(စ)-တိုင်းရင်းသားလူမျိုးများ၏ဘာသာစကား၊စာပေ၊ ယဉ်ကျေးမှုထိန်းသိမ်းရေးတိုးတက်ရေးအတွက်အစိုး ရကျောင်းများတွင်တိုင်းရင်းသားဘာသာစကားစာပေ သင်ကြားခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ၊နှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ (၁၀.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

nan than than lwinတိုင်းရင်းသားလူငယ်စုအတွင်းတွင် မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အနုပညာနှင့် သမိုင်း ဆိုင်ရာ အချက်အလက်များ သိရှိမှုနှင့် ချစ်ခင်မြတ်နိုးမှုများ အားနည်းလာသည်ကိုလည်း တွေ့ရှိရပါ ကြောင်း၊ မျိုးချစ်စိတ်နှင့် ဇာတိသွေး၊ ဇာတိမာန် တိုးပွားလာရေးအတွက် အစိုးရစာသင်ကျောင်းများတွင် မူလတန်းမှအစပြုပြီး သက်ဆိုင်ရာအထူးပြု ဘာသာရပ်တစ်ရပ်အားလည်း ပြဋ္ဌာန်းသင်ကြား နိုင်ရန်လည်းလိုလားကြပါကြောင်း၊ ကရင်ပြည်နယ်တွင်ရှိသည့် တိုင်းရင်းသားလူမျိုးစုများ၏ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းညှိနှိုင်းဆွေးနွေး အဖြေရှာတင်ပြမှုများကြောင့် ယခင်ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အမျိုးသားပညာရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို အမျိုးသားအဆင့်သာမက ဒေသအဆင့်၊ မြို့နယ်အဆင့် အသီးသီးတို့တွင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟူ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို အကြောင်းကြားခဲ့သည်ကို သိရှိရပါကြောင်း၊ ၎င်းစီမံကိန်းတွင် တိုင်းရင်းသားလူမျိုးစုများ၏ တိုင်းရင်းသားဘာသာစကား သင်ကြားရေးဆိုင်ရာ အကြံပြုချက်များအရ ၂၀၁၄-၁၅ ပညာသင်နှစ်တွင် အစိုးရကျောင်းများမှာ တိုင်းရင်းသား ဘာသာစာပေ သင်ကြားခွင့်ရရှိခဲ့ပြီး တိုင်းရင်းသားဘာသာသင် ဆရာ/မများကိုလည်း တစ်ဦးလျှင် တစ်လ ၃၀၀၀၀ ကျပ်နှုန်းနှင့် ထောက်ပံ့ကြေး ပေးသွားခဲ့သည်ကိုလည်း သိရှိခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် လာမည့်စာသင်နှစ်တွင်လည်း တိုင်းရင်းသားဘာသာစကား၊ စာပေ သင်ကြားနိုင်မှုကို မည်သို့သောအစီအစဉ်ဖြင့် ဆောင်ရွက်ထားခြင်းရှိ/မရှိနှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို တိုင်းရင်းသားလူမျိုးများ ကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myo thein kyiပညာရေးဝန်ကြီးဌာနသည် ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ တိုးတက်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားဘာသာ၊ စာပေ၊ သင်ကြားလိုသည့်ကျောင်းများတွင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ပညာသင်နှစ်တွင် မူလတန်းအဆင့် တိုင်းရင်းသား ဘာသာစာပေများကို ကျောင်းချိန်၌ ထိရောက်စွာသင်ကြားနိုင်ရန်အတွက် တိုင်းရင်းသားဘာသာ စာအုပ်ပေါင်း ၂၆ မျိုးကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊

၂၀၁၅-၁၆ ပညာသင်နှစ်၌ ကရင်ပြည်နယ်တွင် စကောကရင်၊ စကော(ပကေညော)၊ ကရင်၊ ပိုးကရင်၊ မွန်၊ ပအိုဝ်း၊ ကယန်းနှင့် ဂေဘားစသည့် တိုင်းရင်းသားဘာသာ စာပေများကို ဆရာ/မ ဦးရေ ၁၇၁၄ ဦးမှ G-1 ကျောင်းသားဦးရေ ၃၄၉၁၈ ဦး၊ G-2 ကျောင်းသားဦးရေ ၂၉၀၄၃ ဦး၊ G-3 ကျောင်းသား ဦးရေ ၁၆၇၉၃ ဦး စုစုပေါင်း ကျောင်းသား/သူ ၈၀၇၅၄ ဦးတို့ကို သင်ကြားသင်ယူမှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး သင်ကြားမှုအလိုက် ဆရာ/မများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊

ယခုပညာသင်နှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား ဘာသာသင် ဗဟိုကြီးကြပ်ရေး အဖွဲ့များနှင့် တိုင်းရင်းသားဘာသာ၊ စာပေနှင့်ယဉ်ကျေးမှု သင်ကြားရေး ကော်မတီတို့ ပူးပေါင်းပြီး မူလတန်းအဆင့် တိုင်းရင်းသားစာပေနှင့် ဘာသာစကား ဖွံ့ဖြိုးရေးအတွက် သင်ကြားလိုသည့် ဒေသများ၏ တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြားသင်ယူမှု ကိစ္စများနှင့် ပတ်သက်၍ အချင်းချင်းညှိနှိုင်း၍ စာအုပ်နမူနာများကို Soft Copy နှင့် Hard Copy ပြုစုပြီး အမျိုး သား ပညာရေးဥပဒေအရ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ဘာသာ၊ တိုင်းရင်းသားဘာသာ စာအုပ်များကို  မူလတန်းအဆင့်ပညာရေးတွင် ဆက်လက်သင်ကြားပို့ချသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။