မေးခွန်း အကြောင်းအရာ
ဧရာဝတီတိုင်း ဓနုဖြူမြို့၏ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းဒေသများသည် ဆန်စပါး၊ ပဲ၊ ပြောင်းနှင့် ငါးပိ၊ ငါးခြောက်အများကြီးထွက်သဖြင့် နာမည်ကြီးသည့် ဒေသဖြစ်ပါကြောင်း၊ ၎င်း ဒေသရှိ ထွက်ကုန်များကို မြို့မဟုတ်၊ တောမဟုတ် စံကင်းကျေးရွာကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့တင်ပို့ရပါကြောင်း၊ တိုက်ကြီးမြို့နယ် တော်လတီမြို့သို့ လမ်းဖောက်ထားပြီးလည်းဖြစ်ပါကြောင်း၊ ယခုလက်ရှိလမ်းမှာ ဂဝံလမ်းတစ်ဝက် ကွန်ကရစ်လမ်းတစ်ဝက်ဖြစ်ပါကြောင်း၊ ရန်ကုန်-ပြည်ကားလမ်းကြီးများတွင်ရှိသည့် တိုက်ကြီးမြို့သည်လည်း ကြာအင်းရွာအထိ ကွန်ကရစ်လမ်းနှင့် ဂဝံလမ်းများ ဖောက်ပြီးထားပြီးဖြစ်ပါကြောင်း၊ ၎င်း ဒေသမှထွက်ကုန်များကို တင်ပို့ရန်အတွက် လှိုင်မြစ်ကူးတံတားကို တည်ဆောက်ပေးမည်ဆိုပါက မိမိတို့ မြန်မာပြည်အနှံ့မှ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံများအထိ ကုန်စည်ကူးသန်းသွား၍ရပါကြောင်း၊ သို့သော်လည်း ၎င်းလမ်းအပိုင်းကို ဆက်သွယ်ပြီး လှိုင်မြစ်ကူးတံတား သံပေါင်ဘေလီတံတားကို တည်ဆောက်ပေးမည်ဆိုပါကလည်း ဧရာဝတီမြစ်နှင့် လှိုင်မြစ်ကြားထဲတွင်ရှိသည့် ဒေသများမှာ အများကြီးဖွံ့ဖြိုး တိုးတက်သွားမည် ဖြစ်သည့်အတွက် လှိုင်မြစ်ကူးတံတား သံပေါင်ဘေလီတံတားကို တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တိုက်ကြီးမြို့နယ် ရွာသာမြစ်ကူ တံတားသစ်ကြီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ခဲ့သည့် တံတားဖြစ်ပြီး ရွာသာ-မြစ်ကူးသံပေါင် ဘေလီမူလတံတားဟောင်းသည်လည်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသောကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသော တံတားတစ်စင်း ဖြစ်ပါကြောင်း၊
တံတားအသစ်ဖြစ်သည့်အတွက် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနသည် ကျေးလက်လမ်းတွင် ရှိနေသော်လည်း လှိုင်မြစ်ကိုကူးရသည့် တံတားဖြစ်သည့်အတွက် ကျေးလက်စီးပွားရေး၊ ဖွံ့ဖြိုးရေး၏ ဘောင်အတွင်းတွင် ရှိသည့် ငွေအင်အားကြီးကြီးမားမားသုံးရမည့် လုပ်ငန်းဖြစ်သည့်အတွက် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ အင်အားနှင့်မမျှသည့် မြစ်ကူးတံတားကြီးဖြစ်သည့်အတွက်၊ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း၊ တော်လတီ-ကြာအင်း လှိုင်မြစ်ကူးသံပေါင် ဘေလီတံတား အဖြစ် ရွှေ့ပြောင်းတည်ဆောက်ရန်မှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေး ဌာန၏ သုံးနိုင်သည့် ဘတ်ဂျက်ထက် အလွန်ကြီးမားနေသည့် ချောင်းကူးမြောင်းကူး တံတားမဟုတ်ဘဲနှင့် လှိုင်မြစ်ကူးတံတား ဖြစ်နေသည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက အဆင်ပြေနိုင်မည်ဟု ယူဆမိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
