(က)-ကြာအင်းဆိပ်ကြီး မြို့နယ်၊ဘုရားသုံးဆူမြို့ရှိ နယ်ခြားဂိတ်ပိတ်ထားခြင်းအား ဖွင့်လှစ်ရန်အစီအ စဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၄၂) ရက်မြောက်နေ့ (၉.၆.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

saw tin winကရင်ပြည်နယ်ရှိ ဘုရားသုံးဆူ မြို့နယ်၊ မြို့၏နယ်ခြားဂိတ်ကို ၁၉၉၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ထိုသို့ ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ကောင်းမွန်ပြီး ဘုရားသုံးဆူမြို့၊ မြို့သူမြို့ သားများ၏ စီးပွားရေးအဆင်ပြေခဲ့ပါကြောင်း၊ သို့သော် ၂၀၀၇ ခုနှစ်မှစ၍ နယ်ခြားဂိတ်အား ပြန်လည် ပိတ်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်အထိ ၁၀ နှစ်ကြာပိတ်ထားမှုကြောင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ရပ်တန့် သွားခဲ့သည့်အတွက် မြို့သူမြို့သားများအနေဖြင့် အလုပ်အကိုင်မဲ့ခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ နယ်စပ် ဂိတ် ကြာမြင့်စွာပိတ်ခဲ့မှုကြောင့် တရားမဝင်မှောင်ခိုလမ်းကြောင်းများ ပေါ်ပေါက်လာပြီး လာဘ်ပေး လာဘ် ယူမှုများ ပေါ်ပေါက်လာခြင်း၊ ကုန်သွယ်အခွန်အကောက်များ  ရရှိမှု မရှိတော့ခြင်း၊ တရားဝင် အလုပ် အကိုင်များ ရပ်ဆိုင်းသွားရသဖြင့် စီးပွားရေးကြပ်တည်းမှုများကြောင့် မူးယစ်ဆေးဝါးလုပ်ကိုင်မှုများ များပြား လာခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ နယ်ခြား ဂိတ်ပိတ်ထားခြင်းအား ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိနှင့် ဖွင့်လှစ်ရန် အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် ဖွင့်လှစ်မည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မဖွင့်လှစ်နိုင်သေးသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်
အဖြေ
ဖြေကြားချက် 

