖော်ခြင်းကိုလည်းကောင်း၊ Martin Davies ကုမ္ပဏီမှ ၁၉၂၆ ခုနှစ်တွင် စမ်းသပ်လုပ်ဆောင်မှုများ ပြုလုပ်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် ဆက်လက်လုပ်ဆောင် နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ထို့နောက် မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း ကိုယ်တိုင်ပင် ၁၉၉၃ ခုနှစ်တွင် မြေပေါ်ဘူမိဗေဒ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊

အဆိုပါ လုပ်ကွက်အတွင်း ရေနံ နှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုပ်လုပ်ခွင့် ရရှိသော SNOG Pte.Ltd မှ ၁၈-၄-၂၀၁၁ ရက်နေ့မှ စတင်စမ်းသပ်ရှာဖွေတူးဖော်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်အထိ ရှာဖွေရေးတွင်း ၂၄ တွင်း(စုစုပေါင်းအနက် ၂၆၀၈ မီတာ)ကိုလည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ရေနံ ကြွယ်ယှေလကျောက် (Oil Shale)ဖြစ်တည်မှုကို မြေအောက်တွင် သိရှိနိုင်ရန်အတွက် Electro- magnetic Sounding အနက် ၁၇၀၀ မီတာထိလည်းကောင်း၊ ၂၀၁၄ ခုနှစ်မှာ Electromagnetic Sounding ရယူခဲ့သည့်နေရာတွင် ရှာဖွေရေးတွင်း ၁၁ တွင်း(စုစုပေါင်းအနက် ၃၁၂၅.၀၅ မီတာ)ကိုလည်းကောင်း ဆောင်ရွက်ခဲ့ပါကြောင်း၊

နိုင်ငံတော်မှချမှတ်ထားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွား ကဏ္ဍ ဆိုင်ရာ မူဝါဒများအရ ဤဝန်ကြီးဌာနမှ လက်ရှိမြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုး တူပူးပေါင်းဆောင်ရွက်လျက်ရှိသော SNOG Ptd.Ltd အပါအဝင် အခြားကုမ္ပဏီများကို အကြောင်းကြား ခဲ့ပါသဖြင့် EIA/SIA site survey လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးတော့ သက်ဆိုင်ရာဌာန များသို့ အစီရင် ခံစာတင်ပြနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 ၂၀၁၆ ခုနှစ်တွင် ယခင် တူးဖော်သော နေရာများအတွက် စုစုပေါင်းတွင်း ၂၀ ကို တူးဖော်ပြီး၊ Wire Line Logging ရယူခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လက်ရှိစမ်းသပ်မှုအရ Average oil shale content (4.58%), Low density/Low viscosity, High proportion of light oil, High heat value ဖြစ်ကြောင်းတွေ့ရှိရပြီး ထီးချားရားဒေသတွင် ရေနံထုပ်လုပ်မှုမရှိသေးဘဲ စမ်းသပ်တူးဖော်သည့် အဆင့်သာလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

အဆိုပါ ဒေသတွင် ရေနံရှာဖွေခြင်းသည် Oil Shale ဟုခေါ်သည့် ကြွေယှေလကျောက်ကို တူးဖော်ပြီး အဆိုပါကျောက်တွင်ပါဝင်သော ရေနံစိမ်းကို နည်းစဉ်များဖြင့် Process၊ Comical Process ဖြင့် ထုတ်လုပ်ရသည့် နည်းစဉ်ဖြစ်ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေစမ်းသပ် တူးဖော်မှု လုပ်ငန်းများ ဆောင်ရွက်ရာမှာ သွားလာမှုခက်ခဲခြင်း၊ ပွင့်လင်းရာသီတို့မှာ လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းတို့  ကြွယ်ယှေလကျောက် (Oil Shale)မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ စမ်းသပ် တူးဖော်ခြင်းလုပ်ငန်းမှာ လက်ရှိဆောင်ရွက်နေသည့် မြေအောက်ဘူမိအနေအထားအရ ရေနံနှင့်သဘာဝဓာတ်ငွေ့ခိုအောင်းနိုင်သည့် နေရာကို စမ်းသပ်ရှာဖွေသည့် နည်းလမ်းမဟုတ်ဘဲ ယှေလကျောက်(Oil Shale) အတွင်း ခိုအောင်းနေသည့် ရေနံကို ရှာဖွေခြင်းဖြစ်သည့်အတွက် နည်းပညာမြင့်မားရန်လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပိုမိုများပြားခြင်း၊ လုပ်ငန်းသဘော သဘာဝ အရ ရှာဖွေစမ်းသပ်မှုကာလ ကြာမြင့်နိုင်ခြင်းတို့ကြောင့် ရှာဖွေရေး သက်တမ်း (Exploration Period)ကို ငါးနှစ်သက်တမ်းထပ်မံတိုးပေးခဲ့ရာ အဆိုပါ ကုမ္ပဏီအနေဖြင့် စမ်းသပ်ရှာဖွေ တူးဖော်မှုလုပ်ငန်းများ ၂၀၁၉ ခုနှစ်အထိ လုပ်ငန်းဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် သက်ဆိုင်ရာကုမ္ပဏီတို့ သဘောတူချုပ်ဆို ထားသည့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ်ပါ အချက်အလက်များကို ပြည်သူများသိရှိနိုင် စေရန် အခါ အားလျော်စွာ ထုတ်ပြန်ပေးလျက်ရှိသော်လည်း အချို့သောအချက်အလက်များသည် PSC စာချုပ်ပါ စာပိုဒ် ၂၇.၅ (Secrecy) အရ စာချုပ်သက်ဝင်နေသောကာလအတွင်း ထုတ်ပြန် ပေးနိုင်ခြင်းမရှိပါကြောင်း၊ SNOG Pte.Ltd ကုမ္ပဏီအနေဖြင့် ၎င်းတို့လုပ်ငန်းဆောင်ရွက်ရာဒေသရှိ ပြည်သူများ၏ လူမှုစီးပွား ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကျောက်စက်ကျေးရွာ၊ ရွှေကုက္ကိုမြိုင်၊ အခြေခံ ပညာမူလတန်းကျောင်းဆောင် ဆောက်လုပ် ပေးခြင်း၊ ချစ်လင်းဝင်းတံတားနှင့် ချစ်ဥယာဉ်တံတား ဆောက်လုပ်ပေးခြင်း၊ ထီးချားရားကျေးရွာ ဆေးခန်းပြုပြင်ပေးခြင်း၊ ရွှေကုက္ကိုသွားသည့်လမ်းမကြီးအား ပြုပြင်ပေးခြင်းနှင့် စက်ရေတွင်းများ တူးဖော်ပေးခြင်းအစရှိသည့် လုပ်ငန်း များအား စုစုပေါင်းငွေကျပ်တန်ဖိုး ၁၄၄၈၀၀၀၀၀(တစ်ရာ့ လေးဆယ့်လေးသန်းရှစ်သိန်းတိတိ)ခန့် ကုန်ကျခံ၍ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည့်နည်းတူ ယခုနှစ်အတွင်းတွင် အဆိုပါဒေသ ပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများ ပြုပြင်ပေးခြင်း နှင့် စက်ရေတွင်းတူးခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက် ပြန်လည်ဖြေကြားပါသည်။