(ဃ)-အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းအားစာသင်ကျောင်းများနှင့်အခြားပညာရေး အဖွဲ့အစည်းများတွင်အသိပညာပေးရေးနှင့်နိုင်ငံပိုင် မီဒီယာများမှထည့်သွင်းအသိပညာပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ (၁၀.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u htay win aungမြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံကြီးက အတည်ပြုကြေညာခဲ့သော  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို လေးစားလိုက်နာရန် ကတိပဋိဉာဏ်ပြုထားသည့်  နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ကြေညာစာတမ်းနှင့်ပတ်သက်ပြီး ပြည်သူ/သားများ သိရှိနိုင်ရန် ဖြန့်ဝေခြင်း၊ ဖတ်ကြားစေခြင်း၊ အဓိပ္ပာယ်ရှင်းလင်းအောင် ဖော်ပြထားစေခြင်းတို့ ပြုလုပ်ရန်  ညွှန်းဆိုထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့်လည်း လူ့အခွင့်အရေးကို အာမခံသည့် အစိုးရအဖွဲ့ဖြစ်ရမည်ဟု ညွှန်ကြားထားပြီးဖြစ်ရာ အခြေခံလွှတ်လပ်ခွင့်၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုများကို အခြေခံထားသည့် လူ့အခွင့်အရေးကြေညာစာတမ်းကို ထိန်းသိမ်းမြှင့်တင်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုပါကြောင်း၊ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း Universal Decoration of Human Right ကို စာသင်ကျောင်းများ၊ ပညာရေးဆိုင်ရာအဖွဲ့အစည်းများမှ အသိပညာပေးရေးနှင့် နိုင်ငံပိုင်မီဒီယာများမှ ထည့်သွင်း အသိပညာပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myo thein kyiပညာရေးဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်များရှိ ဥပဒေကျောင်းသား/သူများအတွက် ယခုညာသင်နှစ် တတိယနှစ်၌ Elective ဘာသာအဖြစ် Module Name ၊ Module  Number Law-3110 ၊ Module Name - Human Rights Law ကို သင်ကြားနေပြီး မဟာဥပဒေတန်း၏ Law-621B Public International Law II ဘာသာရပ်တွင်လည်း Human Rights Law ကို Law-621B ဘာသာရပ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းသင်ကြားလျက်ရှိပါကြောင်း၊ ၁-၁၂-၂၀၁၅ ရက်နေ့တွင် ပြုလုပ်သည့် ဥပဒေပညာသင်ကြားရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ Human Rights Law ဘာသာရပ်ကို တတိယနှစ် ကျောင်းသားကျောင်းသူများအတွက် ၂၀၁၆-၁၇ ပညာသင်နှစ်မှစ၍ ဘွဲ့ကြို Core Course အနေဖြင့် ထည့်သွင်းသင်ကြားသွား မည်ဖြစ်ပါကြောင်း၊

အခြေခံပညာကဏ္ဍတွင်လည်း ၂၀၀၄-၂၀၀၅ ပညာသင်နှစ်မှစ၍ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်တို့တွင် တွဲဖက်သင်ရိုးဝင် ဘာသာရပ်ဖြစ်သော စာရိတ္တနှင့်လောကနီတိ ဘာသာရပ်၏ လူ့အခွင့်အလမ်းဘာသာရပ်တွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာ၊ တန်ဖိုးထားမှုနှင့် စိတ်သဘောထားများ၊ နိုင်ငံသား တာဝန်ဝတ္တရားများ၊ ဥပဒေရေးရာအချက်အလက်များနှင့် ငြိမ်းချမ်းမှု ပညာရေးစသည့် အကြောင်းအရာများကို လောကနီတိစာသင်ချိန်မှ အချိန်ခွဲဝေ သင်ကြားပေးလျက်ရှိကြောင်း၊ ဆက်လက်၍ အခြေခံပညာကဏ္ဍ၌ပင် ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးခွင့်၊ အကာအကွယ်ရရှိခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသည့် ကလေးသူငယ်အခွင့်အရေးလေးမျိုးကို တတိယတန်း၏ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်တွင် လိုအပ်ချက်နှင့်ရပိုင်ခွင့် သင်ခန်းစာ၊ စတုတ္ထတန်း၌ အခွင့်အရေးနှင့်တာဝန် သင်ခန်းစာများကို ထည့်သွင်းသင်ကြားပေးလျက်ရှိပါကြောင်း၊ ယခုအခါတွင် သင်ရိုးညွှန်းတန်းနှင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပြန်လည်ပြင်ဆင်ပြုစုနေခြင်းကြောင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေဖြင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်  မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌအား ၈-၆-၂၀၁၆ ရက်နေ့တွင် အဆင့်မြင့်ပညာဦးစီးဌာန (ရုံးချုပ်) ၌ တွေ့ ဆုံဆွေးနွေးခဲ့ပါကြောင်း၊