dr than myintနိုင်ငံတော်အနေဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို မြန်မာ-တရုတ်နယ်စပ်မှ စတင် အကောင်အထည်ဖော်နိုင်ရန် နှစ်နိုင်ငံအစိုးရတို့သည် ၁၉၈၄ ခုနှစ်မှစတင်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ ထို့နောက် ၁၉၈၈ ခုနှစ် အောက်တိုဘာလ မှစ၍ မြန်မာ-တရုတ်နယ်စပ်(လားရှိုး၊ မူဆယ်၊ နမ့်ခန်း၊ ကြူကုတ်မြို့) များတွင် နယ်စပ်ကုန်သွယ်ရေးရုံးများ ဖွင့်လှစ်၍ ဆောင်ရွက်ခဲ့ပြီး အစိုးရအဖွဲ့၏ ၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၁/၉၁)အရ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် အကောက်ခွန်ဌာနများ ဖွင့်လှစ်ထားရှိရာ နယ်စပ်မြို့မှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေး အရောင်းအဝယ် လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ယခင် ကုန်သွယ်ရေးဝန်ကြီး ဌာနမှ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တို့တွင် အမိန့်ကြော်ငြာစာအသီးသီးထုတ်ပြန်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့များတွင်လည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်၌ မြဝတီ၊ ကော့ကရိတ်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ကျိုင်းတုံနှင့် လားရှိုးဒေသများတွင် လည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ဒေသ၌ ကလေး၊ ကလေးဝနှင့် တမူး၊ တီးတိန်မြို့များတွင် လည်းကောင်း သွင်းကုန်ထုတ်ကုန်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါကြောင်း၊  ၁၉၉၆ ခုနှစ်၊ သြဂုတ်လမှစတင်ကာ ယခင် ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို ဖွဲ့စည်း၍ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ခဲ့ရာ လက်ရှိဖွဲ့စည်းပုံအရ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာနလက်အောက်တွင် ကုန်သွယ်ရေးစခန်း ၁၆ ခုနှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းခွဲလေးခု စုစုပေါင်း အခု ၂၀ ကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ မြိတ်၊ ထီးခီး၊ မောတောင်စခန်းများ ဖွင့်လှစ်ထားရှိပြီး မြဝတီဒေသတွင် ၁-၉-၂၀၀၈ ရက်နေ့မှစ၍ ကုန်သွယ်ရေးဇုန်အဆင့် တိုးမြှင့်ဖွင့်လှစ်ထားပြီးဖြစ်သည့်အပြင် မယ်စဲ့ ကုန်သွယ်ရေးစခန်းအား လိုအပ်သည့် အ‌ခြေခံအဆောက်အဦများ တည်ဆောက်ပြီးစီးပြီးဖြစ်၍ မယ်စဲ့-ဟွေ့တနွန် ကုန်သွယ်ရေးစခန်းကို နှစ်နိုင်ငံ တရားဝင်ဖွင့်လှစ် နိုင်ရေးကို ဆက်လက်ညှိနှိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု စတင်ချိန်က ဘုရားသုံးဆူဒေသ၌ နှစ်နိုင်ငံကုန်သွယ်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး လျာထားခဲ့ ပါကြောင်း၊ မိမိတို့အနေဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်လှစ်ရာတွင် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ရှိခြင်း၊ ဒေသတွင်းလုံခြုံမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်မှု ချောမွေ့ကောင်းမွန်ခြင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်း အစီအစဉ်နှင့် ဘဏ်လုပ်ငန်းအစီအစဉ်များ ညှိနှိုင်းသဘောတူညီမှုနှင့် ယင်းအခြေခံ အဆောက် အဦများ ထူထောင်ပေးနိုင်မှုရှိခြင်း၊ ဒေသတွင်းစားသုံးမှု ဖူလုံသည့်အပြင် ပိုလျှံမှုရှိပြီး ပြည်ပဈေးကွက် များသို့ ရောင်းချနိုင်သည့် ကုန်စည်များရှိခြင်းနှင့် ဈေးကွက်ဖွံ့ဖြိုးမှုရှိခြင်း၊ အခြား ပြည်နယ်/ တိုင်း ဒေသကြီးများနှင့် ချိတ်ဆက်၍ တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံကုန်သွယ်ရောင်းချနိုင်ခြင်း၊ နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်မည့် နယ်စပ်ဒေသတွင် နှစ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေးကိစ္စ ရှင်းလင်း ပြီးဖြစ်ခြင်း စသည့် အခြေခံမူ(၇)ချက်ဖြင့် စိစစ်ဆောင်ရွက်ဖွင့်လှစ်ခဲ့ပါကြောင်း၊

