မေးခွန်း အကြောင်းအရာ
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရှိ ရွှေကျင်ချောင်းသည် ချောင်းများအထိ မိုင် ၂၀ ခန့် ရှည်လျား ပြီး ချောင်းကမ်းနဖူး မြေပြန့်လွင်ပြင်များတွင် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ရှောက်၊ ကျွဲကော၊ သံပုရာ၊ ဒူးရင်း၊ ဒညင်းနှင့် အခြားသီးပင်များ စိုက်ပျိုးသည့် ခြံမြေများ၊လယ်ယာ များ နှင့် ပြည့်နှက်လျက်ရှိပါကြောင်း၊ ရွှေကျင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် အတွက် အလျား ၃၆၀၀ ပေ၊ အမြင့် ၁၈၅ ပေ ရှိသည့် ရေကာတာမှ ရွှေကျင်ချောင်းကို တမံအုပ်ပြီး တည်ဆောင်ခဲ့ပါကြောင်း၊ တမံ၏ ကန်ရေပြည့်ရေလှောင်ပမာဏမှာ ၁၆၈၅၀၀၀ ဧကပေဖြစ်ပြီး ကန်ရေပြည့် ဧရိယာအကျယ်မှာ ၄၄၄ ဧရိယာစတုရန်းမိုင်ဖြစ်ပါကြောင်း၊ ယင်းသို့ ရေကာတာကြီး တည်ဆောက်လိုက်သည့်အတွက် ကန်ရေပြည့်ဧရိယာအတွင်း ကျရောက်သည့် တမံအထက်ပိုင်းရှိ ဒေသခံများ၏ ဥယျာဉ်/ခြံစိုက်ခင်း၊ လယ်၊ ကိုင်း၊ တောင်ယာများနှင့် ကျေးရွာများ ပျက်စီးနစ်မြုပ်ခဲ့ရပါကြောင်း၊ ထို့အပြင် တမံအူကြောင်းနှင့် ယင်းအောက်ဘက်ခြမ်းတွင်ရှိသည့် ဥယျာဉ်/ခြံ/မြေ/ လယ်ယာကိုင်းမြေတို့မှာလည်း စက်ရုံ၊ ရုံးအဆောက်အအုံ၊ ဝန်ထမ်းတန်းလျား ဆောက်လုပ်ခြင်းနှင့် လမ်းဖောက်လုပ်ခြင်းများအတွက် သိမ်းဆည်းခြင်းခံခဲ့ရပါကြောင်း၊ သို့ဖြစ်ရာ မိမိတို့ ခြံမြေများ ပျက်စီးနစ်မြုပ်သိမ်းဆည်းခံရသည့်အတွက် တိုင်းရင်းသားပြည်သူတို့မှာ ကြီးစွာသော ဒုက္ခများခံစားခဲ့ရပါကြောင်း၊ ယခုကဲ့သို့ နစ်နာဆုံးရှုံးခဲ့သည့်အတွက် အချို့မှာ သေဆုံးသည်အထိ ခံစားခဲ့ရပြီး တချို့မှာ ရရာအလုပ်ကို လုပ်ကိုင်ရပါကြောင်း၊ တချို့က မိမိတို့၏ သား/သမီးများသည် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရသည့် အနေအထားမျိုးရှိခဲ့ပါကြောင်း၊ ဒေသခံများအနေဖြင့် အဆိုပါ နစ်နာမှုများအတွက် သက်ဆိုင်ရာများကို အကြိမ်ကြိမ်တောင်းဆို တင်ပြခဲ့သည့်အတွက် ၆-၂-၂၀၁၄ ရက်နေ့နှင့် ၁၄-၈-၂၀၁၅ ရက်နေ့တွင် နစ်နာသူများမှ ဦးဆောင်ပြီး တိုင်ကြားခဲ့သည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ မိမိတို့ကို စီမံဆောင်ရွက်ပေးခဲ့ခြင်းမျိုး မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ ရွှေကျင်ရေအားလျှပ်စစ် ရေကာတာ ဆောက်လုပ်ရာတွင် ဥယျာဉ်/ခြံမြေ/လယ်ယာကိုင်းများ နစ်မြုပ်သိမ်းဆည်းခံရသည့် ဒေသခံပြည်သူများ၏ နစ်နာချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရွှေကျင်ရေအား လျှပ်စစ်စီမံကိန်းကို လွန်ခဲ့သည့် ၁၅ နှစ်က ၂၀၀၀-၂၀၀၁ ခုနှစ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဓာတ်အားပေးစက်ရုံကို ၂၂-၁၀-၂၀၀၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းမှ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပြီး ဓာတ်အားကွန်ယက်စနစ်ကို ပို့လွှတ်ပေးလျက်ရှိပါကြောင်း၊ စီမံကိန်းတည်ဆောက်စဉ် ရေဝပ်ဧရိယာ အတွင်း ကျရောက်ခဲ့သည့် ဓနိဖား၊ အောက်မဲဇောင်း၊ ကျောက်နဂါးရွာ သုံးရွာနှင့် ဥယျာဉ်/ခြံ/မြေ/ လယ်ယာကိုင်းများကို စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့်အတွက် ရွှေကျင်စက်ရုံ၏ အောက်ဘက် ကံဘေးအိုင်ကျေးရွာအုပ်စု တစ်ဖက်ကမ်းတွင် သက်ဆိုင်ရာဒေသ အာဏာပိုင်တို့၏ ကြပ်မတ်ကွပ်ကဲမှုနှင့် ရွှေ့ပြောင်းနေရာချထားပေးခဲ့ပါကြောင်း၊ ယခုကဲ့သို့ ရွှေ့ပြောင်းခဲ့ရာတွင် ဆုံးရှုံးသွားသည့် ဥယျာဉ်/ခြံ/မြေ/ လယ်ယာကိုင်းများ၏ စာရင်းမှတ်တမ်းများကို နစ်နာကြေးငွေ ပေးအပ်ခဲ့ခြင်း၊ မြေယာဖော်ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသည့် မှတ်တမ်းအထောက်အထားများ မရှိကြောင်းကို တွေ့ရှိရပါကြောင်း၊ ရွှေကျင်ရေအား လျှပ်စစ်စီမံကိန်းကြောင့် ဥယျာဉ်/ခြံ/မြေ/ လယ်ယာကိုင်းများ၏ ရေနစ်မြုပ်ပျက်စီး ဆုံးရှုံးမှုများအတွက် ရွှေကျင်မြို့နယ် ဝင်းခနိမ်စံပြကျေးရွာနေ ဦးချိုဝင်း ဦးဆောင်သည့် အဖွဲ့မှ ၂၇-၉-၂၀၁၂ ရက်နေ့တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌ၊ သိမ်းဆည်းခံမြေစုံစမ်းရေး ကော်မရှင်၊ ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်သို့ တင်ပြတိုင်ကြားခဲ့ကြောင်း၊ ဦးချိုဝင်း ဦးဆောင်သည့်အဖွဲ့မှ ၂၉-၆-၂၀၁၅ ရက်နေ့ ရက်စွဲပါစာဖြင့် ဥယျာဉ်/ခြံ/မြေ/လယ်ယာကိုင်းများနှင့် ကျေးရွာနှစ်ရွာနှင့် ဘုန်းတော်ကြီးကျောင်း သုံးကျောင်းတို့၏ နစ်နာမှုအပေါ် လျော်ကြေး၊ နစ်နာကြေးရရှိနိုင်ပါရန် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူအခွင့်အရေး ကော်မရှင်သို့လည်း ထပ်မံတိုင်ကြားခဲ့ပါကြောင်း သိရှိရပါသည်။ တိုင်ကြားစာပါ စာရင်းဇယားများအရ အောက်မဲဇောင်းကျေးရွာတွင် အိမ်ထောင်စု ၅၉ စုနှင့် လူဦးရေ ၂၅၁ ဦး၊ ကျောက်နဂါးကျေးရွာတွင် အိမ်ထောင်စု ၆၀ စုနှင့် လူဦးရေ ၁၇၁ ဦး၊ ရေနစ်မြုပ်ခံ လယ်သမားနှင့် ရှောက်ခြံသမားဦးရေ ၃၇၈ ဦးနှင့် ဆုံးရှုံးဧက စုစုပေါင်း ၂၄၈၂ ဧက ဖြစ်ပါကြောင်း သိရှိရပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၏ ကြယ်ပွင့်ပြမေးခွန်းအရ ဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ကို ၆-၇-၂၀၁၆ မှ ၁၅-၇-၂၀၁၆ ရက်နေ့အထိ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ(KNU) နှင့် ဦးဆောင်တိုင်ကြားသူ ဝင်းခနိမ်စံပြကျေးရွာ၊ ရွှေကျင်မြို့နယ်နေ ဦးချိုဝင်းပါ ၈ ဦးတို့နှင့် ရွှေကျင်မြို့တွင် တွေ့ဆုံ၍ ဥယျာဉ်/ခြံ/မြေ/လယ်ယာကိုင်းများ နစ်မြုပ်သိမ်းဆည်းခံရသည့် အခြေအနေများကို စုံစမ်းစစ်ဆေးခဲ့ပါကြောင်း၊ စစ်ဆေးရေးအဖွဲ့မှ မူလတိုင်ကြားစာပါ စာရင်းဇယားနှင့် KNU အဖွဲ့အစည်း၏ စာရင်းဇယားများကို တိုက်ဆိုင်စစ်ဆေးခဲ့ရာတွင် အချက်အလက်များ ကွဲလွဲမှုရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပြောင်းရွှေ့ခဲ့သည့် ကျေးရွာများအတွက် နစ်နာမှုကို ပြန်လည်ဖြည့်ဆည်းပေးရန် ယခုအစိုးရသစ် လက်ထက်တွင် မိမိတို့မှတာဝန်ယူပြီး ပြန်လည်ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း နစ်နာမှုကို ပြန်လည်ဖြည့်ဆည်းပေးမည် ဆိုပါက ပေးလျော်ရမည့်နှုန်းထား၊ စာရင်းဇယား အချက်အလက်များအား အမှန်ကန်ဆုံး စိစစ်အတည်ပြုနိုင်ရေးအတွက် ဌာနဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တောဦးစီးဌာနစသည့် ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူ/သားများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးတို့ပါ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနအနေဖြင့် ရွှေကျင်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများ အားလုံးပြီးစီးပြီး စက်ရုံလည်ပတ်နေသည်မှာ ငါးနှစ်ခန့် ရှိပြီဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိ ကျောက်နဂါးရွာနှင့် အောက်မဲဇောင်းကျေးရွာများရှိ ပြည်သူများ လျှပ်စစ်မီးရရှိရေးအတွက် 100 KV Transformer, 11 KV Line, 400 V Line များသွယ်တန်းပြီး လျှပ်စစ်မီးရရှိရေးကို ဝန်ကြီးဌာန အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ ကျောက်နဂါးကျေးရွာတွင် အိမ်သုံးမီတာ ၁၄ လုံး နှင့် အောက်မဲဇောင်းကျေးရွာတွင် ၂၀ လုံး တပ်ဆင်အသုံးပြုလျက်ရှိပါကြောင်း၊ ထို့ကြောင့် ရွှေကျင်ရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ရာတွင် ဥယျာဉ်/ခြံ/မြေ/ လယ်ယာကိုင်းများ နစ်မြုပ် သိမ်းဆည်းခံရသည့် ဒေသခံပြည်သူများ၏ နစ်နာချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် တိကျမှန်ကန်သည့် စာရင်းဇယားများ ရရှိရေးအတွက်ဆောင်ရွက်ပြီး နိုင်ငံတော်ကို ဘက်ဂျက်တင်ပြ တောင်းခံ၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးစောသလေးစော(ရွှေကျင်မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုဝန်ကြီးအနေဖြင့် အစိုးရသစ်လက်ထက်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် ဆောင်ရွက်ပေးသွားမည်ကို ကြားသိရသည့်အတွက် ဝမ်းသာပါကြောင်း၊ မိမိ ဆက်စပ်မေးခွန်း မေးလိုသည်မှာ အချိန်အတိုင်းအတာအရ မည်သည့်ကာလကမှစ၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး စာရင်းဇယားများ အတိအကျရခဲ့မည် ဆိုပါက မည်သည့်ပုံစံမျိုးဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည်နည်း။ ဥပမာအားဖြင့် ငွေကြေးဖြင့်ဖြေရှင်းပေးမည်လား၊ သို့တည်းမဟုတ် ခြံမြေအစားထိုးပေးခြင်းဖြင့်ဖြေရှင်းပေးမည်လား ဆိုသည်ကို တိတိကျကျ သိချင်သည့်အတွက် ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
မိမိတို့ ပထမရရှိသည့် စာရင်းဇယားအရ အိမ်ထောင်စုအရေအတွက်သည် ၁၁၉ ဦးဖြစ်ပါကြောင်း၊ ၎င်း ၁၁၉ ဦး၏ နေရာဒေသတွင် လုပ်ကိုင်နေသည့် ရင်းနှီးလုပ်ကိုင်လယ်သမားနှင့် ရှောက်ခြံသမား စုစုပေါင်း ၃၇၈ ဦးရှိပါကြောင်း၊ ဆုံးရှုံးသည့်မြေဧက ၂၄၈၂ ဧကဖြစ်ပါကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လေ့လာတွေ့ရှိချက်အရ ၎င်းကျေးရွာတွင်နေထိုင်ကြသူများ၊ လယ်ယာ/ဥယျာဉ်စိုက်ပျိုးသည့် လူများလည်း ရှိသလို မိမိတို့၏ပတ်ဝန်းကျင်ကို အဝေးမှလာရောက် ခြံမြေလုပ်သည့် လူများလည်းရှိပါကြောင်း၊ နောက်ပိုင်းထပ်မံတင်ပြသည့် စာရင်းဇယားများအရကြည့်လျှင် လက်မှတ်ရေးထိုးထားသည့် လူများသည် ရွှေကျင်မြို့နယ်မှ လူတွေများလာပါကြောင်း၊ ထို့ကြောင့် မိမိတို့မှ ပြန်လည်စိစစ်ပါမည်၊ မြေယာအရ ဆုံးရှုံးမှုများကို မိမိတို့တွက်ချက်ပြီး စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ယခု ကျေးရွာတွင် နေထိုင်သည့် ကျေးရွာသူ/ရွာသား၏ ဆန္ဒသဘောထားများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