 နိုင်ငံပိုင်မီဒီယာများမှ အခါအားလျော်စွာ ထည့်သွင်းအသိပညာပေးရန် ကိစ္စနှင့်ပတ်သက်၍ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်တွင် ထုတ်လွှင့်ပြသနိုင်ရန် Youth for Human Right International အဖွဲ့အစည်းအား e-mail ဖြင့်ဆက်သွယ်၍ ရရှိလာသည့် လူ့အခွင့်အရေး ကြေညာစာတမ်း ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား မြန်မာဘာသာသို့ ပြန်ဆိုပြီး Version နှစ်ခုအဖြစ် လည်းကောင်း၊ လူ့အခွင့်အရေး သရုပ်ဖော်တေး (အင်္ဂလိပ်ဘာသာ)အား လည်းကောင်း၊ လူ့အခွင့်အရေးအချက် ၃၀ အား မြန်မာဘာသာ ပြန်ဆိုပြီး တစ်ချက်ချင်းစီအား ၂၅-၁-၂၀၁၄ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ တစ်ကြိမ်၊ ၉-၁၂-၂၀၁၅ ရက်နေ့မှ ၂၁-၁၂-၂၀၁၅ ရက်နေ့အထိ နှစ်ကြိမ်တိုင်တိုင် ထုတ်လွှင့်ခဲ့ပါကြောင်း၊  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ပေးပို့သည့် လူ့အခွင့်အရေးဆိုင်ရာ TV Spot နှင့် ပညာသင်ယူမှုအခွင့်အရေးဆိုင်ရာ ဇာတ်လမ်းတိုအား ၂၀၁၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါလူ့အခွင့်အရေး ဆိုင်ရာတေးသီချင်း အစီအစဉ်များအား လူ့အခွင့်အရေးအထိန်းအမှတ် ကာလဖြစ်သည့် ဒီဇင်ဘာလအတွင်း သာမက သင့်လျော်သည့်ကာလများတွင်လည်း ထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း၊

ရေဒီယိုအစီအစဉ်မှ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပညာပေးဇာတ်လမ်းများကို ဇာတ်လမ်းပမာ နားဆင်စရာ၊ ရေဒီယိုမဂ္ဂဇင်း၊ လူငယ်ပန်းဥယျာဉ်နှင့် တေးသီချင်းများကိုလည်း အခါအားလျော်စွာ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအား အများပြည်သူသိရှိစေရန်အတွက် MRTV ၌ ထုတ်လွှင့်သော အစီအစဉ်အားလုံးကို အသံဖိုင်များရယူ၍ မြန်မာ့အသံ(ရေဒီယို)မှလည်း ထုတ်လွှင့်ခဲ့ပြီးဖြစ်သည့်အပြင် Radio Spot များအနေဖြင့် အဓမ္မစေခိုင်းမှုပပျောက်ရေး၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်ခြင်း၊ ကလေးစစ်သားစုဆောင်းမှု ပပျောက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ပုဒ်တို့ကို  ၁၈-၉-၂၀၁၂ ရက်နေ့မှစ၍ အပတ်စဉ်ထုတ်လွှင့်ခဲ့ပါကြောင်း၊ ထူးအိမ်ချစ်နှင့်အဖွဲ့သီဆို ထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး တေးသီချင်းဖြစ်သည့် ငယ်ကျွန်ငှက်တို့တမ်းချင်းကိုလည်း အခါအားလျော်စွာ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအနေဖြင့် ၁-၁-၂၀၁၆ ရက်နေ့မှ ယနေ့အထိ လူ့အခွင့်အရေးနှင့် ပတ်သက်၍ မြန်မာ့အလင်းသတင်းစာတွင် သတင်းတိုသုံးပုဒ်၊ ဓာတ်ပုံသုံးပုံ၊ ခေါင်းကြီးတစ်ပုဒ်၊ ဆောင်းပါးလေးခု၊ ကြေညာချက်နှစ်ခုတို့ကိုလည်းကောင်း၊ ကြေးမုံသတင်းစာတွင် သတင်းလေးပုဒ်၊ ဓာတ်ပုံသုံးပုံ၊ ခေါင်းကြီးတစ်ပုဒ်၊ ကြေညာချက်နှစ်ခုတို့ကို ထည့်သွင်းဖော်ပြခဲ့ပါကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ သတင်း၊ ဓာတ်ပုံများ၊ ဆောင်းပါးများ၊ အင်တာဗျူးဆောင်းပါးများကို ပေးပို့လာပါက ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစားပေးဖော်ပြသွားမည်ဖြစ်ပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် လူ့အခွင့်အရေးနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ပူးပေါင်း၍ ဆက်လက်တိုးချဲ့စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။