 ဘုရားသုံးဆူမြို့တွင် နယ်စပ်ဂိတ်ဖွင်‌့လှစ်ရေးအတွက် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆောင်၍ မြေပြင်ကွင်းဆင်းစစ်ဆေးမှု ရှိခဲ့ပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြန်ကြားစာအရ ဘုရားသုံးဆူနယ်နိမိတ်ဒေသကို အင်္ဂလိပ်နှင့် ထိုင်းတို့က ၁၈၆၈ ခုနှစ် နယ်နိမိတ်စာချုပ်အရ တိုင်းတာသတ်မှတ်ခဲ့ပြီး ၁၈၉၇ ခုနှစ်တွင် နှစ်နိုင်ငံ အနည်းငယ်ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း၊ သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များ ကာလ၌ ဘုရားသုံးဆူဒေသကို မြန်မာနိုင်ငံ အစိုးရဘက်မှ နယ်မြေစိုးမိုးမှုပြန်လည်ရယူချိန်တွင် ထိုင်းဘက်မှ မြန်မာနိုင်ငံနယ်မြေများတွင် အဆောက် အဦများ ဆောက်လုပ်ထားသည့်အပြင် အဝေးပြေးကားလမ်းများကို မြန်မာပိုင်နယ်မြေအတွင်း ဖောက် လုပ်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ ထိုင်းအနေဖြင့် မြန်မာပိုင်နယ်မြေများကိုအနုနည်းဖြင့် ရယူရန် ရည်ရွယ်ချက်ဖြင့် ဒေသဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေးတိုးမြှင်‌့ရေး စသည့် အကြောင်းပြချက်များအသုံးပြုကာ ဘုရားသုံးဆူဒေသတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ရေး၊ နယ်ခြားဂိတ်အဆင့်မြင့်ရေးကို ၁၉၉၉ ခုနှစ်တွင် ကျင်းပခဲ့သည့် (၄)ကြိမ်မြောက် မြန်မာ-ထိုင်းပူးတွဲနယ်နိမိတ်ကော်မတီနှင့် ၂၀၀၂ ခုနှစ် (၅) ကြိမ်မြောက် နယ်နိမိတ်ကော်မတီတို့တွင် ထိုင်းဘက်ကတင်ပြလာခဲ့သော်လည်း မြန်မာဘက်က လက်ခံ ခြင်းမရှိကြောင်း၊ နိုင်ငံတကာဥပဒေအရ အတိအကျ တိုင်းတာသတ်မှတ်မှုမပြုလုပ်ရသေးသည့် နယ်မြေအငြင်းပွားသည့်နယ်နိမိတ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးစခန်းဖွင့်လှစ်ပါက လက်ရှိ နယ်နိမိတ်ကို အသိအမှတ်ပြုရာ ရောက်နေသဖြင့် မိမိပိုင်နယ်မြေများ ဆုံးရှုံးနိုင်ကြောင်းနှင့် ယခု ဘုရားသုံးဆူ အခြေအနေမှာ အတိမ်း အစောင်းမခံပဲ မိမိတို့ဘက်မှ နယ်မြေဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သဖြင့် ဘုရားသုံးဆူ ဒေသ အငြင်းပွား နယ်နိမိတ်ကို ရှင်းလင်းစွာဖြေရှင်းနိုင်မှ တိုင်းတာသတ်မှတ်ဆောင်ရွက်ရန် သင့်လျော် မည်ဖြစ်ကြောင်းကို ပြန်ကြားခဲ့ပါကြောင်း၊ ထို့ကြောင့် နယ်နိမိတ်တိုင်းတာရန် အခြေအနေ ပြေလည်မှ သာလျှင် နယ်ခြားကုန်သွယ်ဂိတ် ဖွင့်လှစ်လို့ရမည်ဖြစ်ပါကြောင်း၊

 ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် အစည်းအဝေး၌ ဘုရားသုံးဆူ အပါ အဝင် မြန်မာ-ထိုင်းနယ်နိမိတ်တစ်လျှောက်ရှိ တိုင်းတာရန် ကျန်ရှိနေသည့် အစိတ်အပိုင်းအားလုံးကို ပူးတွဲ တိုင်းတာသတ်မှတ်ရန် ညှိနှိုင်းဆောင်ရွက်သွားရန်ရှိသဖြင့် ဘုရားသုံးဆူနယ်နိမိတ်အား ပြီးပြတ် အောင် ဆောင်ရွက်ပြီးမှ နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော်ရေးကိစ္စများ ဆောင်ရွက်သင့်ကြောင်း သက်ဆိုင်ရာဌာနများမှ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ပါကြောင်း၊

ထိုင်းနိုင်ငံဘက်မှ ယခု ၂၀၁၆ ခုနှစ်မှာကျင်းပမည့် သတ္တမအကြိမ်မြောက် မြန်မာ-ထိုင်းကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးရန် အဆိုပြုလာပြီး ၎င်းတို့၏မှတ်တမ်းတွင် Both sides agreed to facilitate movement of goods at Three Pagodas and Payathongzu border checkpoint ဆိုလိုချက်အရ လာမည့် ထိုင်း-မြန်မာကုန်သွယ်ရေးပူးတွဲအစည်းအဝေးတွင် ၎င်းတို့ဘက်က ဘုရားသုံးဆူနှင့် checkpoint တွင် နှစ်နိုင်ငံသဘောတူညီမှုဖြင့် ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်ရန် အဆိုပြုထားပါကြောင်၊  မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်ရေးကဏ္ဍ ရှုထောင့်တစ်ခုတည်းသာမက သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှသာလျှင် နယ်ခြား ဂိတ်ဖွင့်လှစ်၍ စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်မည့် အနေအထားရှိပါကြောင်း၊

 စီးပွားရေးနှင်‌့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဘုရားသုံးဆူဒေသတွင် ကုန်သွယ်ရေး စခန်းဖွင့်လှစ်ရန်အတွက် ယခုအချိန်တွင် တစ်ဖက်နိုင်ငံနှင့် န‌ှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်း သတ်မှတ်ဆောင်ရွက်ဖြေရှင်းပြီးမှသာ စခန်းဖွင်‌့လှစ်နိုင်ရေးကို ဆက်လက်စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။